သုံးရလွယ်ကူစေသည့် Link များ

logo-print
နောက်ဆုံးရသတင်း

မြန်မာ့မသန်စွမ်းကလေးငယ်များ ပညာရေး အတားအဆီးများရှိ


မြန်မာနိုင်ငံက မသန်စွမ်းကလေးငယ်တွေ ပညာသင်ယူရေးမှာ အတားအဆီးတွေရှိနေသေးတယ်လို့ ဒီကလေးတွေရဲ့ ပညာရေး ကူညီလုပ်ဆောင်ပေးနေသူတစ်ဦးကပြောပါတယ်။ဒီကနေ့ ဒီဇင်ဘာ ၃ရက်မှာ ကျရောက်တဲ့ အပြည်ပြည်ဆိုင်ရာ မသန်စွမ်းသူများနေ့အထိမ်းအမှတ် ရန်ကုန်ကန်တော်ကြီးဥယျာဉ်မှာလုပ်တဲ့ မသန်စွမ်းသူတွေကို ဂုဏ်ပြုကြိုဆိုပွဲအတွင်း ဗွီအိုအေကို အခုလိုပြောတာပါ။ ဒီအကြောင်း သွားရောက်သတင်းယူခဲ့တဲ့ ရန်ကုန်က ဗွီအိုအေသတင်းထောက် ကိုဇော်ထက် ကပေးပို့ထားပါတယ်။

၂၀၁၄ သန်းခေါင်စာရင်းအတိုင်းဆိုရင် မြန်မာနိုင်ငံမှာ မသန်စွမ်းသူ ၂၃သိန်းကျော်ရှိပါတယ်။

မသန်စွမ်းသူတွေ တွေ့ကြုံနေရတဲ့အခက်အခဲတွေက သူတို့ရဲ့ အားနည်းချက်တွေကြောင့်မဟုတ်ဘဲ ပတ်ဝန်းကျင်က သူတို့အပေါ် ထားတဲ့အမြင်တွေမှားယွင်းနေလို့ ဒါတွေကိုပြုပြင်ပြောင်းလဲဖို့လိုကြောင်း ဧဒင်ရိပ်မြုံ ရှေ့ဆောင်လမ်းပြပညာရေးစနစ်သင်ကြားရေး အဖွဲ့ခေါင်းဆောင် ဒေါ်ဆန်းဆန်းဝင်းက ပြောပါတယ်။

အထူးသဖြင့် မြန်မာနိုင်ငံမှာ မသန်စွမ်းကလေးတွေရဲ့ ပညာသင်ယူနိုင်ခွင့်မှာ အတားအဆီးတွေရှိနေပြီး အလွှာအသီးသီးက ဒါကို နားလည်သဘောပေါက်ဖို့ လိုအပ်နေတယ်လို့ ဒေါ်ဆန်းဆန်းဝင်းက ဗွီအိုအေ ကိုပြောပါတယ်။

“ကျွန်မတို့ ကလေးတွေကို community ထဲဝင်ခွင့်ပေးတာသည် သူတို့ရဲ့ ပညာသင်ယူခွင့်ဆိုတဲ့ အခွင့်အရေးကို ထည့်ပေးလိုက်တာ သူတို့ရဲ့သင်ယူနိုင်တဲ့အနေအထားအထိပဲ သင်ယူပါစေ ဆရာဝန်ဖြစ်နိုင်တဲ့သူလည်း ဆရာဝန်ဖြစ်သွားပါစေ အင်ဂျင်နီယာဖြစ်နိုင်တဲ့သူလည်း အင်ဂျင်နီယာ ဖြစ်သွားပါစေ ဒါပေမဲ့ သူတို့ရဲ့ သင်ယူနိုင်တဲ့ အတိုင်းအတာအထိပဲ ကျွန်မတို့ ဘက်က သင်ပေးဖို့ အတွက်ကို အခွင့်အရေးကို advocacy ပိုင်းအနေနဲ့ တောင်းဆိုနေတာပေါ့ နောက်ပြီးတော့ ring the bell ဆိုတဲ့ ကလေးတွေရဲ့ ကျောင်းနေခွင့် တချို့ဆိုရင် ခန္ဓာကိုယ်မသန်စွမ်းကလေးတစ်ယောက် ကျောင်းသွားအပ်ပြီဆိုရင် ဟာဒီကလေးလေးသည် ငါတို့ကျောင်းမှာလက်ခံလို့မဟုတ်ဘူး special school တွေကိုသွားပေါ့နော် အဲဒီလိုမျိုး လွှတ်တဲ့ကျောင်းတွေသည် awareness (သိနားလည်မှု) မရှိဘူး။ မသန်စွမ်းသူတွေအပေါ်မှာ ဆိုတော့ မသန်စွမ်းသူတွေသည်လည်းကျောင်းနေခွင့်ရှိပါတယ် ဆိုတဲ့ awareness မျိုးကိုအောက်ခြေကနေ အပေါ်အထိကို ကျွန်မတို့ကဖြစ်စေချင်တယ်။”

၁၉၉၂ ခုနှစ်ကစပြီး ဒီဇင်ဘာ၃ရက်ကို အပြည်ပြည်ဆိုင်ရာ မသန်စွမ်းသူများနေ့အနေနဲ့ ကမ္ဘာ့ကုလသမဂ္ဂအဖွဲ့က သတ်မှတ်ခဲ့တာပါ။ မြန်မာနိုင်ငံမှာတော့ ၁၉၉၄ကစပြီး ကျင်းပလာလို့ အခုဆိုရင် (၂၅)ကြိမ်ရှိပြီဖြစ်ပါတယ်။

ဒီနှစ်အတွက် ဆောင်ပုဒ်က “အားလုံးတူညီအခွင့်အရေးရရှိရေး မသန်စွမ်းသူများ အစွမ်းမြှင့်တင်ပေး” ဖြစ်ပါတယ်။ ကမ္ဘာပေါ်မှာ လူ၇ယောက်မှာ ၁ယောက်ကမသန်စွမ်းဖြစ်နေကြပါတယ်။ ကမ္ဘာ့လူဦးရေ သန်း၇ထောင်ကျော်ရဲ့ ၁၀ပုံ တစ်ပုံက မသန်စွမ်းသူတွေဖြစ်ပြီး အဲဒီမသန်စွမ်းတွေရဲ့ ၈၀ရာခိုင်နှုန်း လောက်က ဖွံ့ဖြိုးဆဲနိုင်ငံတွေမှာ နေကြတာပါ။

ဒီနေ့ မြန်မာနိုင်ငံအနှံ့မှာ အဖွဲ့အစည်း မျိုးစုံက မသန်စွမ်းသူတွေအတွက် ဂုဏ်ပြုကြိုဆိုတဲ့ ပွဲတွေလုပ်ခဲ့ပါတယ်။ 'ဧဒင်' မသန်စွမ်း သက်ငယ်များ ပြုစုရာရိပ်မြုံကလည်း ရန်ကုန်မြို့ ကန်တော်ကြီးဥယျာဉ်မှာ မသန်စွမ်းကလေးတွေအတွက် ပျော်ပွဲရွင်ပွဲတွေပြုလုပ်ပေးခဲ့ပြီး သူတို့ရဲ့ အရေးပါမှုနဲ့ တန်းတူညီမျှမှုကို ဂုဏ်ပြုကြိုဆိုခဲ့တာဖြစ်ပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG