သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မြန်မာစစ်တပ်နဲ့ ပတ်သက်တဲ့ စီးပွားရေးလုပ်ငန်း ၄၉ ခု Burma Campaign နာမည်ပျက်စာရင်းသွင်း


မြန်မာနိုင်ငံတွင်းက ပြသနာ အများစုရဲ့ အရင်းခံက စစ်တပ်ကြောင့် ဖြစ်နေရတာလို့ ဗြိတိန် အခြေစိုက် မြန်မာ့ အရေး လှုပ်ရှားမှု အဖွဲ့ Burma Campaign UK က စွပ်စွဲလိုက်ပြီး စစ်တပ်နဲ့ စီးပွားဖက် နိုင်ငံတကာ လုပ်ငန်း ၅၀ နီးပါးကို နာမည်ပျက်စာရင်းသွင်းလိုက်ပါတယ်။ စစ်တပ် အနေနဲ့ လက်နက်တွေ ရသွားစေမယ့် ငွေကြေး အကျိုးအမြတ်တွေ ထွက်စေမယ့် အခြေအနေမျိုးကို တားဆီးနိုင်ဖို့ အခုလို လုပ်ရတာလို့လည်း ပြောဆိုလိုက်ပါတယ်။ မသိင်္ဂ ီထိုက် ဆက်သွယ်မေးမြန်းထားပါတယ်။

မြန်မာနိုင်ငံတွင်းက ပြသနာ အများစုအတွက် စစ်တပ်မှာ တာဝန်ရှိတယ်လို့ Burma Campaign UK အဖွဲ့ကြီးက ပြောဆိုလိုက်ပြီး စစ်တပ်နဲ့ စီးပွားဖက် ကုမ္ပဏီတွေ၊ နောက် နိုင်ငံတွင်း လူ့အခွင့်အရေး ချိုးဖောက်မှုတွေနဲ့ ဆက်နွယ်နေတဲ့ လုပ်ငန်းတွေထဲက ကုမ္ပဏီ ၄၉ ခုကို နာမည်ပျက် Dirty List စာရင်းမှာ ထည့်သွင်းလိုက်ပါတယ်။ Burma Campaign UK ရဲ့ ညွှန်ကြားရေးမှူး Mark Farmaner က အခုလို ပြောပါတယ်။

"မြန်မာနိုင်ငံတွင်းက လူ့အခွင့်အရေး ချိုးဖောက်မှုတွေမှာ ပတ်သက်တဲ့ လုပ်ငန်းတွေမှာ ပါဝင်ပတ်သက်နေတဲ့ လုပ်ငန်းတွေ၊ စစ်တပ်နဲ့ အလုပ်တွဲလုပ်နေတဲ့ ကုမ္ပဏီတွေနဲ့ ဖိအားပေးဖို့ Burma Campaign UK က နာမည်ပျက် စာရင်းကို ပြုစု ထုတ်ပြန်လိုက်တာပါ။ ကုမ္ပဏီတွေ အနေနဲ့ မြန်မာနိုင်ငံတွင်းမှာ အလုပ်လုပ်ရဘူးလို့ ကျနော်တို့ အနေနဲ့ မဆိုလိုပါဘူး။ ကျနော်တို့ ပြောနေတာက စစ်တပ်နဲ့ စီးပွားရေး မလုပ်သင့်ဘူးဆိုတာဘဲ ဖြစ်ပါတယ်။ ဘာကြောင့်လဲ ဆိုတော့ နိုင်ငံတွင်းက ပြဿနာ အတော်များများ အတွက် စစ်တပ်မှာ တာဝန်ရှိနေလို့ပါ။ "

Dirty List - နာမည်ပျက် စာရင်းထဲမှာတော့ တရုတ်၊ ရုရှား၊ ဗြိတိန်၊ ပြင်သစ်၊ နော်ဝေ၊ ဂျပန်၊ ယူကရိန်း၊ အမေရိကန် ပြည်ထောင်စု၊ ထိုင်းနဲ့ ဗီယက်နမ် နိုင်ငံတို့က ကုမ္ပဏီတွေ ပါဝင်ကြပါတယ်။ နိုင်ငံတကာ ငွေလွှဲလုပ်ငန်းကြီး ဖြစ်တဲ့ Western Union၊ Tata ကုမ္ပဏီ၊ တိုရှီဘာနဲ့ Facebook ကုမ္ပဏီတို့လည်း ပါပါတယ်။ နောက် မြန်မာ စစ်တပ် ပိုင်ဆိုင်မှု ပါတဲ့ Mytel လုပ်ငန်းကြီး အတွက် ဝန်ဆောင်မှု ပေးနေတဲ့ ဘယ်လ်ဂျီယံ နည်းပညာ ကုမ္ပဏီ Newtec ကတော့ သူတို့ကို နာမည်ပျက် စာရင်းသွင်းရင် တရားစွဲမယ်လို့ ပြောဆိုထားကြောင်းလည်း Burma Campaign UK ရဲ့ ကြေညာချက်မှာ ဖော်ပြထားပါတယ်။ Burmar Campaigh UK ဘက်ကတော့ မြန်မာနိုင်ငံမှာ စီးပွားရေး မလုပ်ဖို့ တိုက်တွန်းနေတာ မဟုတ်ဘဲ စစ်တပ်နဲ့ စီးပွားရေး မလုပ်ဖို့ တိုက်တွန်းတာသာ ဖြစ်တယ်လို့ ပြောပါတယ်။

"ကျနော်တို့ အနေနဲ့ မျှော်လင့်ထားသလိုဘဲ စစ်တပ်ကို ငွေရစေတဲ့ စစ်တပ်နဲ့ စီးပွားရေး လုပ်နေတဲ့ ကုမ္ပဏီ တချို့ အနေနဲ့ ဆက်ပြီး မလုပ်ဖို့ပါ။ ဒါ့အပြင် နိုင်ငံတကာမှာလည်း စစ်တပ် အပေါ်မှာ ပိုပြီးတော့ အာရုံစိုက်စေချင်ပါတယ်။ မြန်မာပြည်ရဲ့ အပြင်ဘက်မှာ ဒေါ်အောင်ဆန်းစုကြည်ကိုဘဲ အဓိက ပြစ်တင် ဝေဖန်နေကြတာပါ။ နိုင်ငံတွင်းက ပြသနာ အများစု အတွက် စစ်တပ် အပေါ်မှာ ပိုပြီးတော့ အာရုံစိုက်လာစေဖို့ ကျနော်တို့ လိုလားနေတာ ဖြစ်ပါတယ်။ ကချင်၊ ရှမ်းနဲ့ ရခိုင်ပြည်နယ်တို့က အရပ်သားတွေကို တိုက်ခိုက်နေတာ စစ်တပ်ပါဘဲ။ စစ်တပ်ဟာ ငြိမ်းချမ်းရေး လုပ်ငန်းစဉ်ကို အဟန့်အတား ဖြစ်စေတယ်။ လွှတ်တော်ထဲကနေ အခြေခံ ဥပဒေဆိုင်ရာ၊ ဒီမိုကရေစီ ပြုပြင်ပြောင်းလဲရေးတွေကို တားဆီးဖို့ စစ်တပ်က လွှတ်တော် အမတ်တွေ ထားပြီး ဆောင်ရွက်နေတယ်။ နိုင်ငံထဲက ပြသနား အများအပြားဟာ စစ်တပ်ကြောင့်ပါ ဆိုတာကို နိုင်ငံတကာ အသိုင်းအဝိုင်းကနေ ပိုပြီး အာရုံစိုက်စေချင်ပါတယ်။"

မြန်မာ စစ်တပ်ကို လက်နက်၊ ငွေကြေး ရရှိမှု လျော့ကျသွားအောင် Burma Campaign UK က ရည်မှန်း ဆောင်ရွက်တာ ဖြစ်ပြီး တိုးတက်မှု တချို့ ရှိတယ်လို့လည်း ညွှန်ကြားရေးမှူး Mark Farmaner က ပြောပါတယ်။

"ကျနော်တို့ နာမည်ပျက်စာရင်းသွင်းမယ့် အရေးနဲ့ ပတ်သက်ပြီး ဆွေးနွေးတာမှာတော့ ကုမ္ပဏီ တချို့ကတော့ သူတို့ လုပ်ရပ်တွေကို ပြန်ပြီး သုံးသပ်နေပါတယ်။ စစ်တပ် အတွက် လက်နက်တွေ သွင်းနေတဲ့ ကုမ္ပဏီ တခုကတော့ ဒီလုပ်ငန်းကို ရပ်လိုက်ပါပြီ။ သူတို့ဘက်က ပါဝင်ပတ်သက်မှု မရှိတော့ရင်၊ စစ်တပ်နဲ့ မပတ်သက်တော့ဘူးလို့ သဘောတူရင် ကျနော်တို့ဘက်ကလည်း နာမည်ပျက် စာရင်းထဲမှာ မထည့်တော့ပါဘူး။ အဲဒီ ကုမ္ပဏီရဲ့ နာမည်ကိုတော့ ကျနေ်ာတို့ မထုတ်ပြန်ပါဘူး။ ဒါပေမယ့် အဲဒီ ကုမ္ပဏီက စစ်တပ်ကို လက်နက်သွင်းနေတာကို အခု ဆက် မလုပ်တော့ပါဘူး။"

စစ်တပ်ပိုင်နဲ့ စစ်တပ် ထိန်းချုပ်ထားတဲ့ ကုမ္ပဏီတွေ အပေါ် ပစ်မှတ်ထား ဒဏ်ခတ်ပိတ်ဆိုမှု မလုပ်ဘဲ အလုပ်တွေ ဆက်ပြီး လုပ်နိုင်အောင် ဥရောပ သမဂ္ဂ အပါအဝင် နိုင်ငံတကာဘက်က ခွင့်ပြုထားတဲ့ အချိန်မှာဘဲ စစ်တပ်နဲ့ စီးပွားဖက် ကုမ္ပဏီတွေ အပေါ် အခုလို နာမည်ပျက် စာရင်းသွင်းပြီး စစ်တပ်နဲ့ စီးပွားရေး မလုပ်ရေး ဖိအားပေးဖို့ Burma Campaign UK က မျှော်လင့်နေတာ ဖြစ်ပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG