သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

တူရကီ-ကန် တင်းမာမှုကြား ဆီးရီးယား အရေး ပူးပေါင်းဆောင်ရွက်မည်


အမေရိကန်ပြည်ထောင်စုနဲ့ တူရကီနိုင်ငံအကြား ဆက်ဆံရေး မပြေလည်မှုတွေ ရှိနေပေမယ့်လည်း ဆီရီးယားနိုင်ငံအတွင်းမှာတော့ နှစ်ဘက် ပူးပေါင်းဆောင်ရွက်မှုတွေ ထဲထဲဝင်ဝင် ရှိနေပါတယ်။ နေတိုးအဖွဲ့ဝင်တွေ ဖြစ်ကြတဲ့ ဒီ ၂ နိုင်ငံ ပူးပေါင်းပြီး ဆီးရီးယားနိုင်ငံမြောက်ပိုင်း Manbij ဒေသမှာ ပူးတွဲ ကင်းလှည့်မှုတွေ မကြာခင်မှာ ပြုလုပ်ကြတော့မှာဖြစ်ကြောင်း တူရကီစစ်တပ်က ပြောပါတယ်။

သတ်မှတ်ထားတဲ့ရက်ထက် အနည်းငယ် နောက်ကျနေတာကလွဲလို့ လုပ်ငန်းစဉ်တွေကို အခက်အခဲမရှိ ဆောင်ရွက်နိုင်ကြတော့မှာ ဖြစ်ကြောင်း၊ အခုချိန်မှာ နှစ်ဘက် ပူးတွဲ ကင်းလှည့်တဲ့အဆင့်ကို ရောက်လာနေပြီဖြစ်ကောင်း တူရကီနိုင်ငံခြားရေးဝန်ကြီး Mevlut Cavusoglu က တနင်္ဂနွေနေ့မှာ သတင်းထောက်တွေကို ပြောပါတယ်။

Manbij မြို့ကို IS အစ္စလာမ်မစ် စစ်သွေးကြွတွေလက်ထဲက ဆီးရီးယားအတိုက်အခံ ဒီမိုကရက်တစ် တပ်ဖွဲ့ SDF တို့က သိမ်းပိုက် လိုက်ပြီးကတည်းက ဒီဒေသဟာ အမေရိကန်နဲ့ တူရကီ ဆက်ဆံရေးအတွက် ခလုတ်ကသင်းသဖွယ် ဖြစ်လာခဲ့တာပါ။ YPG လို့လည်း ခေါ်တဲ့ ဒီ SDF အဖွဲ့ဝင် အများစုဟာ တူရကီအစိုးရက အကြမ်းဖက်အဖွဲ့အဖြစ် သတ်မှတ်ထားတဲ့ PKK အဖွဲ့နဲ့ ဆက်နွယ်နေတဲ့ ဆီးရီးယား ကဒ်လူမျိုးစုတွေ ဖြစ်ပါတယ်။ အမေရိကန်နဲ့ အီးယူတို့ကလည်း PKK အဖွဲ့ကို အကြမ်းဖက် အဖွဲ့အစည်းအဖြစ် သတ်မှတ်ထားတာပါ။

ဆီးရီးယားနိုင်ငံအတွင်းက IS အကြမ်းဖက်အဖွဲ့ကို တိုက်ခိုက်တဲ့နေရာမှာ YPG အဖွဲ့ကို အမေရိကန်က ကျောထောက် နောက်ခံပေးနေတဲ့ ကိစ္စဟာ နှစ်နိုင်ငံအကြား တင်းမာမှုတွေ ဖြစ်ပေါ်စေတဲ့ အဓိက အကြောင်းအရာ ဖြစ်ပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG