သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ကချင်ဒုက္ခသည်တွေ ဘေးလွတ်ရာရွှေ့ပြောင်းရေး အစိုးရစီစဉ်နေ


ပိတ်မိနေတဲ့ တနိုင်းစစ်ပြေးဒုက္ခသည်များ(သတင်းဓာတ်ပုံ-Hkun Awng Nlam)
ပိတ်မိနေတဲ့ တနိုင်းစစ်ပြေးဒုက္ခသည်များ(သတင်းဓာတ်ပုံ-Hkun Awng Nlam)

ကချင်ပြည်နယ်တွင်း တိုက်ပွဲတွေကြား ပိတ်မိနေတဲ့ ထောင်နဲ့ချီတဲ့ ပြည်သူတွေကို ဘေးလွတ်ရာ ရွှေ့ပြောင်းပေးရေး အတွက် အစိုးရဘက်က စိစစ်ဆောင်ရွက်နေကြောင်း ပြောဆိုလိုက်ပါတယ်။ လုံခြုံရေး စိုးရိမ်ချက်ကြောင့် နေရပ်ကနေ တိမ်းရှောင်လို သူတွေထဲမှာ အမျိုးသားတွေကိုတော့ ဒေသကနေ ထွက်ခွာခွင့် မပြုသေးဘူးလို့လည်း အစိုးရက ပြောဆိုပါတယ်။တိုက်ပွဲတွင်း ပိတ်မိသူတွေ အားလုံးကို ဘေးကင်းရာ ရွှေ့ပြောင်းပေးရေး ကချင်လူထုကြားမှာတော့ တောင်းဆိုဆန္ဒပြမှုတွေနဲ့ လှုပ်ရှား တောင်းဆိုနေကြပါတယ်။ အခြေအနေ အသေးစိတ်ကို မသိင်္ဂ ီထိုက် ပြောပြပေးမှာပါ။

ကချင်ပြည်နယ် လိုင်ဇာ၊ ဖားကန့်၊ တနိုင်း၊ နမ္မတီး၊ ကာမိုင်း၊ မိုးကောင်းနဲ့ အင်ဂျန်းယန်တို့မှာ တပ်မတော်နဲ့ ကချင်လက်နက်ကိုင်တပ် KIA တို့ကြား ပြီးခဲ့တဲ့လက စတဲ့ တိုက်ပွဲတွေ အတွင်း ပိတ်မိနေတဲ့ ထောင်နဲ့ချီတဲ့ ဒေသခံတွေကို ဘေးလွတ်ရာ ရွှေ့ပြောင်းရေး အတွက် အစိုးရဘက်က စိစစ်ဆောင်ရွက်နေတဲ့ အခြေအနေကို နိုင်ငံတော် အတိုင်ပင်ခံရုံးရဲ့ ညွှန်ကြားရေးမှူးချုပ် ဦးဇော်ဌေးက ပြောပါတယ်။

"ကျနော်တို့ ဒီနေ့ နောက်ဆုံးသိရတာက တပ်မတော်ကလည်း အသံချဲ့စက်တွေနဲ့အော်ပြီး သူတို့တွေကို ကားတွေနဲ့ ထိုးပေးတယ်ဆိုပြီးတော့ အချက်တွေကိုလည်း ကျနော်တို့ သိရတယ်ပေါ့နော်။ အမြန်ဆုံး မြေပြင်မှာ အဖွဲ့တွေခွဲပြီးတော့ ပြည်နယ်အစိုးရ ဝန်ကြီးချုပ်ကလည်း ပြည်နယ်အစိုးရအဖွဲ့ရုံးမှာ ဆန္ဒပြတဲ့ကိုယ်စားလှယ်တွေ နောက် ကချင်ဘာသာရေးခေါင်းဆောင်တွေ ကိုလည်း တွေ့တယ် ဒီမနက်ဆိုလည်း ကျနော်တို့ မြစ်ဆုံဘက်က နှစ်နေရာ ဝန်ကြီးချုပ်ကိုယ်တိုင်သွားကြည့်ပြီးတော့ ကျနော်တို့ဆီကို သတင်းပို့လာတာတွေ ရှိတယ်ပေါ့နော်။ အဲ့ဒီ့မှာ ရှိနေတဲ့အခြေအနေတွေပေါ့နော်။ ကျနော်တို့ရဲ့ ဦးစားပေးကတော့ နံပတ်တစ်ကတော့-အကြောင်းအမျိုးမျိုးကြောင့် နေရပ်စွန့်ခွာ တိမ်းရှောင်နေရတဲ့သူတွေ ဘယ်နေရာမှာ ဘယ်လောက် ရှိနေတယ် ဆိုတာကို သတင်းအချက်အလက်တွေ ယူပြီးတော့ အဲ့အပေါ်မှာ အုပ်စုတွေ ခွဲခြားပြီးတော့ စိစစ်လုပ်နေတယ်။ နံပတ်နှစ်ကတော့ အဲ့ဒီ့ထဲမှာ အရေးပေါ် စားနပ်ရိက္ခာ ဆေးဝါး စတဲ့ အခြေခံ လိုအပ်ချက်တွေ ကို တပါတည်း လူတွေကို စိစစ်တဲ့အချိန်မှာ တပါတည်းထုတ်ပေးမယ်။ နံပတ်သုံးအချက်ကတော့ အခိုက်အတန့်ပေါ့နော် လောလောဆယ် လတ်တလောကာလမှာ အဲ့ဒီ့မလုံခြုံဘူးဆိုတဲ့နေရာတွေ စိုးရိမ်ထိတ်လန့်နေတဲ့နေရာတွေ ရှိတယ်ဆိုရင် ကျနော်တို့ အနီးဆုံးနေရာကို ရွှေ့ပေးမယ်။ ပြီးရင်တော့ အခြေအနေတည်ငြိမ်သွားရင်တော့ သူတို့ရဲ့မူလနေရာကိုပြန်မယ် အဲ့လိုတွေတော့ ကျနော်တို့ လုပ်နေပါတယ်။"

လုံခြုံရေး စိုးရိမ်ချက်ကြောင့် ပြောင်းရွှေ့လိုနေတဲ့ ပြည်နယ်တွင်း ဒေသ ၉ ခုမှာ လူဦးရေ အရေအတွက်၊ စားနပ်ရိက္ခာ လုံလောက်မှု ရှိမရှိတို့ကိုပါ အစိုးရက စီစဉ်နေတယ်လို့ ပြောဆိုပါတယ်။ ကချင်ပြည်နယ်တွင်းက ပိတ်မိနေတယ်ဆိုတဲ့ ဒေသ ၂ ခုကို ဒီကနေ့မှာဘဲ ကချင်ဝန်ကြီးချုပ် သွားရောက်ခဲ့ပါတယ်။

လုံခြုံရေး စိုးရိမ်ချက်နဲ့ ရွှေ့ပြောင်းလိုသူတွေမှာ အမျိုးသားတွေကိုတော့ အသေအချာ စိစစ်မှာဖြစ်တယ်လို့ ပြောခွင့်ရ ဦးဇော်ဌေးက ပြောပါတယ်။

" နေရာပေါင်းကိုးနေရာပေါ့ အားလုံး ခြုံပြီးပြောရရင်တော့ နေရာပေါင်း ကိုးနေရာမှာ ရှိနေတဲ့သူတွေ အကုန်လုံးကို ကျနော်တို့သွားပြီးတော့ ပြည်နယ်အစိုးရရယ် လူမှုဝန်ထမ်း ကယ်ဆယ်ရေးဝန်ကြီးဌာနရယ် နောက် တပ်မတော်ရယ် ပေါင်းပြီးတော့ စိစစ်မှုတွေ လုပ်မယ်။ အဓိက ဦးစားပေး ကတော့ ကလေးသူငယ်တွေ သက်ကြီးရွယ်အိုတွေ အမျိုးသမီးတွေ အားနည်းတဲ့အုပ်စုတွေ သူတို့တွေကို ဦးစားပေးပြီးတော့ လုပ်မယ်။ နောက်ကျန်တဲ့အမျိုးသားတွေ ဘာတွေဆိုရင်တော့ စိစစ်မှုတွေ လုပ်ရမှာဖြစ်တယ်။"

လုံခြုံရေး စိုးရိမ်နေကြတဲ့ ဒေသခံတွေကတော့ သူတို့ နေရပ် အနီးမှာ အစိုးရဘက်က တပ်တွေ ချထားတာတွေကို ပြန်ပြီး ရုပ်သိမ်းပေးဖို့ ဒါမှမဟုတ်လည်း သူတို့ကို နေရပ် ရွှေ့ပေးဖို့ တောင်းဆိုကြတာပါ။ ကလေးတွေ၊ အမျိုးသမီးတွေ၊ သက်ကြီးရွယ်အိုတွေကို ဦးစားပေး ပြောင်းရွှေ့ပေးမှာ ဖြစ်ပြီး အနီးအနား ဒေသတွေကိုဘဲ ပြောင်းပေးမှာ ဖြစ်တယ်လို့လည်း ဦးဇော်ဌေးက ပြောပါတယ်။

" အဲ့က အနီးဆုံးနေရာတွေကိုပဲ ရွှေ့မှာ ကျနော်တို့က အဲ့ကလူတွေကို မြစ်ကြီးနားအထိခေါ်ဖို့မလိုဘူး မြစ်ကြီးနားအထိခေါ်မယ်ဆိုလည်း မြစ်ကြီးနားမှာက ကမ့်တွေများနေပြီ။ ပြီးရင် အခြေအနေ အေးချမ်းသွားမယ်ဆိုရင် သူတို့နေတဲ့နေရာတွေကို သူတို့ပြန်သွားရမှာပဲ အဲ့ဒီ့တော့ မြစ်ကြီးနားတို့ ဝိုင်းမော်တို့အထိ အဲ့တဝိုက်အထိတော့ ခေါ်ဖို့မလိုဘူး။ အနီးစပ်ဆုံးနေရာအထိခေါ်မယ်။ အဲ့တာကိုတော့ ပြည်နယ်အစိုးရက စီစဉ်နေပါတယ်။ တပ်မတော်နဲ့ ညှိနှိုင်းပြီးတော့ အနီးစပ်ဆုံးနေရာ တနိုင်းမှာ ရွှေ့ပြောင်းထားပြီး လုပ်ခဲ့တဲ့ပုံစံတွေရှိပါတယ်။ အဲ့ပုံစံအတိုင်း ခေတ္တယာယီတော့ ပြည်နယ်အစိုးရအစီအစဉ်နဲ့လုပ်သွားမှာဖြစ်ပါတယ်။ "

တပ်မတော် စစ်ကြောင်းတွေ ဖြန့်ကျက်ချထားပြီး အချိန်မရွေး တိုက်ပွဲ ဖြစ်နိုင်တဲ့ ဒေသတွေကနေ လူတွေကို ဘေးလွတ်ရာ ရွှေ့ပြောင်းပေးရေး အတွက် ကချင်လူမှု အဖွဲ့အစည်းတွေ၊ ဘာသာရေး ခေါင်းဆောင်တွေက သမ္မတ ဦးဝင်းမြင့်၊ နိုင်ငံတော် အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်တို့ထံ စာရေးသား ပေးပို့ တောင်းဆိုထားသလို၊ ဆန္ဒပြပွဲတွေလည်း ရှိနေတာပါ။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG