သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အရှေ့တောင်အာရှ စွန့်ပစ်ပလတ်စတစ် အန္တရာယ်


အိန္ဒိယနိုင်ငံက ပလတ်စတစ်ပုံတခု
အိန္ဒိယနိုင်ငံက ပလတ်စတစ်ပုံတခု

ချမ်းသာ ကြွယ်ဝတဲ့ ကမ္ဘာ့နိုင်ငံကြီးတွေဟာ တန်ချိန် သန်းချီရှိတဲ့ ပလပ်စတစ်စွန့်ပစ် ပစ္စည်းတွေကို အရှေ့တောင် အာရှဒေသကို တင်ပို့နေတာကြောင့် အဲဒီဒေသ နိုင်ငံတွေအတွက် စွန့်ပစ် ပစ္စည်း ပြန်လည် အသုံးပြုနိုင်အောင် လုပ်ဆောင်ရာမှာ ဝန်ထုပ်ဝန်ပိုး ဖြစ်နေပြီး ပတ်ဝန်းကျင် ညစ်ညမ်းမှု ပြဿနာ ကျယ်ကျယ် ပြန့်ပြန့် ဖြစ်ပေါ်နေတဲ့အကြောင်းကို VOA သတင်းထောက် Henery Ridgwell ကတင်ပြထားပါတယ်။ ကိုရဲမင်းထွန်းက ဆက်ပြောပြပါလိမ့်မယ်။

ကွာလာလမ်ပူမြို့ပြင်ဘက် ကီလိုမီတာ ၅၀ အကွာ ဆီအုန်း စိုက်ခင်းတစ်ခုရဲ့ အလယ်မှာ စွန့်ပစ်ထားတဲ့ ပလပ်စတစ်တွေ တောင်ပုံ ရာပုံ ရှိနေပါတယ်။ အဲဒီ စွန့်ပစ်ပလပ်စတစ်တွေ တော်တော် များများဟာ ဥရောပနဲ့ မြောက် အမေရိက က ချမ်းသာတဲ့ နိုင်ငံကြီးတွေဆီက ရောက်လာတာပါ။ ဒေသခံတွေကတော့ အဲဒီဒဏ်ကို ကောင်းကောင်း ခံနေကြရပါတယ်။ ဒီ ပြသနာ အကြောင်း ဒေသခံလည်းဖြစ်၊ ပတ်ဝန်းကျင် ထိန်းသိမ်းရေးသမားတစ်ဦလည်းဖြစ်တဲ့ Pua Lay Peng က အခုလို ပြောပါတယ်။

“သူတို့တွေက ပြန် သုံးလို့ မရတဲ့ ပလပ်စတစ်တွေနဲ့ အပယ်ခံထားရတဲ့ ကုန် ပစ္စည်းကို ဒီမှာ လာပစ်ထားကြတာလေ။ နောက်တော့ စက်ရုံနောက်ဘက်မှာ မီးရှို့ပစ်ကြတယ်။ ဒါကြောင့် အဲဒီ အဆိပ်ငွေ့ မီးခိုးတွေက ကျွန်မတို့ကို မကျန်းမမာဖြစ်စေတာပေါ့။”

ပြီးခဲ့တဲ့ နှစ်ကစပြီး စွန့်ပစ် ပလပ်စတစ်တွေ တင်သွင်းတာကို တရုတ်နိုင်ငံက ပိတ်ပင်လိုက်လို့ ကမ္ဘာ စက်မှုလုပ်ငန်း တစ်ခုလုံးကို ဗရုတ်သုတ်ခ ဖြစ်သွားစေပါတယ်။ ချမ်းသာတဲ့ နိုင်ငံတွေဟာ သူတို့ရဲ့ ကိုယ်ပိုင်ပလပ်စတစ် ပြဿနာကို ပြည်ပနိုင်ငံတွေကို တင်ပို့ နေတယ်လို့ ပြောပြီး ပတ်ဝန်းကျင် ထိန်းသိမ်းရေးအဖွဲ့ တစ်ခုဖြစ်တဲ့ ဂရင်းပိစ် အဖွဲ့က Kate Lin က အခုလို ဆက်ပြောပါတယ်။

“သူတို့တွေမှာ စွန့်ပစ် ပစ္စည်းတွေကို သိမ်းဆည်း ကိုင်တွယ်နိုင်တဲ့ ပစ္စည်း ကိရိယာတွေ ကောင်းကောင်း ရှိပါတယ်။ ဒါပေမဲ့ တစ်ဝက်လောက်ကို သူတို့က တစ်ခြားနိုင်ငံတွေကို ပို့နေတယ်။ တရုတ်နိုင်ငံက မပိတ်ပင်ခင်က ဒါတွေကို ပြန်သုံးနိုင်တဲ့ပစ္စည်းဖြစ်အောင် တရုတ်နိုင်ငံကို ပို့လိုက်ရုံပဲ။ ဒီ ပစ္စည်းတွေကို မှန်မှန်ကန်ကန် ပြန် အသုံးပြုနိုင်အောင် လုပ် - မလုပ် ဆိုတာကိုတော့ သူတို့ ဆက် မကြည့်ကြတော့ဘူး။ အခု တရုတ်က ပိတ်လိုက်တော့ တစ်ခြား နေရာသစ်တွေကို ရှာကြပြီပေါ့။”

ဂရင်းပိစ် အဖွဲ့ရဲ့ အစီရင်ခံစာက စွန့်ပစ် ပစ္စည်း တစ်ဝက်ကျော် တစ်နှစ် တန် ၃ သန်း လောက်ဟာ မလေးရှား၊ ဗီယက်နမ်နဲ့ ထိုင်းနိုင်ငံ အပါအဝင် အရှေ့တောင် အာရှနိုင်ငံတွေဆီကို ရောက်သွား ကြတယ် လို့ ပြောပါတယ်။ ဂရင်းပိစ်က Late Lin က အခုလို ဆက်ပြောပါတယ်။

“ဒီ နိုင်ငံတွေမှာ ဒီ လောက် များပြားတဲ့ နိုင်ငံခြားက စွန့်ပစ် ပစ္စည်း သွင်းကုန်တွေကို ကိုင်တွယ်နိုင်တဲ့ လုံလောက်တဲ့ အရင်းအမြစ်တွေ မရှိဘူးလေ။ ဒါကြောင့် ဒါတွေက ဒေသဆိုင်ရာ ပတ်ဝန်းကျင် ညစ်ညမ်းမှုတွေ ဖြစ်ပေါ်စေတာပေါ့။”

ဒါကို တုံ့ပြန်ဖို့ အရှေ့တောင်အာရှ နှိုင်ငံတော်တော်များများက စွန့်ပစ် ပလပ်စတစ် တင်သွင်းမှုကို ကန့်သတ်လာလို့ဒီ အမှိုက်တွေဟာ နောက်ဆုံးမှာ သွင်းကုန် စည်းမျဉ်း စည်းကမ်း လျော့နေတဲ့ အိန္ဒိယနဲ့ အင်ဒိုနီးရှားနိုင်ငံတွေဆီကို ရောက်သွားပါတော့တယ်။

ဒီတစ်ပတ်ထဲမှာ ဂျီနီဗာမှာ ကျင်းပနေတဲ့ ကုလသမဂ္ဂ ညီလာခံ တစ်ခုမှာတော့ ဒီ စွန့်ပစ် ပစ္စည်း တင်ပို့သူနိုင်ငံတွေက လက်ခံမယ့် နိုင်ငံတွေဆီက ကြိုတင် ခွင့်ပြုချက် ရယူဖို့ အကြောင်း ဆွေးနွေးနေကြပါတယ်။ အဲဒီ စနစ်ကို ကြိုတင် အကြောင်းကြားပြီးမှ လက်ခံမှု စနစ်လို့ ခေါ်ပါတယ်။ ဒီ ပတ်ဝန်းကျင် ဒဏ်ကို လောလောလတ်လတ် ခံနေရတဲ့ နိင်ငံတွေအတွက်တော့ အပြောင်းအလဲက အချိန်တို အတွင်း ရောက်လာစရာတော့ မမြင်သေးပါဘူး။ မလေးရှား ဒေသခံ ပတ်ဝန်းကျင် ထိန်းသိမ်းရေးသမား Pua Lay Peng က အခုလို ဆက်ပြီး ပြောပါတယ်။

“ကျွန်မတို့ဟာ ပလတ်စတစ်တွေ ဒလဟော သုံးပြီး ကိုယ့်ကိုယ်ကို သေအောင် လုပ်နေကြတာပါ။ ကျွန်မတို့ ပလတ်စတစ်အပေါ် သိပ် မှီခိုလွန်းအားကြီးတယ်။ ကိုယ့် အမှိုက် ကိုယ် ရှင်းကြပါ။ ဒီမှာ လာ မပုံကြပါနဲ့။”

တကယ့် နောက်ဆုံး အဖြေက စွန့်ပစ် ပစ္စည်းကို ဘယ်လို ပိုကောင်းအောင် ပြန်သုံးနိုင်မလဲဆိုတာ မဟုတ်ပါဘူး။ ပလတ်စတစ် သုံးစွဲမှုနဲ့ ထုတ်လုပ်မှုကို သိသိသာသာ လျှော့ချတာဟာသာ တကယ့် အဖြေပါလို့ ဂရင်းပိစ် အဖွဲ့က ပြောထားကြောင်းပါ။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG