ရခိုင်ပြည်နယ်မြောက်ပိုင်းကနေပြီးတော့ ဘင်္ဂလားဒေ့ရှ်နိုင်ငံထဲကို ထွက်ပြေး ခိုလှုံခဲ့ကြတဲ့ ရိုဟင်ဂျာ မွတ်ဆလင်ဒုက္ခသည်တွေ သိန်းနဲ့ချီပြီးတော့ ရှိနေတဲ့အချိန်မှာ မိန်းကလေးတွေ လူကုန်ကူးခံနေရပြီးတော့ လိင်လုပ်ငန်းတွေမှာ အသုံးချခံနေရတာတွေ ရှိနေသလို လူငယ်တွေအနေနဲ့လည်း ငါးဖမ်းလုပ်ငန်းမှာ ရောင်းစားခံနေရတယ်လို့ IOM ခေါ် ကုလသမဂ္ဂရဲ့ နိုင်ငံတကာရွှေ့ပြောင်းအခြေချမှုဆိုင်ရာ အဖွဲ့က အင်္ဂါနေ့က ကြေညာ ပါတယ်။ ဒုက္ခသည်စခန်းတွေမှာ စားဝတ်နေရေး ကျပ်တည်းမှုတွေကြောင့် လူပွဲစားတွေရဲ့ ခေါင်းပုံဖြတ်တာကို ခံနေရတယ်လို့ ပြောပါတယ်။ ဒီအကြောင်း ဒေါ်လှလှသန်းက ဆက်ပြီးတော့ ပြောပြမှာပါ။
မြန်မာနိုင်ငံအိမ်နီးချင်း ဘင်္ဂလားဒေ့ရှ်နိုင်ငံကို ပြီးခဲ့တဲ့နှစ် သြဂုတ်လ က စတင် ထွက်ပြေးခိုလှုံခဲ့ကြတဲ့ ရိုဟင်ဂျာ ဒုက္ခသည်တွေ ၇ သိန်းအနက် အမျိုးသမီးနဲ့ မိန်းကလေးငယ်တွေဟာ ၅၀ ရာခိုင်နှုန်းရှိပြီး မိသားစု ၆ စု တိုင်းမှာ တစုဟာ မိခင်ဦးစီးတဲ့ အိမ်ထောင်ဖြစ်တဲ့အတွက် Cox’s bazar ရှိ ဒုက္ခသည်စခန်းတွေမှာ ရိုဟင်ဂျာ အမျိုးသမီး တွေဟာ ဘေးအန္တရာယ်လုံခြုံရေးနဲ့ မိသားစု စားဝတ်နေရေး ဖူလုံမှုအတွက် အဓိက အကဲဆက်မှုတွေ ရင်ဆိုင်နေကြရတာဖြစ်ပါတယ်။ ဒါကြောင့် ဒီဒုက္ခသည်စခန်းတွေမှာ မိန်းကလေးငယ်တွေဟာ အများဆုံး လူကုန်ကူးခံကြရတာ ဖြစ်တယ်လို့ IOM ခေါ် ကုလသမဂ္ဂရဲ့ နိုင်ငံတကာရွှေ့ပြောင်းအခြေချမှုဆိုင်ရာ အဖွဲ့ရဲ့ ပြောခွင့်ရ Joel Millman က ဂျနီဗာ အင်္ဂါနေ့ သတင်းစာရှင်းလင်းပွဲမှာ အခုလို ပြောခဲ့ပါတယ်။
“ကုလသမဂ္ဂ IOM ရဲ့ ထုတ်ပြန်ချက်အရ ဘင်္ဂလားဒေ့ရှ်ရှိ ရိုဟင်ဂျာဒုက္ခသည်စခန်းတွေမှာ အတင်းအဓမ္မ လုပ်အားပေး ခိုင်းစေခံခဲ့ရတဲ့ လူကုန်ကူးခံရသူတွေအနက် မိန်းကလေးငယ်တွေ အများဆုံး ဖြစ်ပါတယ်။ ပဋိပက္ခဖြစ်ပွားပြီး တနှစ်ကျော် ကာလ အတွင်း ရိုဟင်ဂျာ ဒုက္ခသည် အရေအတွက်ဟာ အခု တသန်းနီးပါး ရှိနေပါပြီ။ ဒီဒုက္ခသည်စခန်းတွေမှာ မိသားစု ဝင်ငွေ ရှာဖွေနိုင်ဖို့ တခြားနည်းလမ်းတွေ မရှိတဲ့အတွက် မိသားစုတွေဟာ ကြံရာမရ ဖြစ်ကြပြီး သူတို့သမီးတွေကို အန္တရာယ်ရှိတဲ့ လုပ်ငန်းတွေမှာ သွားရောက် လုပ်ကိုင်စေခဲ့ကြပါတယ်။”
အခုလို ဒုက္ခသည်စခန်းအပြင်ဘက်မှာ သွားရောက်လုပ်ကိုင်ခြင်းဟာ စခန်းအတွင်းမှာ ဝင်ငွေရနိုင်တဲ့ အလုပ်အကိုင်တွေနည်းပါးပြီး ဘာမှ လုပ်ကိုင်စားသောက်လို့ မရနိုင်တဲ့အတွက် လိင်လုပ်ငန်းနဲ့ ငါးဖမ်းလုပ်ငန်းတွေမှာ အလုပ်အချိန်ကြာပြီး လစာနည်းနည်းနဲ့ အတင်းအဓမ္မ ခိုင်းစေခံကြရတာဖြစ်တယ်လို့ ရိုဟင်ဂျာ အမျိုးသမီးတဦးရဲ့ ပြောပြချက်ကိုလည်း IOM ပြောခွင့်ရ Mr. Millman က ရှင်းပြခဲ့ပါတယ်။ အခုလို လူကုန်ကူးခံရတဲ့ အမျိုးသမီးနဲ့ မိန်းကလေးငယ်တွေရဲ့ ရနှုန်းနဲ့ ပတ်သက်လို့လည်း IOM ပြောခွင့်ရ Mr. Millman က
“နောက်ဆုံး ကိန်းဂဏန်းတွေအရ အတင်းအဓမ္မ လုပ်အားပေးခိုင်းစေခံကြရတဲ့ အခြေအနေတွေမှာ ရောက်ရှိနေတဲ့ အမျိုးသမီးနဲ့ မိန်းကလေးငယ်တွေရဲ့ ၃ ပုံ ၊ ၂ ပုံဟာ အရင်က ကယ်ဆယ်ခံခဲ့ရပြီး ထွက်ပြေး လွှတ်မြောက်ခဲ့ကြတဲ့ သူတွေဖြစ်ပြီး Cox’s Bazar မှာ IOM ရဲ့ အထောက်အပံ့တွေကို ရနေကြသူတွေ ဖြစ်တာ တွေ့ရပါတယ်။ အမျိုးသမီးနဲ့ မိန်းကလေးငယ်တွေ နောက်ထပ် ၁၀% ဟာလည်း လိင်လုပ်ငန်းမှာ ခေါင်းပုံဖြတ် ခံနေရတာကို IOM က တွေ့ခဲ့ရပါတယ်။”
ဒါ့အပြင် Cox’s bazar ရှိ ဒုက္ခသည်စခန်းတွေမှာ ရိုဟင်ဂျာအမျိုးသမီးနဲ့ မိန်းကလေးငယ်တွေဟာ တနေ့တနေ့ ၆၀ အထိ ထွက်ပြေးဖို့ ကြိုးစားတာကို ဘင်္ဂလားဒေ့ရှ် လုံခြုံရေးဌာနတွေက ဟန့်တားခဲ့ကြရတဲ့အကြောင်းနဲ့ ထွက်ပြေးဖို့ ကြိုးစားသူတွေကို စစ်ဆေးမေးမြန်းရာမှာ ထွက်ပြေးပေမယ့် ဘယ်သူနဲ့ တွေ့မလဲ ၊ ဘယ်ကို သွားမလဲ ဆိုတာကို သေသေချာချာပြောနိုင်ခြင်းမရှိကြပဲ လူကုန်ကူးသူတွေ သင်ပေးတာကို ဖြေကြားတာ ကို တွေ့ရတယ်လို့ ဘင်္ဂလားဒေ့ရှ်ရဲက ပြောပါတယ်။ အခုလို လူကုန်ကူး ခံကြရသူတွေထဲ ရိုဟင်ဂျာ အမျိုးသားတွေနဲ့ ယောကျ်ားလေးတွေလည်းပါကြောင်း Mr. Millman ကပြောပါတယ်။
“အရွယ်ရောက် အမျိုးသားတွေနဲ့ ယောကျ်ားလေးတွေကိုလည်း လူကုန်ကူးသူတွေက ပစ်မှတ်ထားတာတွေ့ရပြီး ၃ ဦးမှာ ၁ ဦးကျစီဟာ အတင်းအဓမ္မ ခိုင်းစေခံရတဲ့ အခြေအနေ ရောက်တာကို IOM အရာရှိတွေက တွေ့ခဲ့ရပါတယ်။ အများစုက ဒေသခံ ငါးဖမ်းသမားတွေ ထံမှာ ကြွေးတင် ကျွန်ဖြစ်ကြရတဲ့ အခြေအနေရောက်တာကိုလည်း တွေ့ခဲ့ရပါတယ်။”
ဒါ့အပြင် ရိုဟင်ဂျာတွေ လူကုန်ကူးခံရတဲ့ အခြေအနေနဲ့ ပတ်သက်လို့ လူကုန်ကူး သူတွေဟာ မသိနားမလည်ကြတဲ့ ရိုဟင်ဂျာအမျိုးသမီး နဲ့ မိန်းကလေးငယ်တွေကို အလုပ်အကိုင်ပေးမယ် ၊ ပိုကောင်းတဲ့ ဘဝကို ပို့ပေးမယ် ဆိုတဲ့ ကတိတွေနဲ့ ဖြားယောင်းသွေးဆောင်ခဲ့ကြတဲ့အကြောင်းနဲ့ တချို့တွေက အန္တရာယ်ကို မသိကြပေမယ့် တချို့ကတော့ အန္တရာယ်ရှိမှန်းသိသိကြီးနဲ့ မိသားစု တစုလုံးရဲ့ စားဝတ်နေရေး ဖူလုံရေး အတွက် မိသားစုဝင်တဦးက အနစ်နာခံမယ်ဆိုပြီး ကြံရာမရ လုပ်ဆောင်ကြရတဲ့ ဘဝရောက်ကြတာ အများအပြားတွေ့ရတယ်လို့ Cox’s bazar ရှိ IOM ကာကွယ်ရေး လုပ်ငန်းအကြီးအကဲ Dina Parmer ကို ကိုးကားပြီးတော့လည်း IOM ပြောခွင့်ရက ရှင်းပြခဲ့ပါတယ်။
IOM ဦးဆောင်တဲ့အဖွဲ့က စခန်းတွေမှာ သွားရောက်စစ်တမ်းကောက်ခံရမှာ ရိုဟင်ဂျာ အမျိုးသမီး နဲ့ မိန်းကလေးငယ်တွေကို အိမ်အကူ၊ ဒါမှမဟုတ် ဟိုတယ် သန့်ရှင်းရေးတွေ အဖြစ် ဌားရမ်းမယ်လို့ ဖြားယောင်းပြီး ပြည့်တန်ဆာ လုပ်ငန်းတွေမှာ အတင်းအဓမ္မ လုပ်ကိုင်ခိုင်းတာတွေ တွေ့ရကြောင်းနဲ့ ရိုဟင်ဂျာအမျိုးသမီးတွေရဲ့ အသက်မွေးဝမ်းကြောင်း ရှာဖွေရာမှာ အခွင့်အလန်းတွေဟာ သိပ်နည်းပါးတဲ့ အတွက်ကြောင့် လိင်လုပ်ငန်းမှာ အခကြေးငွေကိုလည်း ပုံမှန်ဈေးမရပဲ သူတို့တွေဟာ လွန်စွာ အနှိမ်ခံကြရတယ်လို့ IOMကပြောပါတယ်။
ပြီးခဲ့တဲ့နှစ်က ပဋိပက္ခကြောင့် ဘင်္ဂလားဒေ့ရှ်ကို ထွက်ပြေးခဲ့ကြတဲ့ ရိုဟင်ဂျာဒုက္ခသည်တွေ ကသောင်းကနင်းအခြေအနေဖြစ်နေတဲ့အတွက်ကြောင့် ကုလသမဂ္ဂနဲ့ ကယ်ဆယ်ရေး အဖွဲ့တွေက ပထမပိုင်းမှာ စားနပ်ရိက္ခာနဲ့ ခိုကိုးစရာ ဖူလုံရေးအတွက် ဦးစားပေး နေရတဲ့အတွက် လူကုန်ကူးမှုကို သိသာတဲ့ ပြဿနာအဖြစ် မမြင်ခဲ့ပေမယ့်လို့ လူကုန်ကူးခံရမှုတွေဟာ တနေ့တခြားတိုးလာတဲ့အတွက်ကြောင့် ကုလသမဂ္ဂနဲ့ ကယ်ဆယ်ရေးအဖွဲ့တွေအနေနဲ့ ထိထိရောက်ရောက် နှိမ်နင်းနိုင်ဖို့လည်း ကြိုးစားသင့်တယ်လို့ IOM က တိုက်တွန်းခဲ့ပါတယ်။