သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အထူးကုန်သွယ်ခွင့် ပြန်မရုပ်ရေး မြန်မာလုပ်ငန်းရှင်တွေ EU ကိုတိုက်တွန်း


မြန်မာနိုင်ငံကို ကုန်သွယ်ရေး အထူးခံစားခွင့် ပေးထားတာကို ပြန်လည်ရုပ်သိမ်းလိုက်မယ်ဆိုရင် ကြုံရနိုင်တဲ့ ဆိုးကျိုးတွေနဲ့ ပတ်သက်လို့ ဥရောပသမဂ္ဂ (EU) အဖွဲ့ကို တင်ပြခဲ့ကြောင်း မြန်မာလုပ်ငန်းရှင်တွေက ပြောဆိုလိုက်ကြပါတယ်။ ကုန်သွယ်ရေး အထူးခံစားခွင့် ပေးအပ်ထားတဲ့အပေါ် ပြန်လည်သုံးသပ်ဖို့ ရောက်လာတဲ့ ကိုယ်စားလှယ်အဖွဲ့ကတော့ ဒီနေ့မှာပဲ မြန်မာအစိုးရ တာဝန်ရှိသူတွေနဲ့လည်း တွေ့ဆုံခဲ့တာပါ။ အပြည့်အစုံကိုတော့ ဗွီအိုအေမြန်မာပိုင်း သတင်းထောက် ကိုဇော်ထက်က ပြောပြပေးမှာ ဖြစ်ပါတယ်။

မြန်မာနိုင်ငံကိုရောက်နေတဲ့ အီးယူဥရောပသမဂ္ဂကိုယ်စားလှယ်အဖွဲ့နဲ့တွေ့ဆုံရာမှာဥရောပကိုတင်ပို့တဲ့ပို့ကုန်လုပ်ငန်းတွေရဲ့သက်ရောက်မှုနဲ့စီးပွားရေးဖွံ့ဖြိုးမှုအပေါ်အထောက်အကူပြုနေတဲ့အခြေအနေတွေကိုအဓိကဆွေးနွေးတင်ပြတဲ့အကြောင်း တွေ့ဆုံခဲ့တဲ့လုပ်ငန်းရှင်တွေကမြန်မာနိုင်ငံကုန်သည်စက်မှုအသင်းချုပ် UMFCCI မှာဒီနေ့ကျင်းပတဲ့သတင်းစာရှင်းလင်းပွဲမှာ ပြောဆိုသွား ပါတယ်။ မြန်မာနိုင်ငံကို ကုန်သွယ်ရေးအထူးအခွင့်အရေး ရုတ်သိမ်းဖို့၊ မရုတ်သိမ်းဖို့ဆိုတာ အီးယူရဲ့အခုခရီးစဉ်ကအဖြေမဟုတ်ဘဲ အီးယူရဲ့လုပ်ငန်းစဉ်အဆင့်ဆင့်မှာဆုံးဖြတ်ပြီးမှသာ အဖြေရှာမယ့်အကြောင်းအထည်ချုပ်လုပ်ငန်းရှင်များအသင်းဥက္ကဋ္ဌဦးမြင့်စိုးက သတင်းစာရှင်းလင်းပွဲမှာအခုလိုပြောသွားပါတယ်။

“သူတို့ဘက်က ရှင်းရှင်းလင်းလင်းတင်ပြတာက သူတို့သည် made in Myanmar ကို ဥရောပကမပိတ်ပါဘူး။ Made in Myanmar ကိုမပို့ရဘူးဆိုတဲ့ sanction ကိုသူတို့မလုပ်ပါဘူး။ အခုမနေ့ကတွေ့တဲ့အချိန်လည်း ခုနကပြောတဲ့ GSP အခွန်သက်သာခွင့်ကို မနေ့ကထိ ပြန်လည်ရုတ်သိမ်းခြင်း မရှိသေးပါဘူးနော်။ သူတို့ကတော့ အချက်အလက်ကိုရှာဖွေနေတဲ့အဆင့်မှာပဲရှိတယ်လို့ ပြောပါတယ်။ ကျွန်တော်တို့ထုတ်ပြန်ချက်ထဲမှာလည်း ပြောပါတယ်၊ ဒီဖြစ်သင့်ဖြစ်ထိုက်တာတွေကိုချင့်ချိန်ပြီး သူတို့ဘက်ကနေသုံးသပ်ဆောင်ရွက်ဖို့၊ သူတို့က ဒီဟာတွေကိုတွေ့ပြီးရင်လည်း သူတို့မှာ အီးယူပါလီမန်ဆိုတာရှိပါတယ်တဲ့ အီးယူပါလီမန်မှာတင်ပြဆွေးနွေးပြီးတော့မှ ဒါတွေကို ဆုံးဖြတ်ပြီးတော့ ဆောင်ရွက်ရမှာဖြစ်တဲ့အတွက် ဒီခရီးစဉ်ဟာ အဖြေပေါ်မယ့် အဖြေထုတ်မယ့် ဟာမျိုးတော့မဟုတ်ဘူးဆိုတဲ့ဟာကို ရှင်းပြသွားပါတယ်။ ကျေးဇူးတင်ပါတယ်။”

မြန်မာနိုင်ငံကို ရောက်လာတဲ့ဥရောပသမဂ္ဂEU ရဲ့နိုင်ငံတကာရေးရာနဲ့ကုန်သွယ်ရေးပူးပေါင်းအဖွဲ့ဟာမနေ့ကကုန်သည်စက်မှု အသင်းချုပ်၊ဆန်စပါးအသင်းချုပ်၊အထည်ချုပ်လုပ်ငန်းရှင်များအသင်းအပြင်ဖိနပ်ထုတ်လုပ်ရေးလုပ်ငန်းရှင်စတဲ့ဥရောပအဖွဲ့ဝင်နိုင်ငံ တွေကိုတင်ပို့တဲ့ပို့ကုန်လုပ်ငန်းရှင်တွေနဲ့ တွေ့ဆုံခဲ့ပါတယ်။၂၀၁၃နောက်ပိုင်း EUက မြန်မာနိုင်ငံကို ကုန်သွယ်ရေး အထူးအခွင့်အရေး ပေးပြီးနောက်ပိုင်း ဥရောပနိုင်ငံတွေကိုတင်ပို့တဲ့ပို့ကုန်တွေရဲ့၇၂ရာခိုင်နှုန်းဟာအထည်ချုပ် လုပ်ငန်းကပို့ကုန်တွေဖြစ်လာပြီးစိုက်ပျိုးရေးထုတ်ကုန်၉ရာခိုင်နှုန်းနဲ့ဖိနပ်က၆ရာခိုင်နှုန်းထိဖြစ်လာတယ်လို့ မြန်မာနိုင်ငံကုန်သည်စက်မှု အသင်းချုပ်တွဲဖက်အထွေထွေအတွင်းရေးမှူး ဒေါ်ခိုင်ခိုင်နွယ်က ပြောဆိုသွားပါတယ်။

“အဲဒီတော့ အီးယူအနေနဲ့လည်း မြန်မာနိုင်ငံရဲ့အထည်ချုပ်လုပ်ငန်းပံ့ပိုးမှုကို သူတို့သည် တစ်ကမ္ဘာလုံးကို ဂုဏ်ယူစွာပြောနေပါတယ်။ ဘာကြောင့်လဲဆိုတော့ တကယ်ကိုဖွံ့ဖြိုးတိုးတက်၊ အောင်မြင်မှုကိုတွေ့ရတဲ့အတွက်ကြောင့်ပါ။ ၂၀၁၃ GSP ပေးလိုက်တဲ့အခါကျ ကျွန်မတို့က အခွန်ကင်းလွတ်ခွင့်ရလိုက်တဲ့အတွက် ကျွန်မတို့နိုင်ငံက ဘာအကျိုးရှိလာလဲဆိုတော့ ကျွန်မတို့ရဲ့အခွန်ကင်းလွတ်တဲ့အခြေ အနေကိုကြိုက်တဲ့ investor တွေအများကြီးဝင်လာတယ် ကျွန်မတို့ဆီကို။ အဲဒီတော့ investor ဝင်လာတယ်ဆိုတာကသူတို့လာရင်၊ investment လာရင်အလုပ်ပါ ပါလာတာ။ သူတို့မှာဈေးကွက်ကရှိပြီးသား။ ဒီဘက်နောက်ပိုင်းမှာ EU market ကိုပို့တဲ့ တရုတ်ကုမ္ပဏီကြီး တွေ၊ ကိုရီးယား ကုမ္ပဏီကြီးတွေက အလုပ်ခန့်ထားမှုက ၈၀၀၀ ထိရှိတယ် တစ်ရုံ၊ တစ်ရုံကို။ ဂျပန်က EUတစ်ခုလုံးနဲ့ယှဉ်လိုက်ရင် ၂၀၁၇မှာ EUက ဂျပန်ကိုကျော်သွားတာ။ တောက်လျှောက်ကိုဂျပန်ကလိုက်လာနေတာ။ ဆိုတော့ အဲဒီ marketက GSPကြောင့်ဖြစ်တာလို့ ကျွန်မပြောချင်တာ။”

ပို့ကုန်လုပ်ငန်းတွေကြောင့် အောက်ခြေဆင်းရဲသားပြည်သူတွေဘဝရပ်တည်ရေးအတွက်အထောက်အကူပြုနေတဲ့အခြေအနေတွေကိုကိုယ်စားလှယ်အဖွဲ့ကိုရှင်းပြခဲ့တဲ့အကြောင်းရန်ကုန်လှိုင်သာယာစက်မှုဇုန်ကအထည်ချုပ်လုပ်ငန်းရှင်တစ်ဦး ကလည်းသတင်းစာရှင်းလင်းပွဲမှာ ပြောဆိုသွားပါတယ်။

ရခိုင်ပြည်နယ်အရေးလူ့အခွင့်အရေးချိုးဖေါက်မှုတွေကိုအကြောင်းပြပြီး မြန်မာနိုင်ငံကိုပေးထားတဲ့ ကုန်သွယ်ရေးအထူးအခွင့်အရေး တွေကို ပြန်ရုတ်သိမ်းဖို့စဉ်းစားနေတဲ့အကြောင်းဥရောပသမဂ္ဂ-EU အရာရှိတွေက ပြောဆိုထားပါတယ်။ဒီလို ပြောဆိုနေတဲ့ တစ်ချိန်တည်းမှာပဲအီးယူကိုယ်စားလှယ်အဖွဲ့ မြန်မာနိုင်ငံကိုလာရောက်တာပါ။

မြန်မာနိုင်ငံလုံးဆိုင်ရာအလုပ်သမားသမဂ္ဂများအဖွဲ့ချုပ်ကတော့ကုန်သွယ်ရေးဆိုင်ရာအထူးအခွင့်အရေးတွေရုတ်သိမ်းမယ်ဆိုရင်အထည်ချုပ်စက်ရုံအလုပ်သမားတွေသိန်းနဲ့ချီအလုပ်လက်မဲ့ ဖြစ်နိုင်ပြီးပဋိပက္ခကိုနည်းမှန်လမ်းမှန်အဖြေရှာတာမဟုတ်ဘူးလို့ ပြောဆိုကန့်ကွက်ထားပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG