သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

IS အဖွဲ့ အစုလိုက်အပြုံလိုက် သတ်ဖြတ်မြှုပ်နှံရာ နေရာ ၂၀၀ ကျော် အီရတ်မှာတွေ့ရှိ


အီရတ်နိုင်ငံတွင်း အစ္စလာမ္မစ် အစွန်းရောက် IS အဖွဲ့ရဲ့ အကြမ်းဖက်မှုဒဏ်ခံခဲ့ရသူတွေကို အစုလိုက် အပြုံလိုက် မြှုပ်နှံထားရာ နေရာ ၂၀၀ ကျော် တွေ့ရှိကြောင်း ကုလသမဂ္ဂက ဒီကနေ့ အင်္ဂါနေ့မှာ ပြောဆိုပါတယ်။

အီရတ် အာဏာပိုင်တွေနဲ့ အစိုးရ မဟုတ်တဲ့ အဖွဲ့အစည်းတွေထံက အချက်အလက်တွေကို အခြေခံပြီး ကုလသမဂ္ဂ လူ့အခွင့်အရေးရုံးနဲ့ အီရတ်ဆိုင်ရာ ကုလ ထောက်ပံ့ရေး မစ်ရှင်တို့က ထုတ်တဲ့ အစီရင်ခံစာထဲမှာတော့ ဒီအစုလိုက် အပြုံလိုက် မြှပ်နှံထားတာတွေမှာ သေဆုံးသူ ၆ ထောင်ကနေ ၁ သောင်း ၂ ထောင်လောက်ထိ ပါတယ်လို့ ဖော်ပြထားပါတယ်။ နောက်ပိုင်းမှာလည်း အစုလိုက် အပြုံလိုက် မြှုပ်နှံထားတာတွေ ထပ်ပြီး တွေ့ရဦးမယ်လို့ ကုလသမဂ္ဂက ခန့်မှန်းထားပါတယ်။

အခုတွေ့ထားရတဲ့ အစုလိုက် အပြုံလိုက် မြှပ်နှံထားတဲ့ နေရာတွေထဲက ထက်ဝက်ကိုတော့ Ninewa ပြည်နယ်ထဲမှာ တွေ့ရတာ ဖြစ်ပြီး ပထမဆုံးသော အစုလိုက် မြှုပ်နှံရာ နေရာကိုတော့ ၂၀၁၄ ခုနှစ် နှောင်းပိုင်းမှာ တွေ့ခဲ့ရတာပါ။ အမေရိကန်ရဲ့ လေကြောင်းထောက်ကူနဲ့ အီရတ် လုံခြုံရေး တပ်ဖွဲ့တွေက စစ်သွေးကြွ အဖွဲ့ထံက နယ်မြေတွေကို ပြန်လည် သိမ်းပိုက်နိုင်ခဲ့ပြီးနောက်မှာ အစုလိုက် အပြုံလိုက် မြှုပ်နှံထားရာ နေရာတွေကို ပိုပြီး ဖော်ထုတ်နိုင်ခဲ့တာပါ။ Ninewa ပြည်နယ် တခုတည်းမှာတင် သေဆုံးသူ ရုပ်အလောင်း ၄ ထောင်ကနေ ၁ သိန်း ၅ ရာလောက် ရှိမယ်လို့ ခန့်မှန်းထားကြပါတယ်။

အဲဒီ ဒေသကို အစ္စလာမ္မစ် အစွန်းရောက် IS တို့က သုံးနှစ်ကြာ ထိန်းချုပ်ခဲ့တာ ဖြစ်ပြီး အပြင်းအထန် တိုက်ခိုက်မှု တချို့လည်း ဖြစ်ခဲ့တယ်လို့ ကုလသမဂ္ဂက ဖော်ပြထားပါတယ်။ Ninewa ပြည်နယ် အပြင် Kirkuk ၊ Salah al-Din နဲ့ Anbar ပြည်နယ်တွေထဲမှာလည်း သေဆုံးသူတွေကို အစုလိုက် အပြုံလိုက် မြှုပ်နှံထားတာတွေကို ရှာတွေ့ထားပါတယ်။ ဖော်ထုတ်တွေ့ရှိထားတဲ့ အစုလိုက် အပြုံလိုက် မြုပ်နှံခံထားရတဲ့ နေရာ ၂၀၂ ခုကနေ သေဆုံးသူ ရုပ်အလောင်း ၁ ထောင့် ၃ ရာနီးပါးကို ဖော်ယူပြီး ဖြစ်ကြောင်း အစီရင်ခံစာက ဖော်ပြပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG