သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ပလတ်စတစ်သုံးစွဲမှု လျော့ကျရေး သီတင်း ၁၀ ပတ်ကြာ လှုပ်ရှားမှု စတင်


မြန်မာနိုင်ငံမှာ ပလတ်စတစ်အသုံးပြုမှု လျော့ကျလာစေဖို့ ရည်မှန်းချက်နဲ့ လှုပ်ရှားမှုတခုကို ပလတ်စတစ်အသုံးပြုမှု တိုက်ဖျက်ရေး လှုပ်ရှားလုပ်ဆောင်နေတဲ့ အဖွဲ့တဖွဲ့က လှုံ့ဆော်စည်းရုံးပြီး ဒီသီတင်းပတ်မှာ စတင်လုပ်ဆောင်နေပါတယ်။ သီတင်း ၁၀ ပတ်ကြာ လုပ်ဆောင်သွားမယ့် ဒီလှုပ်ရှားမှုကို 10 weeks Zero Waste Challenge လို့ အမည်ပေးထားပါတယ်။ အဓိကရည်ရွယ်ချက်ကတော့ ပလပ်စတစ်သုံးစွဲမှုကို လျှော့ချဖို့၊ တခါသုံး ပလတ်စတစ်အိတ်တွေကို လုံးဝမသုံးဘဲ ပြန်ပြီး အသုံး ပြုလို့ရနိုင်မယ့်အိတ်တွေကို အသုံးပြုလာစေဖို့ပဲ ဖြစ်ပါတယ်။ အပြည့်အစုံကိုတော့ ကိုကောင်းစံဟိန်းက ပြောပြပါမယ်။

သီတင်း ၁၀ ပတ်ကြာ ဒီလှုပ်ရှားမှုကို သီတင်းပတ်တပတ်မှာ ပုံစံတမျိုးစီနဲ့လုပ်သွားဖို့ စီစဉ်ထားတာဖြစ်ပြီး တနင်္လာနေ့မှာ စတင်နေပြီဖြစ်ပြီးတော့ တပတ်ချင်းစီမှာ ပလတ်စတစ်အသုံးပြုမှု လျှော့ချရေး မတူညီတဲ့ လှုပ်ရှားမှုတခုစီကို လုပ်သွားမယ့် အကြောင်း လှုပ်ရှားမှုကို ကမကထပြုစီစဉ်တဲ့ သန့်မြန်မာအဖွဲ့က ပြောပါတယ်။ ဒီလို စည်းရုံးလှုံ့ဆော်လုပ်ဆောင်ရတဲ့ အဓိက ရည်ရွယ်ချက်ကိုတော့ သန့်မြန်မာအဖွဲ့က စွန့်ပစ်ပစ္စည်း စီမံခန့်ခွဲမှုဆိုင်ရာ ကျွမ်းကျင်သူ မမေသက်ထွေးက အခုလိုပြောပါတယ်။

“ အဓိကတော့ ဒီမှာကလေ challenge ဆိုရင် နည်းနည်းလုပ်လို့ရတဲ့နေရာမှာရှိတယ်ပေါ့နော် ။ ဆိုတော့ ကျမတို့က ဒီမှာ မြန်မာလူမျိုးတွေ ဘာလုပ်စေချင်တာကို တယောက်ချင်းစီ ကိုယ့်ရဲ့ behavior ကို တဖြေးဖြေးချင်း ချိန်းချင်တာ ၊ ဆိုတော့ ကျမတို့က challenge အနေနဲ့ Step by step challenge ခေါ်လုပ်သလိုမျိုး လုပ်ဖြစ်သွားတာပါရှင့်။”

အခုလှုပ်ရှားမှုဟာ ဖေ့စ်ဘုတ် ဆိုရှယ်မီဒီယာကနေတဆင့် လှုံ့ဆော် စည်းရုံးတဲ့ လှုပ်ရှားမှုတခုဖြစ်ပြီး အလွယ်တကူပဲ ပါဝင်နိုင်ပါ တယ်။ ပါဝင်လိုသူတွေအနေနဲ့ ဈေးဝယ်သွားတဲ့အခါ ပလတ်စတစ်အိတ်ကိုမသုံးဘဲ ပြန်ပြီးအသုံးပြုလို့ရတဲ့ အိတ်မျိုးကိုသုံးပြီး အဲဒီလို ကိုယ့်ရဲ့အသုံးပြုမှုကို ဓာတ်ပုံရိုက်ပြီးတော့ #သန့်မြန်မာ 10 weeks Zero waste challenge လို့ရေးပြီး ကိုယ့်ရဲ့ ဖေ့စ်ဘုတ်စာမျက်နှာမှာ တင်ပေးရမှာပဲဖြစ်ပါတယ်။

တစ်ပတ်ချင်းစီအလိုက် လုပ်သွားမယ့် အစီအစဉ်တွေနဲ့ ပတ်သက်ပီးတော့လည်း မမေသက်ထွေးက အခုလို ရှင်းပြပါတယ်။

“ဒီနေ့ဆိုရင် ပထမဦးဆုံး တပတ်ရဲ့ challenge အစဆိုရင် ကြွတ်ကြွတ်အိတ်အစား တခြား အစားသုံးပစ္စည်းသုံးမယ်။ နောက်ပိုင်းမှာဆိုရင် ဘာရှိမလဲဆိုတော့ ရေသန့်ဘူးအစား တခြားအစားထိုး ပစ္စည်းတွေ နောက်ပြီး ကျမတို့ ခရီးသွားတဲ့အခါမှာ ပလတ်စတစ် ပစ္စည်းတွေကို လက်မခံပဲနဲ့ ဘယ်လိုသွားလို့ရသလဲဆိုတာ ပြီးတော့ အမှိုက်တွေ ဘယ်လိုပစ်ရသလဲဆိုတာ အဲဒါမျိုးတွေ ရှိပါတယ်ရှင့်။”

ရန်ကုန်မြို့နေလူထုရဲ့ ပလတ်စတစ်အမှိုက် စွန့်ပစ်မှုဟာ တစ်ရက်ကို တန် ၃၀၀ ရှိပြီး လူတစ်ယောက်ကို နေ့စဉ် ပလတ်စတစ် အမှိုက် ဝ.၈ ကီလို စွန့်ပစ်နေတယ်လို့ သန့်မြန်မာအဖွဲ့ရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။ ဒါ့အပြင် မြန်မာနိုင်ငံတွင်း မြို့ပြ နေလူထု တဦးချင်းစီဟာ တရက်ကို ပျှမ်းမျှခြင်းအားဖြင့် ပလတ်စတစ်အိတ် ၄ လုံး သုံးစွဲနေတာကြောင့် လူတဦးချင်းစီဟာ တနှစ်ကို ပလတ်တစ်အိတ်ပေါင်း ၁၄၆၀ သုံးစွဲနေတာဖြစ်တယ်လို့ သန့်မြန်မာအဖွဲ့က ပြောပါတယ်။

မြန်မာနိုင်ငံရဲ့ လူဦးရေအထူထပ်ဆုံး ရန်ကုန်မြို့မှာဆိုရင် ပလတ်စတစ်အိတ်တွေ၊ ဗူးခွံတွေက ရေမြောင်းတွေထဲမှာ ပိတ်ဆို့နေ တာကြောင့် ရေစီးဆင်းမှုကို အဟန့်အတားဖြစ်ပြီး မိုးရာသီကာလမှာ လမ်းတွေပေါ်ရေကြီးရတဲ့ အကြောင်းရင်းတခုဖြစ်နေပါတယ်။

ပလစ်စတစ် အမျိုးအစားအတော်များများဟာ နှစ်ပေါင်း ၂၀၀၀ ကြာတဲ့အထိ မပျက်မစီး ရှိနေနိုင်တယ်လို့ ကျွမ်းကျင်သူတွေက ပြောပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG