သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

EU ခရီးစဉ်နဲ့ အထူးကုန်သွယ်ခွင့် ရုပ်သိမ်းနိုင်ချေ ရှိမရှိ


မြန်မာနိုင်ငံကိုပေးထားတဲ့ ကုန်သွယ်ရေးဆိုင်ရာ အခွင့်အရေးတွေ ရုပ်သိမ်း မသိမ်း EU ဥရောပ သမဂ္ဂက လာမယ့် ခြောက်လနောက်ပိုင်းမှာ ဆုံးဖြတ်ချက်ချနိုင်တဲ့အကြောင်း ကိုယ်စားလှယ်အဖွဲ့နဲ့ တွေ့ဆုံခဲ့တဲ့ နိုင်ငံခြားရေး ဝန်ကြီးဌာန ထိတ်တန်း အရာရှိတဦးက VOA ကို ပြောပါတယ်။ UMFCCI ကုန်သည်စက်မှုအသင်းချုပ်က တာဝန်ရှိသူကတော့ EU ကိုယ်စားလှယ်အဖွဲ့ရဲ့ ခရီးစဉ်နဲ့ ခြိမ်းခြောက်မှုတွေဟာ မြန်မာနိုင်ငံအနေနဲ့ ကိုယ့်ခြေထောက်ပေါ်ကိုယ်ရပ်ပြီး၊ အလုပ်အကိုင်တွေ ဖန်တီးနိုင်အောင် လုပ်ကိုင်ဖို့ လိုနေပြီဆိုတာကို သတိပေးလိုက်တာလို့ ဆိုပါတယ်။ ကိုသိန်းထိုက်ဦး သတင်းပေးပို့ထားပါတယ်။

အောက်တိုဘာ ၂၈ ရက်နေ့ကနေ ၃၁ ရက်နေ့အထိ မြန်မာနိုင်ငံကို သွားရောက်ခဲ့တဲ့ EU ဥရောပ ကိုယ်စားလှယ်အဖွဲ့ရဲ့ ခရီးစဉ်ဟာ မြန်မာနိုင်ငံ အခြေအနေနဲ့ ပတ်သက်လို့ စိုးရိမ်စရာ ကုလသဂ္ဂရဲ့ အစီရင်ခံစာတွေကြောင့် စိစစ်လေ့လာဖို့ သွားရောက်တဲ့ ခရီးစဉ်ဖြစ်တဲ့အကြောင်း ဥရောပ ကော်မရှင်က မနေ့က ရက်စွဲနဲ့ ကြေညာချက် ထုတ်ပြန်ပါတယ်။

မြန်မာနိုင်ငံအတွင်း ဝန်ကြီးဌာန အတော်များများကို တွေ့ဆုံပြီး ကုလသမဂ္ဂအဖွဲ့အစည်းတွေနဲ့ အပြုသဘောဆောင်တဲ့ ပူးပေါင်းဆောင်ရွက်မှုတွေ ရှိရေး၊ လူသားမဆန်တဲ့ ရာဇဝတ်မှုတွေ ကျုးလွန်ခဲ့သူတွေအပေါ် နိုင်ငံတကာက စုံစမ်းရေး ကိစ္စတွေမှာ မြန်မာနိုင်ငံဘက်က ထောက်ခံပံ့ပိုးပေးဖို့နဲ့၊ ရခိုင်၊ ကချင်နဲ့ ရှမ်းပြည်နယ်အတွင်း လူသားချင်းစာနာမှု အကူအညီတွေ ပေးနိုင်ဖို့ ကိစ္စတွေကို ဆွေးနွေးခဲ့တဲ့အကြောင်း ဥရောပ ကော်မရှင်က ကြေညာချက် ထုတ်ပြန်ပါတယ်။

ကုန်သွယ်ရေးဆိုင်ရာ အထူးအခွင့်အရေးတွေ EU ဘက်က ရုပ်သိမ်းမယ်ဆိုရင် မြန်မာနိုင်ငံအတွင်း အထည်ချုပ်လုပ်ငန်းမှာ အဓိက လုပ်ကိုင်နေတဲ့ အလုပ်သမားတွေ သိန်းနဲ့ချီ အလုပ်အကိုင်တွေ ဆုံးရှုံးနိုင်တယ်ဆိုပြီး လုပ်ငန်းရှင်တွေနဲ့ အလုပ်သမား ကိုယ်စားပြု အဖွဲ့တွေကလည်း ကန့်ကွက်နေကြပါတယ်။ မြန်မာနိုင်ငံ ကုန်သည်ကြီးများနဲ့ စက်မှု လက်မှု လုပ်ငန်းရှင်များအသင်း UMFCCI ဒုဥက္ကဋ္ဌ ဒေါက်တာမောင်မောင်လေးကတော့ မြန်မာနိုင်ငံအနေနဲ့ ရေရှည် ကိုယ့်ဘာသာ ရပ်တည်နိုင်တဲ့၊ အလုပ်အကိုင်ဖန်တီးနိုင်တဲ့ အနေအထားတွေ ရှိဖို့ လိုလာပြီဆိုတာ အခြေအနေတွေက ညွှန်ပြနေတယ်လို့ ဆိုပါတယ်။

"မြန်မာနိုင်ငံဟာ ထူးခြားတဲ့ ဟာပါ။ နှစ်ပေါင်း ၅၀ ကနေ၊ အခြေအနေအရပ်ရပ်ကို ဘက်စုံပြောင်းလဲလာတာ ဒီတနိုင်ငံလောက်ပဲ ရှိပါတယ်။ ဒီ ဥစ္စာကို Snake & Ladder မြွေနဲ့ လှေခါး ကစားသလိုပဲ၊ ကစားလိုက်တဲ့အခါမှာ ပြန်ပြီး မြွေအမြိုခံရမယ့် အဖြစ်မျိုး၊ မြန်မာနိုင်ငံရဲ့ သွားတဲ့ နိုင်ငံရေးလမ်းကြောင်းနဲ့ ဒီမိုကရေစီလမ်းကြောင်းကို သွေဖည်သွားနိုင်အောင် ဒါမျိုးတွေနဲ့ သူတို့ လုပ်ပြီးတော့၊ ခြိမ်းခြောက်ပြီးတော့ လုပ်ကိုင်လာတာ ရှိပါတယ်။ ဒါတွေကတော့ သူတို့အပေါ်မှာ မူတည်ပါတယ်။ တခုပဲ အံကယ်တို့ကတော့ ဒါက တပ်လှန့်လိုက်သလို ဖြစ်ပါတယ်။ ကိုယ့်ခြေထောက်ပေါ် ကိုယ်ရပ်ပြီးတော့ ကိုယ့်နိုင်ငံနဲ့ ကိုယ့်လူမျိုးအပေါ် နိုင်ငံတော်က ဖြေလျှော့မှုတွေကို ပေးပြီး၊ မြန်မာနိုင်ငံရဲ့ ထုတ်ကုန်တွေ ယှဉ်ပြိုင်နိုင်စွမ်းရှိလာအောင် လုပ်လာဖို့လိုလိမ့်မယ်ဆိုတာတော့ တဖြေးဖြေး မြင်လာပါတယ်။ တဖက်သားကို အားမကိုးဘဲနဲ့ လုပ်ဖို့ လိုလာပါတယ်။"

အောက်တိုဘာလ ၃၀ ရက်နေ့က နေပြည်တော်မှာမြန်မာနိုင်ငံ အစိုးရ ကိုယ်စားလှယ်တွေနဲ့ တွေ့ဆုံတဲ့အချိန် မြန်မာအစိုးရ ကိုယ်စားလှယ်တွေ ဘက်က ဥရောပ သမဂ္ဂက ပေးထားတဲ့ ကုန်သွယ်ရေးဆိုင်ရာ အထူး အခွင့်အရေးတွေ ရုပ်သိမ်းမယ်ဆိုရင် ဖြစ်ပေါ်လာနိုင်တဲ့ အကျိုးဆက်နဲ့ ထိခိုက်နစ်နာမှု အခြေအနေတွေကို ဆွေးနွေးခဲ့တယ်လို့ သတင်းထုတ်ပြန်ထားပါတယ်။

မြန်မာနိုင်ငံကို ပေးထားတဲ့ ကုန်သွယ်ရေးဆိုင်ရာ အခွင့်အရေးတွေ အီးယူဘက်က ရုပ်သိမ်းမသိမ်း လာမယ့် ခြောက်လ နောက်ပိုင်းမှာ ဆုံးဖြတ်နိုင်တယ်လို့ မြန်မာနိုင်ငံကို လာရောက်တဲ့ စောင့်ကြည့်ရေး ကိုယ်စားလှယ်အဖွဲ့က ဆွေးနွေးခဲ့တဲ့အကြောင်း မြန်မာနိုင်ငံခြားရေး ဝန်ကြီးဌာန၊ အပြည်ပြည်ဆိုင်ရာ အဖွဲ့အစည်းများနဲ့ စီးပွားရေးဦးစီးဌာန ညွန်ကြားရေးမှူးချုပ် ဦးချမ်းအေးက VOA ကို ပြောပါတယ်။

ဆွေးနွေးချက်တွေအပေါ် အခြေခံပြီး မြန်မာနိုင်ငံကိုပေးထားတဲ့ ကုန်သွယ်ရေးဆိုင်ရာ အထူးအခွင့်အရေးတွေ အီးယူဘက်က ရုပ်သိမ်းမလား၊ မရုပ်သိမ်းဘူးလား အလားအလာနဲ့ ပတ်သက်လို့တော့ သူကတော့ မရုပ်သိမ်းဘူးလို့ အကောင်းမြင် မျှော်လင့်တဲ့အကြောင်း ညွှန်ကြားရေးမှူးချုပ် ဦးချမ်းအေးက VOA ကို ပြောဆိုပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG