မြန်မာနိုင်ငံက လူ့အခွင့်အရေး ချိုးဖောက်မှုတွေအတွက် ဝေဖန်ခံနေရပေမဲ့ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ကို ချီးမြှင့်ထားတဲ့ နိုဘဲလ်ငြိမ်းချမ်းရေးဆုကိုတော့ ပြန်လည်ရုပ်သိမ်းမှာ မဟုတ်ကြောင်း နိုဘဲလ်ကော်မတီက ပြောလိုက်ပါတယ်။
ကုလသမဂ္ဂ စုံစမ်းရေးအဖွဲ့ရဲ့ တနင်္လာနေ့က ထုတ်ပြန်ခဲ့တဲ့ အစီရင်ခံစာမှာတော့ ရခိုင်ပြည်နယ်မှာ ပြီးခဲ့တဲ့နှစ်ထဲ ဖြစ်ခဲ့တဲ့ ပဋိပက္ခတွေအတွင်း လုံခြုံရေးတပ်ဖွဲ့တွေဟာ ရိုဟင်ဂျာ မူဆလင်တွေအပေါ် လူမျိုးတုန်းလောက်အောင် လူ့အခွင့်အရေး ချိုးဖောက်မှုတွေ ကျုးလွန်ခဲ့ကြောင်းနဲ့ ဒေါ်အောင်ဆန်းစုကြည် ဟာလည်း အစိုးရခေါင်းဆောင်တဦးအဖြစ် ဟန့်တားဖို့ ပျက်ကွက်ခဲ့ကြောင်းလည်း ပြောဆိုထားတာပါ။ နော်ဝေနိုဘယ်လ်ဌာန ညွန်ကြားရေးမှူး Olav Njolstad ကတော့ နိုဘဲလ်ဆုရှင် တဦးကို ချီးမြှင့်ထားတဲ့ဆု ပြန်လည်ရုပ်သိမ်းဖို့ ပြဌာန်းထားတာမျိုး မရှိကြောင်း အမေရိကန်ရုပ်သံ CNN သတင်းဌာနကို ပြောဆိုခဲ့ပါတယ်။
တချိန်တည်းမှာပဲ သက်ဆိုင်သူတွေ အားလုံးအနေနဲ့ ရိုဟင်ဂျာတွေ ခံစားနေရတဲ့ ဒုက္ခတွေ သက်သာရာရအောင် ကြိုးပမ်းဖို့နဲ့ ဖိနှိပ်မှုတွေ အဆုံးသတ်ဖို့လည်း တိုက်တွန်းခဲ့တာပါ။ ဒေါ်အောင်ဆန်းစုကြည် ကိုတော့ နေအိမ်အကျယ်ချုပ် ကျခံနေရတဲ့ အတိုက်အခံ ခေါင်းဆောင်ဘဝမှာပဲ ဒီမိုကရေစီရေး၊ တိုင်းရင်းသားအရေးနဲ့ သင့်မြတ်ရေး ကြိုးပမ်းမှုတွေအတွက် ၁၉၉၁ ခုနှစ် နိုဘဲလ်ငြိမ်းချမ်းရေးဆုရှင်အဖြစ် ရွေးချယ်ခဲ့တာ ဖြစ်ပါတယ်။ ဒါပေမဲ့လည်း ရခိုင်ပြည်နယ်က လူ့အခွင့်အရေး ချိုးဖောက်မှုတွေအတွက် ဖိအားပေးတဲ့ အနေနဲ့ နိုင်ငံတကာက ဒေါ်ဆောင်ဆန်းစုကြည်ကို ပေးအပ်ထားတဲ့ ဂုဏ်ပြုဆုတွေကို ရုပ်သိမ်းဖို့ တိုက်တွန်းမှုတွေလည်း ထွက်ပေါ်နေတာပါ။
ရခိုင်ပြည်နယ် မြောက်ပိုင်းမှာ ပြီးခဲ့တဲ့နှစ် သြဂုတ်လထဲ လုံခြုံရေးကင်းစခန်းတွေကို စီးနင်းတိုက်ခိုက်ခဲ့တဲ့ ARSA အစွန်းရောက်အုပ်စုကို မြန်မာလုံခြုံရေးတပ်ဖွဲ့တွေ လိုက်လံရှင်းလင်းရာက ရိုဟင်ဂျာမူဆလင်တွေအပေါ် လူ့အခွင့်အရေး ချိုးဖောက်မှုတွေ ဆိုးဆိုးရွားရွား ကျုးလွန်ခဲ့တယ်ဆိုပြီး၊ လွတ်လပ်တဲ့ စုံစမ်းစစ်ဆေးမှုတွေနဲ့ ဖော်ထုတ်ဖို့လည်း ကုလသမဂ္ဂ အပါအဝင် နိုင်ငံတကာ အသိုင်းအဝန်းက တောင်းဆိုနေတာ ဖြစ်ပါတယ်။
မြန်မာအစိုးရကတော့ ရိုဟင်ဂျာဆိုတဲ့ အမည်ကို တရားဝင် အသိအမှတ်ပြု လက်ခံမထားသလို၊ နိုင်ငံတကာ အသိုင်းအဝန်းက စွပ်စွဲနေတဲ့အထိ လူ့အခွင့်အရေး ချိုးဖောက်မှုတွေ ကျုးလွန်ခဲ့တာ မရှိကြောင်းနဲ့ ကျုးလွန်သူတချို့ကိုလည်း ဖော်ထုတ်အရေးယူမှုတွေ ရှိခဲ့ကြောင်းလည်း တုံ့ပြန်ပြောဆိုထားပါတယ်။