သုံးရလွယ်ကူစေသည့် Link များ

logo-print
နောက်ဆုံးရသတင်း

မြောက်ပိုင်း သုံးဖွဲ့ မြန်မာ့ငြိမ်းချမ်းရေး လုပ်ငန်းစဉ်မှာ ပါဝင်မည်


TNLA ခေါ် တအန်း(ပလောင်)တပ်ဖွဲ့ဝင်များ

အစိုးရရဲ့ ငြိမ်းချမ်းရေးကော်မရှင်နဲ့ NCA အပစ်ရပ်စာချုပ်ကို လက်မှတ် မရေးထိုးသေးတဲ့ မြောက်ပိုင်း မဟာမိတ်တိုင်းရင်းသားလက်နက်ကိုင် ၃ဖွဲ့ ဟာ တရုတ်နိုင်ငံမှာတွေ့ဆုံပြီး ငြိမ်းချမ်းရေးလုပ်ငန်းစဉ်မှာ ပါဝင်ရေးအတွက် သဘောတူညီချက် ရရှိသွားပြီဖြစ်ပါတယ်။ ဒါဟာ ကာလအတန်ကြာ ညှိနှိုင်းမရခဲ့တဲ့ အခြေအနေတွေကို ကျော်လွန်နိုင်ပြီး ငြိမ်းချမ်းရေးလမ်းကြောင်းပေါ်ကို စတင်ရောက်ရှိလာတဲ့ အခြေအနေလည်း ဖြစ်ပါတယ်။ ဒီသတင်းကိုတော့ ဗီအိုအေမြန်မာပိုင်းရဲ့သတင်းထောက် ကိုမိုးဇော်က တင်ပြထားပါတယ်။

ငြိမ်းချမ်းရေးကော်မရှင် နဲ့ မြောက်ပိုင်း မဟာမိတ်တိုင်းရင်းသားလက်နက်ကိုင် ၃ဖွဲ့ဖြစ်တဲ့ TNLA ခေါ် တအန်း(ပလောင်)တပ်ဖွဲ့၊ MNDAA ခေါ် ကိုးကန့်တပ်ဖွဲ့နဲ့ AAခေါ် ရခိုင်တပ်ဖွဲ့တို့က ကိုယ်စားလှယ်တွေဟာ တရုတ်အစိုးရရဲ့ ကြားဝင်ဆောင်ရွက်မှုအရ တရုတ်နိုင်ငံ ကူးမင်းမြို့မှာ ဒီကနေ့ ထပ်မံတွေ့ဆုံဆွေးနွေးခဲ့ကြတာ ပါ။

ဒီကနေ့ ဆွေးနွေးပွဲမှာတော့ ၂၀၁၆ခုနှစ်ကတည်းက ညှိနှိုင်းခဲ့ကြတဲ့ စကားလုံးရွေးခြယ်မှုအပေါ် နှစ်ဘက် သဘောတူညီချက်ရခဲ့ကြောင်း TNLA ခေါ် တအန်း (ပလောင်)တပ်ဖွဲ့ရဲ့ ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှုးတာအိုက်ကျော်က ပြောပါတယ်။

“ ၂၀၁၆တုန်းကလည်း ကျနော်တို့အဖွဲ့ ၃ဖွဲ့ ကြေညာချက်တစ်စောင်ထုတ်ဖို့ ကိစ္စနဲ့ စကားလုံးညှိမရတာနဲ့ ဒီတွေ့ဆုံမှုက ရပ်သွားသလို ဖြစ်သွားတယ်။ အခုလည်း အဲဒီကိစ္စကို ကျနော်တို့ ပြန်ပြီးဆွေးနွေးတယ်။ ဆွေးနွေးပြီးမှ ဒီစကားလုံးက ဆွေးနွေးရသွားပြီ။ အခုက နှစ်ဘက်လုံးက သင့်တော်တဲ့ စကားလုံးကို ပြန်ရွေးပြီးမှ မကြာခင်တော့ ထုတ်ပြန်ဖို့တော့ ရှိပါတယ်။ ”

၂၀၁၆ခုနှစ် သြဂုတ်လမှာ ဆွေးနွေးစဉ်က အစိုးရဘက်က လက်နက်ကိုင်လမ်းစဉ်ကို အပြီးတိုင်စွန့်လွှတ်ကြောင်း ဖော်ပြဖို့ တောင်းဆိုပြီး တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေဘက် လက်နက်ကိုင်ပဋိပက္ခကို အပြီးတိုင် ချုပ်ငြိမ်းလိုကြောင်း ထုတ်ပြန်ဖို့ ညှိနှိုင်းခဲ့ကြရာမှာ ပြေလည်မှု မရဘဲ ဆွေးနွေးပွဲတွေ ရပ်ဆိုင်းခဲ့တာ ဖြစ်ပါတယ်။

လက်ရှိ ညှိနှိုင်းရရှိတဲ့ သဘောတူညီချက်ကိုတော့ အခုလို ဆက်ပြောပါတယ်။

“ ကျနော်တို့ ၃ဖွဲ့က ဒီ လက်ရှိ မြန်မာအစိုးရက ဆောင်ရွက်နေတဲ့ ငြိမ်းချမ်းရေး လုပ်ငန်စဉ်ထဲမှာပေါ့နော်။ လိုက်ပါဆောင်ရွက်ဖို့ ဆန္ဒရှိပါတယ်။ စစ်ရေးနည်းလမ်းနဲ့ မဟုတ်ဘဲနဲ့ နိုင်ငံရေးနည်းလမ်းနဲ့ တွေ့ဆုံဆွေးနွေးပြီးမှ ဆောင်ရွက်သွားဖို့ ဆန္ဒရှိတယ်ပေါ့။”

ဗုဒ္ဓဟူးနေ့ ညနေခင်းပိုင်းမှာ ထုတ်ပြန်လိုက်တဲ့ မဟာမိတ် ၃ဖွဲ့ရဲ့ ကြေညာချက်မှာတော့ “ ငြိမ်းချမ်းရေးကို စောလျင်စွာဖော်ဆောင်နိုင်ဖို့နဲ့ ကောင်းမွန်တဲ့ ငြိမ်းချမ်းရေး အခင်းအကျင်းကိုဖန်တီးနိုင်ဖို့အတွက် စစ်ရေးဆိုင်ရာဆောင်ရွက်တာတွေကို အရင် ရပ်တန့်ပြီး စစ်ရေးနည်းလမ်းမှ အပ နိုင်ငံရေးနည်းလမ်းနဲ့ ဆောင်ရွက်ရန် ဆန္ဒရှိကြောင်း” ဖော်ပြထားပါတယ်။ ဆက်လက်ပြီး တပ်မတော်ဖက်ကလည်း စစ်ပွဲတွေ ချုပ်ငြိမ်းဖို့ ဆောင်ရွက်မယ်လို့ မျှော်လင့်သလို ဒီအခြေအနေအောက်မှာ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်မှာ ပါဝင်မှာဖြစ်ကြောင်း”သဘောထားထုတ်ပြန်ထားပါတယ်။

ဒီလို ထုတ်ပြန်လိုက်တဲ့အပေါ် နိုင်ငံရေးလေ့လာသုံးသပ်သူ ဦးစည်သူအောင်မြင့်ကအခုလို သုံးသပ်ပါတယ်။

“ တစ်ကယ်လို့သာ အဲဒါ နှစ်ဘက် သဘောတူညီပြီး ထုတ်တဲ့ဟာဆိုရင်တော့ ထူးခြားတယ်လေ။ ထူးခြားတာပေါ့။ ဘာဖြစ်လို့လဲဆိုတော့ နှစ်တချို့ နှစ်ဖက် မပြေမလည်ဖြစ်တဲ့ဟာ ဒါ ပြေလည်သွားပြီဆိုတဲ့ အဓိပ္ပါယ်သက်ရောက်တာပေါ့။ အဲဒါဆိုရင် ရှေ့မှာ ငြိမ်းချမ်းရေးဆွေးနွေးတဲ့ လမ်းကြောင်းပေါ်ကို ရောက်လာတော့မှာပေါ့နော်။ ဒီလိုတော့ မှတ်ချက်ချလို့ ရတာပေါ့။”

ဒီရက်ပိုင်းတွေအတွင်းမှာတော့ တအန်း(ပလောင်) တပ်ဖွဲ့၊ AA ခေါ် ရခိုင်တပ်ဖွဲ့တွေနဲ့ အစိုးရတပ်မတော်အကြားမှာ တိုက်ပွဲတွေ ဆက်လက်ဖြစ်ပွားနေပါတယ်။ လတ်တလော ကူးမင်းမှာ ကျင်းပတဲ့ဆွေးနွေးပွဲမှာတော့ တိုက်ပွဲတွေ ရပ်ဆိုင်းရေးကို မဆွေးနွေးသေးတာကြောင့် နှစ်ဘက်တပ်ဖွဲ့တွေအကြားဖြစ်ပွားနေတဲ့ တိုက်ပွဲတွေ ချက်ချင်းရပ်ဆိုင်းရေးဟာ ထပ်မံဆွေးနွေးရမယ့် အခြေအနေမှာ ရှိနေပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG