သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

သန်လျင်က အမှိုက်ချေဖျက်စက် စမ်းသပ်လည်ပတ်


သန်လျင်က အမှိုက်ချေဖျက်စက်
သန်လျင်က အမှိုက်ချေဖျက်စက်

(Zawgyi/Unicode)

မြန်မာနိုင်ငံမှာ တနေ့တခြား များပြားလာနေတဲ့ အမှိုက်ပြဿနာကို ဖြေရှင်းဖို့အတွက် တနေ့ကို ပလပ်စတစ်အမှိုက် ၂ တန် ချေဖျက်ပေးနိုင်ပြီး သဘာဝပတ်ဝန်းကျင်ကို မထိခိုက်စေတဲ့ အမှိုက်ချေဖျက်စက်ကို သန်လျင် သဘာဝတရားရိပ်သာမှာ စမ်းသပ်လည်ပတ်နေပါပြီ။ ဂျပန်နိုင်ငံက နောက်ဆုံးပေါ် နည်းပညာနဲ့ တည်ဆောက်ထားတဲ့ ဒီစက်ကိုတော့ သဘာဝတရားရိပ်သာ ဆရာတော်က သူ့ကိုယ်ပိုင်ငွေနဲ့ မတည် တင်သွင်းခဲ့တာ ဖြစ်ပါတယ်။ သန်လျင်မှာကျင်းပတဲ့ ဒီစက်လည်ပတ်ပုံ သရုပ်ပြပွဲကို ကိုယ်တိုင် သတင်းသွားယူခဲ့တဲ့ ဗွီအိုအေသတင်းထောက် စုစုက တင်ဆက်ပေးမှာပါ။

ပလတ်စတစ်အမှိုက်တွေကို စနစ်တကျ စွန့်ပစ်ဖို့နဲ့ ချေဖျက်နိုင်ဖို့ဆိုတာ မြန်မာပြည်မှာ တဆထက်တဆ များပြားလာတဲ့ အမှိုက်ပြဿနာတွေထဲက တခုပါ။ ဒီလိုအမှိုက်ပြဿနာကို ဖြေရှင်းဖို့အတွက် အရပ်ဘက်အဖွဲ့အစည်းတွေကလည်း တနိုင်တပိုင် ဆောင်ရွက်လာတာကို တွေ့ရပါတယ်။

သန်လျင်သဘာဝ တရားရိပ်သာနဲ့ ၁၅ပေ ရွာတဝိုက်က ပလတ်စတစ်အမှိုက်တွေကို ရှင်းလင်းဖို့အတွက် သဘာဝပတ်ဝန်းကျင်ကို နည်းလမ်းတကျ ထိန်းသိမ်းပေးနိုင်တဲ့ အမှိုက်ချေဖျက်စက်ကို သန်လျင်သဘာဝ တရားရိပ်သာမှာ စတင်လည်ပတ်နေပါပြီ။

လတ်တလောမှာတော့ ဒီအမှိုက်ချေဖျက်စက်ဟာ ရိပ်သာဝန်းကျင်မှာရှိတဲ့ အမှိုက်တွေကိုသာ ရှင်းလင်းပေးနိုင်မှာ ဖြစ်ပေမယ့် တနိုင်ငံလုံးမှာရှိတဲ့ အမှိုက်ပြဿနာကို ရှင်းလင်းတဲ့နေရာမှာ စံပြအနေနဲ့ ဆရာတော်ကြီးက ရည်ရွယ်လုပ်ဆောင်ခဲ့တာလို့ သဘာဝတရားရိပ်သာရဲ့ ငွေရေးကြေးရေးနဲ့ ပစ္စည်းထိန်းသိမ်းရေးအပိုင်း တာဝန်ရှိသူ ဆရာလေး ဒေါ်မေဓာဝီက ပြောပါတယ်။

“အမှိုက်တွေက ကိုယ့်ပတ်ဝန်းကျင်မှာတောင် အရမ်းများနေတယ်ပေါ့နော်။ ကျောင်းပတ်ဝန်းကျင်မှာတောင် တော်တော်ကိုများနေတာ။ များတယ်ဆိုတော့ သွားနေလာနေလည်း လမ်းတွေမှာ မြင်တွေ့နေရတယ်လေ။ မြင်တွေ့နေရတဲ့အခါကျတော့ တနိုင်ငံလုံးအတိုင်းအတာနဲ့ ယှဉ်လိုက်ရင်တော့ ဒီစက်လေးက ဘာမှမဟုတ်ဘူး။ ဒါပေမယ့် ပြောမယ်ဆိုရင် စံပြတခုအနေနဲ့ စလုပ်လိုက်တာပေါ့။ စံပြတခုအနေနဲ့ ဆရာတော်ကြီးက ဒီပလတ်စတစ်တွေဟာ တို့ပတ်ဝန်းကျင်မှာ အရမ်းကြီးကို ရုပ်ဆိုးအကျဉ်းတန်နေတယ်။ ဒါကို ငါတို့ဘယ်လိုစပြီးတော့ လုပ်လို့ရမလဲ ခြေတလှမ်း စလှမ်းလိုက်တာပေါ့။”

မြန်မာငွေကျပ် သိန်း ၃၀၀၀ နီးပါးကျသင့်တဲ့ ဒီအမှိုက်ချေဖျက်စက်ကို ဂျပန်နိုင်ငံက မှာယူတာဖြစ်ပြီး ၂၄ နာရီလည်ပတ်ပြီး တနေ့ကို ၂ တန် ချေဖျက်ပေးနိုင်တာပါ။ ဒီအမှိုက်ချေဖျက်စက်က ပြာမှုန် အနည်းငယ်သာထွက်ပြီး ထွက်လာတဲ့ပြာမှုန်ကိုလည်း အုပ်လုပ်တဲ့နေရာမှာ သုံးနိုင်တာကြောင့် အလေအလွင့်မရှိဘဲ သဘာဝပတ်ဝန်းကျင်ကို ထိခိုက်မှုမရှိဘူးလို့ ဂျပန်နိုင်ငံက နည်းပညာတွေကို လွှဲပြောင်း တင်သွင်းပေးနေတဲ့ Salika Limited ရဲ့ မြန်မာပြည်ပိုင်းဆိုင်ရာ ဒါရိုက်တာ ဦးထွန်းအောင်ကျော်က ပြောပါတယ်။

“ဆရာတော်က ပတ်ဝန်းကျင်နဲ့ ပတ်သက်လို့ အရမ်းသတိထားတယ်လေ။ ဆိုတော့ ဒီအမှိုက်စက်ဆိုလို့ရှိရင်လည်း မီးခိုး မထွက်ဘူး။ နောက်ပြီးတော့ Toxin တို့ဘာတို့ အဆိပ်အတောက်တွေလည်း မထွက်ဘူးပေါ့နော်။ အဲလိုထိန်းနိုင်တယ်။ နောက်ပြီးတော့ လောင်စာကိုလည်း သူကထည့်စရာမလိုဘဲ သူ့ဟာသူ ချေဖျက်သွားတာပေါ့နော်၊ အပူနဲ့။ ဆိုတော့ အဲဒီလိုဟာမျိုး ဆရာတော်က သဘောကျတယ်ပေါ့နော်။ သဘောကျတယ်ဆိုတော့ နမူနာအနေနဲ့ ဗမာပြည်မှာ ဒီစက်တခုကို ဆရာတော်က စပြီးတော့ တည်ထောင်ပေးတဲ့သဘောပါ။”

အခုလို အမှိုက်ချေဖျက်စက် တပ်ဆင်ဖို့အတွက် ဂျပန်နိုင်ငံက ပညာရှင်တွေနဲ့ အကြိမ်ကြိမ်တိုင်ပင်ပြီး မြန်မာပြည်က အမှိုက်တွေနဲ့ကိုက်ညီတဲ့ ချေဖျက်စနစ်ကို ရဖို့အတွက် အကြံပေးခဲ့တဲ့ ပရော်ဖက်ဆာ ရှူးအိရှိ ယိုကိုယာမာက မြန်မာပြည်မှာ အမှိုက်သယ်ယူတဲ့စနစ်ကို သေချာမလုပ်ထားဘူးလို့ ဆိုပါတယ်။

“ဂျပန်မှာက တိုက်ဆိုလည်း တိုက်စုရပ်၊ ရပ်ကွက်ဆိုလည်း ရပ်ကွက်စုရပ်ရှိတယ်။ အမှိုက်ပစ်ဖို့အတွက်။ အမှိုက်သယ်တဲ့ကားတွေက အဲဒီစုရပ်ကိုလာပြီး သယ်တဲ့အခါမှာလည်း အမှိုက်အစို၊ အခြောက်ဆိုပြီး ခွဲခြားပြီးသယ်တယ်။ မြန်မာပြည်မှာကတော့ အမှိုက်သယ်ယူတဲ့စနစ် သေချာလုပ်ထားတာ မတွေ့ရဘူး။ လူတိုင်းက ဒီလိုပဲပစ်နေကြတာ တွေ့ရတယ်။”

ပလတ်စတစ်အမှိုက်ပြဿနာကို ဖြေရှင်းဖို့အတွက် အစိုးရမှာသာမကပဲ ပြည်သူတွေမှာလည်း တာဝန်ရှိတာကြောင့် သဘာဝတရားရိပ်သာ အနေနဲ့လည်း တနိုင်တပိုင် ဆောင်ရွက်နေတာလို့ ဆရာလေး ဒေါ်မေဓာဝီက ပြောပါတယ်။

“လူသားအကျိုးပြုလုပ်ငန်းမှာ အစိုးရမှ မဟုတ်ဘူး။ လူတိုင်းလိုက်လုပ်နိုင်ရမယ်။ ဆရာလေးပြောတာ အမှိုက်ကို ကိုယ်တိုင်ပစ်နိုင်သလို ကိုယ်တိုင်လည်း ကောက်နိုင်ရမယ်။ ဒါအဓိကကျတဲ့အချက်။ အစိုးရဆိုတာ ပြည်သူကဖွဲ့ပေးထားတဲ့ အစိုးရလေ။ အဲတော့ အစိုးရကိုချည်းပဲ ပုံချရတာ သိပ်သဘာဝ မကျဘူး။ ပစ်တဲ့လူရှိလို့ သိမ်းနေရတာ။ ဒီပစ်တဲ့သူတွေက ကိုယ့်ဟာကိုယ် keep လုပ်နိုင်လို့ရှိရင် ဒါကြီးက ဒီလောက်များစရာ အကြောင်းမရှိဘူး။ ဒါပေမယ့်လည်း ၅၀၊ ၅၀ ပေါ့။ ပြည်သူမှာ ၅၀ တာဝန်ရှိသလို အစိုးရမှာ ၅၀ တာဝန်ရှိတယ်။”

လူတွေစွန့်ပစ်လိုက်တဲ့ ပလတ်စတစ်အမှိုက်တွေဟာ သဘာဝအလျောက် ပျက်ဆီး ယိုယွင်းသွားခြင်း မရှိဘဲ နှစ်ပေါင်းများစွာ တည်ရှိနေတာကြောင့် သဘာဝပတ်ဝန်းကျင်ကို ထိခိုက်စေရုံသာမကပဲ ရေနေသတ္တဝါတွေ ရှင်သန်ရေးအတွက်လည်း အဟန့်အတားဖြစ်လို့ နေပါတယ်။ ဒါကြောင့်လည်း ပလပ်စတစ် စွန့်ပစ်အမှိုက်တွေကို ကမ္ဘာတဝှမ်း ကြီးမားတဲ့ပြဿနာကြီးတခုအဖြစ် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးအဖွဲ့တွေက ရှုမြင်လာကြတာပါ။

မြန်မာနိုင်ငံရဲ့ လူဦးရေအထူထပ်ဆုံးဖြစ်တဲ့ ရန်ကုန်မြို့မှာ လူတွေရဲ့ပလတ်စတစ် စွန့်ပစ်မှုဟာ တရက်ကို တန် ၃၀၀ ရှိနေပြီး၊ ပလတ်စတစ်အမှိုက် ဝ.၈ ကီလိုကို နေ့စဉ်စွန့်ပစ်နေတယ်လို့ ပလတ်စတစ်လျှော့ချရေး လှုပ်ရှားနေတဲ့ သန့်မြန်မာအဖွဲ့က ထုတ်ပြန်ထားပါတယ်။

ပလတ်စတစ်အမျိုးအစားတွေက နှစ်ပေါင်း ၂၀၀၀ ကြာတဲ့အထိ မပျက်စီးဘဲ တည်ရှိနေပြီး၊ ကောင်းကျိုးမရှိတဲ့ ဒီအမှိုက်တွေကို လျှော့ချနိုင်ဖို့အတွက် ကမ္ဘာတဝှမ်း လှုပ်ရှားဆောင်ရွက်နေကြပါတယ်။

တိုက်ရိုက် လင့်ခ်

[Unicode Version]
















XS
SM
MD
LG