သုံးရလွယ်ကူစေသည့် Link များ

logo-print
နောက်ဆုံးရသတင်း

ကန်အောက်လွှတ်တော် Trump ကိုအရေးယူနိုင်ဖို့ စုံစမ်းစစ်ဆေးမှု စတင်


ဒီမိုကရက်တွေ ကြီးစိုးတဲ့ အမေရိကန် အောက်လွှတ်တော်က သမ္မတ Donald Trump ကို သူ့ ရဲ့ ၂၀၁၆ ရွေးကောက်ပွဲမဲဆွယ်ပွဲအပြင် သူ့စီးပွါးရေးနဲ့ သူအာဏာရယူချိန်တွေမှာ တရားရေးကို ကြားဝင်နှောက်ယှက်မှု ရှိမရှိ ကျယ်ပြန့်တဲ့ စုံစမ်းစစ်ဆေးမှုတွေကို စတင်လိုက်ပါပြီ။ သမ္မတ Trump ကတော့ သူ့ဘက်က အမှားတစုံတရာလုပ်မထားကြောင်းနဲ့ စုံစမ်းစစ်ဆေးမှုတွေမှာ ပူးပေါင်းဆောင်ရွက်မှာ ဖြစ်ကြောင်း ပြောပါတယ်။

စုံစမ်းစစ်ဆေးမှုလုပ်မယ့် အခြေနေ အပြည့်အစုံကို ဒေါ်ခင်မျိုးသက်က စုစည်း တင်ပြပေးမှာပါ။

အမေရိကန်ပြည်ထောင်စုရဲ့ ၄၅ ဆက်မြောက် သမ္မတ Donald Trump နဲ့ ပတ်သက်နေတဲ့ လူပုဂ္ဂိုလ်နဲ့ အဖွဲ့အစည်းပေါင်း ၈၁ ခုကို သီတင်းပတ် ၂ ပတ်အတွင်း သက်ဆိုင်ရာ စာရွက်စာတမ်းတွေ ပို့ပေးဖို့ အောက်လွှတ်တော် တရားရေးကော်မတီက အကြောင်းကြား စာတွေပေးပို့ တောင်းဆိုလိုက်ပါတယ်။ သမ္မတဘက်က ကြားဝင်နှောက်ယှက်မှုရှိမရှိ စုံစမ်းစစ်ဆေးရုံတင်မကပဲ သမ္မတ သက်တမ်း ၂ နှစ်အတွင်း အာဏာအလွဲသုံးစား လုပ်မှု ရှိမရှိနဲ့ အဂတိလိုက်စားမှု ရှိမရှိကိုပါ စုံစမ်းသွားမှာ ဖြစ်ကြောင်း တရားရေးကော်မတီက ပြောပါတယ်။

ကော်မတီဥက္ကဌဖြစ်တဲ့ လွှတ်တော်အမတ် Jerry Nadler က စုံစမ်းစစ်ဆေးမှုတွေကို တနင်္လာနေ့မှာ စတင်ကြောင်း ကြေညာခဲ့ပြီး တရားဥပဒေစိုးမိုးရေးကို ခြိမ်းခြောက်မှု ရှိမရှိ စုံစမ်းဖို့ကိစ္စဟာ လွှတ်တော်ရဲ့ တာဝန်ဖြစ်ပြီး အောက်လွှတ်တော် တရားရေးကော်မတီရဲ့ အဓိက အလုပ်တခု ဖြစ်ကြောင်းပြောခဲ့တာပါ။

သမ္မတ Trump ကတော့ သူ့ရဲ့သမ္မတ သက်တမ်းအတွင်းမှာရော ရွေးကောက်ပွဲ မဲဆွယ်အဖွဲ့နဲ့ ရုရှားတို့ဆက်နွယ်မှုမှာပါ အမှားတစုံတရာ ကျူးလွန်တာမရှိဖူးလို့ အရင်ကတည်းက ပြောခဲ့တာပါ။ အခု ကော်မတီ ဥက္ကဌ Nadler ရဲ့ စုံစမ်းမှုကို ပူးပေါင်းဆောင်ရွှက်ဖို့ ရှိမရှိ တနင်္လာနေ့မှာ သတင်းထောက်တွေက သမ္မတအိမ်ဖြူမှာ မေးမြန်းတဲ့အခါမှာတော့

"ကျနော်က အမြဲတမ်းပဲ လူတိုင်းနဲ့ ပူးပေါင်း ဆောင်ရွက်ပါတယ်။ ဘာပတ်သက်မှုမှ ရှိမနေတာက သိပ်ကောင်းတဲ့အချက်ပါ။ သူတို့ ပြောနေတာ တွေက လုပ်ကြံမှုတွေပါပဲ” လို့ ပြောသွားတာပါ။

သမ္မတအိမ်ဖြူတော် ကတော့ တရားရေးကော်မတီက တောင်းဆိုတဲ့ စာရွက် စာတမ်းတွေ ကို သူတို့ရဲ့ ရှေ့နေတွေနဲ့ သက်ဆိုင်ရာ သမ္မတအိမ်ဖြူ အရာရှိတွေက ပြန်သုံးသပ်ပြီး သင့်တော်တဲ့ အချိန်မှာ တုန့်ပြန်မူလုပ်ပါမယ်လို့ ပြောပါတယ်။

လွှတ်တော်တရားရေးကော်မတီက သမ္မတအိမ်ဖြူအပြင် တရားရေးဌာန၊ မဲဆွယ်အဖွဲ့အကြီးတန်း အရာရှိတွေ၊ Trump Organization၊ သမ္မတရဲ့ နိုင်ငံတကာစီးပွါးရေးလုပ်ငန်းနဲ့ သားအကြီး ၂ယောက်ဖြစ်တဲ့ Donald Trump Jr. နဲ့ Eric Trump တို့ဆီကနေ စာရွက်စာတမ်းတွေ တောင်းခံစာ ပေးပို့ခဲ့တာ ဖြစ်ပါတယ်။

ကော်မတီ ဥက္ကဌ Nadler က သူ့အနေနဲ့ သမ္မတရဲ့ အကြီးဆုံးသား Donald Trump Jr. နဲ့ Trump Organization က ဘဏ္ဍာရေးအရာရှိချုပ် Allen Weisselberg တို့ဆီက စာရွက်စာတမ်းတွေကို ကြည့်ချင်တယ်လို့ ABC သတင်းဌာနကို ပြောပါတယ်။

"ရာဇဝတ်ပြစ်မှုတွေနဲ့ သမ္မတကို အရေးယူနိုင်တဲ့ပြစ်မှုတွေက တခြားစီပါ။ ရာဇဝတ်ပြစ်မှု ဖြစ်ပေမယ့် သမ္မတကို အရေးယူနိုင်မယ့် ပြစ်မှုမျိုး ဖြစ်နိုင်သလို သမ္မတကို အရေးယူနိုင်တဲ့ ပြစ်မှုဖြစ်ပေမယ့် ရာဇဝတ်ပြစ်မှု ဖြစ်ချင်မှလည်း ဖြစ်မှာပါ။ ဒါပေမယ့် အမေရိကန် ပြည်သူတွေကို ကျနော်တို့ ချပြရမှာ ဖြစ်သလို Mueller ရဲ့ စုံစမ်းစစ်ဆေးမှုတွေပေါ်မှာ ချည်းပဲ မူတည်ထားလို့ မရနိုင်ပါဘူး။

Mueller ရဲ့ စုံစမ်းစစ်ဆေးမှုက ပထမအချက်အနေနဲ့ဆိုရင် သူက ဘယ်အချိန်မှ ပြီးမယ်ဆိုတာ မသိရသလို ဒုတိယအချက်ကလည်း သူက တိကျတဲ့ရာဇဝတ်ပြစ်မှု ကိုပဲ ဦးတည်စစ်ဆေးနေတာပါ။ ကျနော်တို့ကတော့ ဒီ့ထက်ပိုကျယ်ကျယ်ပြန့်ပြန့် လုပ်ဖို့ ရှိပါတယ်။”

သမ္မတ Trump ရွေးကောက်ပွဲမဲဆွယ်စဉ်က ရုရှားနဲ့ ဆက်နွယ်မှု ရှိမရှိနဲ့ တရားရေးကိစ္စရပ်တွေမှာ ကြားဝင်နှောက်ယှက်မှု ရှိမရှိ အထူးစုံစမ်းရေးမှုး Robert Mueller ရဲ့ စုံစမ်းမှုတွေဟာ ၂၂ လကြာမြင့်ပြီဖြစ်ပြီး ဒီစုံစမ်းမှုအစီရင်ခံစာ ထုတ်ပြန်မှာကို ကော်မတီဥက္ကဌ Nadler နဲ့ လွှတ်တော်အဖွဲ့ဝင်တွေက စောင့်နေကြတာ ဖြစ်ပါတယ်။

Nadler က သမ္မတဟာ တရားရေးကို ကြားဝင်နှောက်ယှက်မှု ရှိတယ်လို့ သူယုံကြည်ကြောင်း တနင်္ဂနွေနေ့က ပြောပါတယ်။

သမ္မတရဲ့ ကိုယ်ရေးရှေ့နေဟောင်းအဖြစ် ကာလကြာရှည်လုပ်ဆောင်ခဲ့သူ Michael Cohen က သမ္မတဟာ သမ္မတဖြစ်အောင် ကြိုးစားချိန်မှာရော သမ္မတ ဖြစ်လာချိန်မှာပါ ရာဇဝတ်မှုမျိုးစုံကို ကျူးလွန်ခဲ့တယ်လို့ ပြီးခဲ့တဲ့သီတင်းပတ် လွှတ်တော်ကြားနာပွဲမှာ ထွက်ဆိုခဲ့ကြောင်းလည်း ပြောပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG