သုံးရလွယ်ကူစေသည့် Link များ

logo-print
နောက်ဆုံးရသတင်း

EU မြန်မာအပေါ်ဒဏ်ခတ်မည့် အလားအလာ


ဥရောပ ကုန်သွယ်ရေးဆိုင်ရာ ကော်မရှင်နာမင်းကြီး Cecilia Malmstrom i

EU ဥရောပ သမဂ္ဂအနေနဲ့ မြန်မာအပေါ် ချမှတ်ထားတဲ့ အထူးကုန်သွယ်ကင်းလွတ်ခွင့်တွေကို ရုတ်သိမ်းဖို့ အလားအလာရှိနေတဲ့အတွက် သာမန်ပြည်သူအများစုကို ထိခိုက်စေတဲ့ ကုန်သွယ်ရေးဆိုင်ရာ ဒဏ်ခတ်အရေးယူမှုမျိုးကို နိုင်ငံတကာ လူ့အခွင့်အရေး အဖွဲ့အစည်းတွေက လိုလားမှုမရှိကြောင်း Burma Campaign UK အဖွဲ့က ဗွီအိုအေကိုပြောပါတယ်။

ရခိုင်ပြည်နယ်မြောက်ပိုင်းက ရိုဟင်ဂျာတွေ အပါအ၀င် ကချင်နဲ့ ရှမ်းပြည်နယ်တွေက တိုင်းရင်းသားတွေအပေါ် စစ်တပ်ရဲ့ ကျယ်ပြန့်ပြင်းထန်လှတဲ့ လူ့အခွင့်အရေးချိုးဖောက်မှုတွေကို မြန်မာအစိုးရအနေနဲ့ ဖြေရှင်း မပေးနိုင်ဘူးဆိုရင် EU အနေနဲ့ ကုန်သွယ်ရေးဆိုင်ရာ အထူးအခွင့်ရေးကိုရုတ်သိမ်းရမှာဖြစ်ကြောင်း အောက်တိုဘာလ ၃၁ ရက်နေ့က ဥရောပကော်မရှင်ရဲ့ ကြေညာချက်မှာ ဖေါ်ပြထားပါတယ်။

မအင်ကြင်းနိုင်က အပြည့်အစုံကို ဆက်ပြီးတင်ပြမှာပါ။

ပြီးခဲ့တဲ့ ကြာသာပတေးနေ့က ထုတ်ပြန်တဲ့ ဥရောပ ကော်မရှင်ရဲ့ ကြေညာချက်အရဆိုရင် နိုင်ငံတကာအသိုင်းအ၀ိုင်းက စိုးရိမ်နေတဲ့ လူ့အခွင့်အရေးချိုးဖောက်မှုတွေကို မြန်မာအစိုးရက ဖြေရှင်းနိုင်ဖို့ EU အနေနဲ့မျှော်လင့်ထားသလို ကူညီပံ့ပိုးဖို့ အဆင့်သင့်ဖြစ်နေတယ်လို့ဆိုပါတယ်။ တကယ်လို့ ဒီရလာဒ်အတွက် အခြား ပူးပေါင်းဆောင်ရွက်မှုနည်းလမ်းတွေ မအောင်မြင်ဘူးဆိုရင် အထူးကုန်သွယ်ကင်းလွတ်ခွင့်တွေကို ရုပ်သိမ်းဖို့ ဖြစ်နိုင်ချေရှိများကြောင်း ကြေညာချက်မှာ ရေးထားပါတယ်။

ဥရောပ ကုန်သွယ်ရေးဆိုင်ရာ ကော်မရှင်နာမင်းကြီး Cecilia Malmstrom ကလည်း သူတို့ mission အဖွဲ့အနေနဲ့ မြန်မာနိုင်ငံမှာ စုံစမ်းစစ်ဆေးတွေ့ရှိပြီး ထောက်ပြခဲ့တဲ့ များပြားလှတဲ့ ချို့ယွင်းအားနည်းချက်တွေကို မြန်မာအစိုးရအနေနဲ့ ဖြေရှင်းနိုင်လိမ့်မယ်လို့ မျှော်လင့်ထားတယ်လို့ ဆိုပါတယ်။ တကယ်လို့ မြန်မာအစိုးရအနေနဲ့ အကောင်အထည်ဖေါ် ဆောင်ရွက်မှုမရှိဘူးဆိုရင် မြန်မာနိုင်ငံမှာ စီးပွားရေး၊ လူမှုရေး တိုးတက်မှုတွေရှိအောင် ထောက်ပံ့ကူညီတဲ့အရေးပါလှတဲ့ ဥရောပသမဂ္ဂရဲ့ ကုန်သွယ်ရေးအထူးကင်းလွတ်ခွင့် ရုတ်သိမ်းမှာဖြစ်တယ်လို့ Cecilia Malmstrom ကသတိပေးပြောဆိုခဲ့ပါတယ်။

အခုလို မြန်မာနိုင်ငံအပေါ် ကုန်သွယ်ရေးဆိုင်ရာ ဒဏ်ခတ်အရေးယူမယ့်ကိစ္စဟာ အထည်ချုပ်စက်ရုံနဲ့ အခြား စက်မှုလုပ်ငန်း အလုပ်ရုံတွေက အလုပ်သမားတွေ၊ သာမန်ပြည်သူတွေကိုပဲ ထိခိုက်စေတာကြောင့် လူ့အခွင့်အရေးအဖွဲ့အစည်းတွေဘက်က လက်မခံကြောင်း ဗြိတိန်အခြေစိုက် Burma Campaign UK အဖွဲ့ရဲ့ အမှုဆောင်ညွန်ကြားရေးမှူး Mark Farmaner က ဗွီအိုအေကိုပြောပါတယ်။

"ကံမကောင်းစွာပဲ EU က ဒီပိတ်ဆို့အရေးယူမှုကို ရှောင်လွှဲနိုင်ဖို့ မြန်မာအစိုးရ ဒါမှမဟုတ် စစ်တပ်အတွက် တိကျတဲ့ ဒဏ်ခတ်အရေးယူ အခြေအနေမျိုးပြဌာန်းနိုင်ခြင်းမရှိခဲ့ပါဘူး။ EU မှာ ပွင့်လင်းမြင်သာမှုမရှိ တဲ့အတွက် အကဲဖြတ်ဖို့ ခက်ခဲပါတယ်။ ကျနော်တို့သိထားတဲ့အချက်ကတော့ ဥရောပကုန်သွယ်ရေးဆိုင်ရာ ကော်မရှင်နာမင်းကြီး Cecilia Malmstrom ဟာအလွန်ကို ဗျူရိုကရေစီဆန်တဲ့ နည်းလမ်းနဲ့ ချည်းကပ်နေတာပါ။"

ဥရောပသမဂ္ဂအနေနဲ့ လက်နက်ရောင်းဝယ်ခွင့်ကလွဲပြီး မြန်မာနိုင်ငံကို GSP အထူး ကုန်သွယ် ကင်းလွတ်ခွင့်တွေပေးထားခဲ့တာဖြစ်ပါတယ်။ ဒါကြောင့် မြန်မာနိုင်ငံအနေနဲ့ ကုလသမဂ္ဂက ပြဌာန်းထားတဲ့ လူ့အခွင့်အရေးဆိုင်ရာ အချက်တွေ၊ နိုင်ငံတကာ အလုပ်သမားများအဖွဲ့ချုပ်က ပြဌားချက်တွေကို နဲ့အညီ လိုက်နာဆောင်ရွက်ခြင်းမရှိဘူးဆိုရင် ကုန်သွယ်ရေးဆိုင်ရာ အထူးကင်းလွတ်ခွင့်တွေကို ရုတ်သိမ်းမှာဖြစ်တယ်လို့ ကော်မရှင်နာမင်းကြီး Cecilia Malmstrom က ပြောဆိုထားကြောင်း ဥရောပသမဂ္ဂရဲ့ ကြေညာချက်မှာ ဖေါ်ပြထားပါတယ်။

Cecilia Malmstrom အနေနဲ့စစ်တပ်မှာ အာဏာရှိနေတာ၊ နောက် လူ့အခွင့်အရေးချိုးဖောက်မှုတွေမှာ စစ်တပ်က အဓိက တာဝန်ရှိနေတာ စတဲ့မြန်မာနိုင်ငံတ၀ှမ်းမှာ ဘာတွေဖြစ်နေသလဲဆိုတာကို ကြည့်ရမယ့်အစား ဖိအားပေးတဲ့အနေနဲ့ ပြဌာန်းချက်တွေကို လိုက်နာမှုမရှိဘူးဆိုရင် ကုန်သွယ်ရေးဆိုင်ရာ ပိတ်ဆို့မှုတွေ ချမှတ်မယ်ဆိုတဲ့ ဖိအားပေးတဲ့ နည်းလမ်းဟာအလွန်ကျဉ်းမြောင်းတဲ့ ဗျူရိုကရေစီဆန်ကြောင်း Mark Farmaner ကဆိုပါတယ်။ နိုင်ငံတကာက လူ့အခွင့်အရေးအဖွဲ့အစည်းတွေအပါအ၀င် ရိုဟင်ဂျာ အဖွဲ့အစည်းတွေကလည်း ဒီလိုမျိုး ဖိအားပေးမှုမျိုး မလိုလားကြဘူးလို့လည်းသူကပြောပါတယ်။

သူတို့အနေနဲ့ မြန်မာစစ်တပ်ကို အဓိကထား ပစ်မှတ်ထားတဲ့ ဒဏ်ခတ်အရေးယူမျိုးကိုသာ လိုလားကြောင်း Mark Farmaner က ဗွီအိုအေကို အခုလိုပြောပါတယ်။

"EU အနေနဲ့ စစ်တပ်ပိုင် ကုမ္ပဏီတွေကို ပစ်မှတ်ထား ဒဏ်ခတ်အရေးယူရမှာပါ။ ဒါအပြင် သူတို့အနေနဲ့ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ကို ပစ်မှတ်ထား အရေးယူသင့်ပါတယ်။ တကယ်လို့ မြန်မာအစိုးရရဲ့ လုပ်ရပ်တွေကို မကြိုက်ဘူးဆိုရင် အစိုးရကို ထောက်ပံ့နေတဲ့ ဥရောပသမဂ္ဂ ရံပုံငွေတွေ၊ နည်းပညာတွေ စတာတွေကို ကြည့်ပြီး ပိတ်ဆို့နိုင်ပါတယ်။ အလုပ်ရုံစက်ရုံက အလုပ်သမားတွေ၊ သာမန်ပြည်သူတွေကို ထိခိုက်စေမယ့် ဒဏ်ခတ်အရေးယူမှုမျိုးတော့ EU အနေနဲ့ မလုပ်သင့်ပါဘူး။"

ဒါပေမယ့်လည်း မြန်မာနိုင်ငံအပေါ် အထူးကုန်သွယ်ကင်းလွတ်ခွင့် ရုတ်သိမ်းခြင်းရှိမရှိဆိုတာ ဥရောပကုန်သွယ်ရေးဆိုင်ရာ ကော်မရှင်နာမင်းကြီးရဲ့ ဆုံးဖြတ်ချက်အပေါ်မှာပဲ မူတည်နေတယ်လို့ Mark Farmaner ကဆိုပါတယ်။

"ကုန်သွယ်ရေးဆိုင်ရာ မဟာမင်းကြီးရဲ့ လက်ထဲမှာရှိနေပါတယ်။ ဥရောပ ကော်ရှင်အဖွဲ့ဝင်နိုင်ငံတွေအနေနဲ့ သူ့ကို တားမြစ်ဖို့ လုပ်ပိုင်ခွင့်မရှိပါဘူး။ အဖွဲ့ဝင်နိုင်တွေအနေနဲ့ ဥရောပကော်မရှင် ကို လုပ်ပိုင်ခွင့်အာဏာအပ်နှင်းထားတဲ့အတွက် ကော်မရှင်ရဲ့ ကုန်သွယ်ရေးဆိုင်ရာ မဟာမင်းကြီး Cecilia Malmstrom မှာ အာဏာအပြည့်အ၀ရှိနေပါတယ်။ ဒါကြောင့် ဥရောပကော်မရှင်အဖွဲ့ဝင်နိုင်ငံတွေအနေနဲ့ သူရဲ့ဆုံးဖြတ်ချက်ကို ကြိုက်နှစ်သက်ခြင်းမရှိပေမယ့်လည်း သူ့ကို တားမြစ်လို့ မရပါဘူး။

မေး။ ။ မြန်မာနိုင်ငံအပေါ် အထူး ကုန်သွယ်ကင်းလွတ်ခွင့် ရုပ်သိမ်းခြင်းပြုမပြု Cecilia Malmstrom အနေနဲ့ ဘယ်တော့လောက် ဆုံးဖြတ်နိုင်မလဲရှင့်။

ဖြေ။ ။ ပုံမှန်အားဖြင့်ဆိုရင်တော့ ခြောက်လလောက် အချိန်ယူ ဆုံးဖြတ်ပါတယ်။ ဒါပေမယ့် အခုကိစ္စမှာတော့ နှစ်လကျော်လောက်အတွင်း ဆုံးဖြတ်လိမ့်မယ်လို့ ကျနော်တို့ နားလည်ထားပါတယ်။ အဲတော့ မြန်မာနိုင်ငံမှာ အခြေအနေတွေ ပြောင်းလဲမှုရှိမရှိ နှစ်လကျော်ကာလအတွင်း သူတို့ စောင့်ကြည့်မှာပဲ။ ပြီးရင် ဆုံးဖြတ်ချက်ချမှာဆိုတော့ ဒီခရစ္စမတ် ဒါမှမဟုတ် ဒီနှစ်အကုန်မှာ ကျနော်တို့ သိရပါလိမ့်မယ်။ တခုနားလည်ထားရမှာက ဥရောပကော်မရှင် အဖွဲ့ဝင်နိုင်ငံတွေတောင် ဒီလို ဒဏ်ခတ်အရေးယူမှုကို လိုလားမှုမရှိပါဘူး။

မြန်မာနိုင်ငံက လူ့အခွင့်အရေးအခြေအနေတွေကို စုံစမ်းစစ်ဆေးဖို့ အောက်တိုဘာလ ၂၈-၃၁ ရက်နေ့ထိ လေးရက်ကြာသွားရောက်ခဲ့တဲ့ ဥရောပကော်မရှင်ရဲ့ အဆင့်မြင့်ကိုယ်စားလှယ်အဖွဲ့ရဲ့ ခရီးစဉ်ပါတွေ့ရှိချက်တွေကို ဥရောပသမဂ္ဂ အနေနဲ့ လေ့လာသုံးမှာဖြစ်သလို သူတို့ ဆုံးဖြတ်ချက်မချခင် မြန်မာအစိုးရဆီကလည်း နောက်ထပ် အချက်အလက်တွေ ရဖို့ ထပ်ပြီးတောင်းခံမှာဖြစ်ပါတယ်။

EU မြန်မာအပေါ်ဒဏ်ခတ်မည့် အလားအလာ
please wait

No media source currently available

0:00 0:05:16 0:00
တိုက်ရိုက် လင့်ခ်

XS
SM
MD
LG