သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အသေးစား အလတ်စားလုပ်ငန်းများ အစိုးရ အားပေးမှုလိုအပ်


 (၈)ကြိမ်မြောက် နိုင်ငံတကာသံရုံးများရဲ့ ကမ္ဘာလှည့် ခရီးသွားလုပ်ငန်း၊ ယဉ်ကျေးမှုနဲ့ နိုင်ငံအလိုက် ထုတ်ကုန်တွေပြသတဲ့ ဆောင်းရာသီ နိုင်ငံတကာကုန်စည်ပြပွဲ
(၈)ကြိမ်မြောက် နိုင်ငံတကာသံရုံးများရဲ့ ကမ္ဘာလှည့် ခရီးသွားလုပ်ငန်း၊ ယဉ်ကျေးမှုနဲ့ နိုင်ငံအလိုက် ထုတ်ကုန်တွေပြသတဲ့ ဆောင်းရာသီ နိုင်ငံတကာကုန်စည်ပြပွဲ

(Zawgyi/Unicode)

မြန်မာနိုင်ငံမှာ အသေးစား အလတ်စား စီးပွားရေးလုပ်ငန်းတွေကို အစိုးရကသာ အားပေးကူညီ လာမယ်ဆိုရင် ပြည်တွင်းထုတ်ကုန်လုပ်ငန်း ကဏ္ဍ တိုးတက်လာမှာဖြစ်ပြီး၊ ပြည်တွင်းစီးပွားရေး တိုးတက်လာစေမှာဖြစ်သလို အလုပ်အကိုင် အခွင့်အလမ်းတွေ ပိုများလာမှာဖြစ်တယ်လို့ SME ခေါ် အသေးစားအလတ်စား လုပ်ငန်းရှင်တချို့က ပြောကြားလိုက်ပါတယ်။ အမေရိကန်ပြည်ထောင်စု ဝါရှင်တန်ဒီစီမြို့တော်မှာကျင်းပတဲ့ ၈ ကြိမ်မြောက် ဆောင်းရာသီ နိုင်ငံတကာကုန်စည်ပြပွဲအပြီး အဲဒီလို ပြောဆိုလိုက်တာပါ။ ဒီအကြောင်း ကိုဉာဏ်ဝင်းအောင်က တင်ပြထား ပါတယ်။

International Trade Center နဲ့ TCMA တို့က ကြီးမှူးကျင်းပတဲ့ (၈)ကြိမ်မြောက် နိုင်ငံတကာသံရုံးများရဲ့ ကမ္ဘာလှည့် ခရီးသွားလုပ်ငန်း၊ ယဉ်ကျေးမှုနဲ့ နိုင်ငံအလိုက် ထုတ်ကုန်တွေပြသတဲ့ ဆောင်းရာသီ နိုင်ငံတကာကုန်စည်ပြပွဲကို ဝါရှင်တန်ဒီစီမြို့တော် Ronald Reagan ကုန်သွယ်ရေးအဆောက်အဦမှာ ဒီဇင်ဘာ (၅)ရက်နေ့က ကျင်းပခဲ့ပြီး နိုင်ငံတကာက ဒေသထွက်ကုန်တွေကို မိတ်ဆက် ခင်းကျင်းပြသတဲ့ပွဲ ဖြစ်ပါတယ်။ ဒီပြပွဲမှာ နိုင်ငံတွေကိုယ်စား မြန်မာသံရုံးအပါအဝင် သံရုံးပေါင်း ၆၀ လောက်က လုပ်ငန်းရှင်တွေကို ဖိတ်ခေါ်ပြီး လာရောက် ပြသ ကြတာ ဖြစ်ပါတယ်။

ဒီပွဲမှာ မြန်မာနိုင်ငံကို ကိုယ်စားပြုတဲ့ စွန့်ဦးတီထွင် လုပ်ငန်းရှင်တချို့လည်း ပါဝင်ခဲ့ကြပြီး မြန်မာ့ထွက်ကုန်တွေကို ပြသရောင်းချခဲ့ပါတယ်။ ထန်းရွာ (Toddy Palm Village) လို့အမည်ပေးထားတဲ့ ထန်းထွက်ပစ္စည်း လုပ်ငန်းရှင် ကိုကောင်စံဟိန်းကတော့ မြန်မာ့ထွက်ကုန်ပစ္စည်းကို အခြားနိုင်ငံတွေက စိတ်ဝင်စားကြတဲ့အတွက် အားတက်မိကြောင်း ရှင်းပြပါတယ်။

“ ကျနေ်ာဆိုရင် မြန်မာနိုင်ငံ အညာဒေသကထွက်တဲ့ ထန်းညှက်၊ ထန်းသကြား စတဲ့ ထန်းအခြေခံ စားသောက်ကုန် ၃၊၄ မျိုးလောက်ကို ပြတယ်ခင်ဗျ။ ကျနော်တို့ ဒီ Plam sugar ကိုလည်း စိတ်ဝင်စားကြတယ်။ နောက်ပြီးတော့ အခုရာသီက အေးတဲ့ရာသီဖြစ်တဲ့အတွက် အညာဒေသကထွက်တဲ့ ထန်းရေချိုနဲ့ ဂျင်းနဲ့ လုပ်ထားတဲ့ ပစ္စည်းကို ဒါကို ကျနော်တို့က နမူနာအနေနဲ့ ပွဲကိုလာတဲ့ ဧည့်သည်တွေကို ဖျော်တိုက်တာမျိုးတွေ ရှိတယ်ဆိုတော့ လူတွေအရမ်းစိတ်ဝင်စားကြတယ် သဘောကျတယ်။ ဝယ်ကြတာတွေလည်း များတယ်ပေါ့နော်။”

ဒီကနေ့ကမ္ဘာမှာ ပလပ်စတစ်ပစ္စည်း သုံးစွဲမှုကြောင့် သဘာဝပတ်ဝန်းကျင် ပျက်စီး ထိခိုက်လာရတယ်ဆိုပြီး ဝေဖန်မှုတွေ မြင့်မားနေချိန်မှာ ကွမ်းပင်ထွက် သဘာဝပစ္စည်းတွေနဲ့ ပလပ်စတစ်အစားထိုး တခါသုံးပန်းကန်၊ ဇွန်း၊ အစားအစာထည့်တဲ့ဗူး စတဲ့ပစ္စည်းတွေ ခင်းကျင်းပြသ ရောင်းချခဲ့သူကတော့ Nature Myanmar ထုတ်ကုန်ပစ္စည်း လုပ်ငန်းရှင် ကိုမင်းကျော်ဇင်ပဲ ဖြစ်ပါတယ်။

“အဓိကတော့ ဒီဘက်ခေတ်က အားလုံးမျှော်လင့်နေကြတာကတော့ ပလပ်စတစ် နဲ့ ဖော့ဘူးနေရာမှာ အစားသုံးနိုင်မယ့်ပစ္စည်းပေါ့နော်။ ဘာဖြစ်လို့လဲဆိုတော့ ပလပ်စတစ် နဲ့ ဖော့ဘူးက ကမ္ဘာကြီးကို အများကြီး ဒုက္ခပေးနေတယ်။ ကျန်းမာရေးအရရော သဘာ၀ ပတ်ဝန်းကျင်အရရော ဆိုတာ အကုန်လုံးက သိတယ်ပေါ့နော်။ ကျနော်ထင်တဲ့အတိုင်းပဲ ဒီဘက်မှာလည်း အားလုံးက ကျနော်တို့ ပစ္စည်းကို မြင်တာနဲ့ ဝမ်းသာအားရနဲ့ ကြိုဆိုတယ်။ Mass Production ထုတ်ဖို့အတွက် အားပေးတယ်။ တကယ်လို့ Mass Production ထုတ်နိုင်ပြီဆိုရင် သူတို့ကို ဆက်သွယ်ဖို့ contact တွေပေးခဲ့တယ်။ အားကျိုးမာန်တက်ပါပဲ နိုင်ငံတော်တော်များများလည်း ကျနော်တို့ကို လာဆက်သွယ်တယ်။”

နိုင်ငံတကာက ဝယ်ယူအားပေးလိုတဲ့ ဒီလို စိတ်အားထက်သန်မှုရှိပေမဲ့ မြန်မာအစိုးရက အသေးစား အလတ်စား စီးပွားရေးလုပ်ငန်းတွေကို အားပေးကူညီ မြေတောင်မြှောက်ပေးမှသာ ပြည်တွင်းထုတ်ကုန်လုပ်ငန်း တိုးတက်လာမှာဖြစ်ပြီး၊ အလုပ်အကိုင် အခွင့်အလမ်းတွေ ပိုများ လာမှာဖြစ်တယ်လို့ ကိုမင်းကျော်ဇင်က သုံးသပ်ပါတယ်။

“ကျနော်တို့ SMES အသေးစားနဲ့ အလတ်စား ကုန်ထုတ်လုပ်တဲ့ လုပ်ငန်းရှင်တွေ တော်တော်များများကတော့ ဘဏ္ဍာရေးအခက်အခဲနဲ့ နည်းပညာ အခက်အခဲကို ရင်ဆိုင်ရတာပေါ့နော်။ ဒါတွေကို ကျော်လွှားဖို့အတွက်ကို လောလောဆည်တော့ ကိုယ်ထူကိုယ်ထပဲ ကြိုးစားနေရတယ်။ အစိုးရကို အားကိုးဖို့လည်း လောလောဆည်မှာ မဖြစ်နိုင်တဲ့ အတိုင်းအတာ ၊ အစိုးရကလည်း သူ့ဟာသူ ရုန်းကန်နေရတဲ့ အနေအထားမှာ ကျနော်တို့ ဘက်ကို သိပ်ဂရုမစိုက်နိုင်ဘူး ။ ဒါပေမယ့် ကမ္ဘာမှာတော့ နိုင်ငံတော်တော်များများကတော့ SME Development ကို အကုန်လုံးက focus ဆိုပြီးတော့ တွန်းအားပေးနေတာရှိတယ်။ တချို့နိုင်ငံမှာ အစိုးရ ကိုယ်တိုင်က Marketing လုပ်ပြီးတော့ သူတို့ Product တွေကို ရောင်းပေးနေတာတွေရှိတယ်။ အသေးစားနဲ့ အလတ်စား လုပ်ငန်းရှင်တွေ တိုးတက်လာမှ နိုင်ငံရဲ့ ကုန်ထုတ်လုပ်မှုတွေ တိုးတက်လာမယ်၊ နိုင်ငံရဲ့ စီးပွားရေး တိုးတက်လာမယ်ပေါ့နော် ၊ အလုပ်အကိုင်တွေလည်း အများကြီး ဝင်လာမယ်၊ ဝင်ငွေတွေလည်း အများကြီးတိုးလာမယ်”

(၈)ကြိမ်မြောက် ဆောင်းရာသီ နိုင်ငံတကာကုန်စည်ပြပွဲမှာ ထန်းရွာ(Toddy Palm Village) ၊ Nature Myanmar ၊ JUMJEL ၊ အောင်နေ လင်းထွန်းကုမ္ပဏီရဲ့ Genius Coffee နဲ့ Burmese Treasure လုပ်ငန်းတို့က လာရောက်ပြသခဲ့ပါတယ်။ မြန်မာသံရုံးပြခန်းမှာ ထန်းအခြေခံ စားသောက်ကုန်တွေအပြင်၊ ကွမ်းသီးဖတ်နဲ့ ပြုလုပ်ထားတဲ့ ပလတ်စတစ်အစားထိုး တခါသုံးပန်းကန်၊ ဇွန်း၊ အစားအသောက်ထည့်တဲ့ဗူး စတာတွေနဲ့ ၊ အညာဒေသထွက် သဘာဝဇီးဖျော်ရည်၊ မန်ကျည်းဖျော်ရည်၊ ရှမ်းပြည်နယ်က ကော်ဖီတွေ ပြသခဲ့ပါတယ်။ ဝါရှင်တန် မြန်မာ သံရုံးဟာ နှစ်စဉ်ကျင်းပတဲ့ ဆောင်းရာသီပြပွဲကို ဒုတိယအကြိမ် ပါဝင်ပြသခဲ့တာဖြစ်ပြီး၊ မနှစ်တုန်းကပြပွဲကို “ Women Empowerment, Farmers to Markets & Environmental-Friendly-business” ခေါင်းစဉ်နဲ့ ပါဝင်ပြသခဲ့ပါတယ်။

တိုက်ရိုက် လင့်ခ်


...................


(Unicode)










XS
SM
MD
LG