သုံးရလွယ်ကူစေသည့် Link များ

logo-print
နောက်ဆုံးရသတင်း

Freedom of Edinburgh ဆု ဒေါ်အောင်ဆန်းစုကြည်ထံမှ ပြန်လည်ရုပ်သိမ်း


Royal College of Surgeons of Edinburgh ကချီးမြှင့်တဲ့ ကျောင်းရဲ့ ဂုဏ်ထူးဆောင် ဆုကို ဒေါ်အောင်ဆန်းစုကြည် လက်ခံယူခဲ့စဉ် ( February 10, 2015)

နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်ကို ဗြိတိန်နိုင်ငံ၊ စကော့တ်လန်၊ Edinburgh မြို့တော်က ချီးမြှင့်ထားတဲ့ Freedom of Edinburgh ဆုကို ပြန်ရုပ်သိမ်းလိုက်ပါတယ်။

မြို့တော်ကောင်စီအကြီးအကဲဖြစ်သူ Lord Provost Frank Ross က တင်သွင်းထားတဲ့အဆိုအပေါ် ကောင်စီဝင်တွေကြား ကြာသပတေးနေ့က မဲခွဲဆုံးဖြတ်တာမှာ ကောင်စီဝင်အားလုံးရဲ့ ထောက်ခံမဲနဲ့ ဆုကို ပြန်ရုပ်သိမ်းလိုက်တာပါ။ ဒီဆုကို ဒေါ်အောင်ဆန်းစုကြည် နေအိမ်အကျယ်ချုပ် ကျနေချိန် ၂၀၀၅ ခုနှစ်က ပေးထားတာဖြစ်ပြီး မြန်မာနိုင်ငံ ငြိမ်းချမ်းရေးနဲ့ ဒီမိုကရေစီရေးအတွက် လုပ်ဆောင်ချက်တွေကြောင့် ဆုပေးထားတာပါ။

အခုတော့ ရခိုင်ပြည်နယ်မှာ အစိုးရတပ်ဖွဲ့တွေရဲ့ ရက်ရက်စက်စက် လုပ်ဆောင်မှုတွေကို ဒေါ်အောင်ဆန်းစုကြည်က ပြစ်တင် ရှုတ်ချဖို့ ငြင်းဆန်တဲ့အတွက်ဆိုပြီး ပြန်ရုပ်သိမ်းလိုက်တာဖြစ်ပါတယ်။

ဆုကိုပြန်ရုပ်သိမ်းဖို့ စပြီး အဆိုတင်သွင်းသူ မြို့တော်ကောင်စီအကြီးအကဲ Lord Provost Frank Ross က “သူ့ကို ဒီဆုပေးထား တာ ဒါမှမဟုတ် ဆုပေးထားတဲ့ အကြောင်းအချက်တွေဟာ သင့်တင့်လျောက်ပတ်တယ် ဒါမှမဟုတ် မှန်ကန်တယ်လို့ ကျနော် ဆက်ပြီး ယုံကြည်မှု မရှိတော့ပါဘူး၊ ၂၀၀၅ ခုနှစ်က သူ့ကိုပေးထားတဲ့ဆုကို ပြန်ရုပ်သိမ်းရေး ကျနော်တို့ အလွယ်တကူ စဉ်းစား ဆုံးဖြတ်တာ မဟုတ်ပါဘူး” လို့ပြောပါတယ်။

Edinburg မြို့မတိုင်ခင်ကလည်း Dublin ၊ Newscastle နဲ့ Oxford မြို့တွေက ဒေါ်အောင်ဆန်းစုကြည်ကို သူတို့ပေးထားတဲ့ဆု တွေကို ပြန်ရုပ်သိမ်းထားပါတယ်။ Edinburgh မြို့အနေနဲ့ ဒီဆုကို ပေးထားပြီးမှ ပြန်ရုပ်သိမ်းတာ သမိုင်းတလျှောက် နှစ်ပေါင်း ၁၂၈ နှစ်အတွင်း ဒါဟာ ဒုတိယအကြိမ်ပဲ ရှိပါသေးတယ်။ ပထမအကြိမ်က ၁၈၉၀ ပြည့်နှစ်ကဖြစ်ပြီး အိုင်းရစ်ရှ် နိုင်ငံရေးသမား Charles Parnell ကို ပေးထားတဲ့ဆုကို အိမ်ထောင်ရေးအရှုပ်တော်ပုံကြောင့် ပြန်ရုပ်သိမ်းခဲ့တာဖြစ်ပါတယ်။

ချီးမြှင့်ခံထားရတဲ့ဆုတွေ အခုလိုမျိုး ပြန်ရုပ်သိမ်းခံရတာနဲ့ပတ်သက်ပြီး ဒေါ်အောင်ဆန်းစုကြည် ကိုယ်တိုင်ပဲဖြစ်ဖြစ်၊ အစိုးရအနေ နဲ့ပဲဖြစ်ဖြစ်၊ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD ပါတီအနေနဲ့ပဲဖြစ်ဖြစ် မှတ်ချက်ပေး တုန့်ပြန် ပြောဆိုတာမျိုး မရှိဖူးသေးပါဘူး။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG