သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မြေပုံ ရခိုင်ဒေသခံနှစ်ဦး သတ်ဖြတ်ခံရ


ရခိုင်ပြည်နယ်က မြန်မာလုံခြုံရေးတပ်စခန်း တခု
ရခိုင်ပြည်နယ်က မြန်မာလုံခြုံရေးတပ်စခန်း တခု

(Zawgyi/Unicode)

ရခိုင်မြောက်ပိုင်းမှာ တပ်မတော်နဲ့ ရခိုင်လက်နက်ကိုင် AA အဖွဲ့တို့ကြား တိုက်ပွဲတွေ ဆက်တိုက် ဆိုသလို ဖြစ်ပွားနေချိန်မှာပဲ မြေပုံမြို့နယ် ကမ်းထောင်းကြီး မြို့မှာ ဒီဇင်ဘာလ ၁၈ ရက်နေ့က ပျောက်ဆုံးနေတဲ့ လယ်သမား နှစ်ဦးရဲ့ အလောင်းကို မနေ့က တွေ့ရှိခဲ့တယ်လို့ သေဆုံးသူရဲ့ မိသားစုဝင်တွေက ပြောပါတယ်။ အဲဒီဒေသခံ ၂ ဦးဟာ တပ်မတော်စစ်ကြောင်းကို မိုင်းဆွဲခဲ့သူတွေ ဖြစ်ကြောင်း အနောက်ပိုင်းတိုင်း စစ်ဌာနချုပ် ပြောခွင့်ရက ပြောပါတယ်။ ဒီသတင်းအပြည့်အစုံကိုတော့ ဗွီအိုအေ သတင်းထောက် ကိုသက်နိုင်က ပေးပို့ထားတာပါ။

မြေပုံမြို့နယ် ကန်းထောင်းကြီးမြို့မှာ ပြီးခဲ့တဲ့ သီတင်းပတ်တုန်းက ပစ်ခတ်မှု တခု ဖြစ်ပွားခဲ့ပြီး အဲဒီမှာ ဒေသခံ အမျိုးသမီး တဦး သေဆုံးခဲ့ရသလို နှစ်ဦး ပျောက်ဆုံးခဲ့ပါတယ်။ အဲဒီပျောက်ဆုံးနေတဲ့ ဒေသခံ နှစ်ဦးရဲ့ အလောင်းကို မနေ့က မြို့နဲ့ ၃ မိုင်ခန့်ဝေးတဲ့ ရထိုးတောင်အနီး လယ်ကွင်းမှာ သတ်ဖြတ်မြှုပ်နှံထားတာကို တွေ့ရတယ်လို့ သေဆုံးသူရဲ့ မိသားစုဝင် ကိုစောလှရွှေက ပြောပါတယ်။

"ဒီကရွာက လူကြီး ငါး ယောက်၊ အမျိုးသမီး နှစ်ယောက်နဲ့ သွားပြီးတော့ ကြည့်တဲ့အခါမှာ တဲမှာ ဘယ်သူမှ မရှိတော့ဘူး။ တဲလည်း အကုန်လုံး စုတ်ပျက်သတ်။ အဲမှာရှိတဲ့ စပါးပုံကိုလည်း ဖျက်စီးထားတယ်။ အဲဒီနားမှာ ပတ်ပြီးကြည့် တော့ အနံ့ထွက်တာပေါ့။ သွားကြည့်လိုက်တော့ တွင်းတခုတည်းမှာ မြှုပ်ထားတာကို တွေ့ရတယ်။"

အခုသေဆုံးသွား နှစ်ဦးဖြစ်တဲ့ ရခိုင်လူမျိုး ဦးနီသန်းနဲ့ သူနဲ့အတူ စပါးရိတ်ဖို့ ခေါ်ထားတဲ့ ချင်းလူမျိုး ဦးကင်းချေတို့ဟာ ပြီးခဲ့တဲ့ ဒီဇင်ဘာလ ၁၈ ရက်နေ့က ပစ်ခတ်မှု မဖြစ်ပွားခင် ရထိုးတောင်အနီးမှာ ရှိတဲ့ လယ်ကွင်းသို့ စပါးရိတ်သိမ်းရန် သွားခဲ့ပြီး အဲဒီနေ့ကတည်းက ပျောက်ဆုံးခဲ့တာဖြစ်တယ်လို့လည်း သူက ဆက်ပြောပါတယ်။

သူတို့ပျောက်ဆုံးတဲ့ နေ့မှာပဲ တပ်မတော်စစ်ကြောင်းတစ်ခုဟာ ကမ်းထောင်းကြီးမြို့နဲ့ သုံးမိုင်ခန့်ဝေးတဲ့ ရထိုးတောင် အနီးမှာ မိုင်းပေါက်ကွဲမှုနဲ့ ကြုံတွေ့ခဲ့ရတာပါ။ အဲဒီနောက်မှာ ပစ်ခတ်ခံတွေ ထွက်ပေါ်လာပြီး ကမ်းထောင်းကြီးရပ်ကွက်အတွင်းသို့ ကျည်ဆံတွေ ကျရောက်ခဲ့တာကြောင့် အမျိုးသမီး တဦး သေဆုံးခဲ့ရပါတယ်။

အခုသေဆုံးသွားသူ နှစ်ဦးကိုလည်း အဲဒီ မိုင်းပေါက်ကွဲတဲ့ နေရာအနီးလယ်ကွင်းမှာပဲ ဒေသခံတွေက တွေ့ရှိခဲ့ကြတာ ဖြစ်ပါတယ်။

သေဆုံးသွားသူတွေဟာ ဒီဇင်ဘာလ ၁၈ ရက်နေ့က ရထိုးတောင်အနီးမှာ တပ်မတော်စစ်ကြောင်းကို မိုင်းဆွဲ တိုက်ခိုက်ခဲ့သူတွေ ဖြစ်တယ်လို့ အနောက်ပိုင်းတိုင်း စစ်ဌာနချုပ် ပြောခွင့်ရ ဗိုလ်မှူးကြီး ဝင်းဇော်ဦးက ပြောပါတယ်။

"ကျနော်တို့ကတော့ ဒေသတည်ငြိမ်အေးချမ်းရေး တရားဥပဒေ စိုးမိုးရေး အုပ်ချုပ်ရေးယန္တာရား တည်ငြိမ်ဖို့အတွက်တော့ စစ်ဆင်ရေးနဲ့ နယ်မြေလုံခြုံရေး ဆက်လုပ်နေအုံးမှာပဲ။ အဲတာက အေအေနဲ့ သူပုန်တွေမို့လို့ အဲတာ သူပုန်အလောင်းတွေ။ တပ်မတော်ကို လာပြီးတော့ မိုင်းဆွဲတဲ့ အကောင်တွေကို ကျနော်တို့က ထိုင်ပြီးတော့ ကြည့်နေမှာလား။ ပစ်သတ်ပလိုက်မှာပေါ့။"

လက်ရှိအချိန်မှာလည်း ကမ်းထောင်းကြီးမြို့မှာ တပ်မ ၆၆ က တပ်စွဲထားတာဖြစ်ပြီး မြို့နဲ့ မနီးမဝေးမှာ လက်နက်ကြီးသံတွေ ကြားနေရတာကြောင့် ဒေသခံတွေ ကြောက်လန့်နေကြရတယ်လို့ ကိုစောလှရွှေက ပြောပါတယ်။

"အခုလည်း တပ်စွဲထားတာရှိတယ်။ နယ်မြေရဲစခန်းမှာ တခု ဘုန်းကြီးကျောင်းမှာတစ်ခု တပ်နှစ်ခ ုစွဲထားတယ်။ တပ်မ ၆၆ တပ်ရင်းပါ။ အခုလည်း မနီးမဝေးကနေပြီးတော့ လက်နက်ကြီး ပစ်သံတွေ ကြားနေရတယ်။ ခုလေးတင် လက်နက်ကြီးသံ သုံးချက် လောက်ကြားလိုက်တယ်။ ရွာသားတွေလည်း အထိတ်တလန့် ဖြစ်နေကြတယ်။"

ရခိုင်ပြည်နယ်အတွင်းမှာ တပ်မတော်ဘက်က နယ်မြေရှင်းလင်းရေးတွေ ပိုမိုဆောင်သွားမယ်လို့ ပြောဆိုထားသလို ရခိုင်လက်နက်ကိုင် AA ဘက်ကလည်း တပ်မတော်စစ်ကြောင်းတွေကို လက်ဦးမှုယူ တိုက်ခိုက်နေတာတွေကြောင့် ရခိုင်မြောက်ပိုင်း စစ်မြေပြင်ဟာလည်း တဖြည်းဖြည်း ကျယ်ပြန့်လာတာက ိုတွေ့ရပါတယ်။

လက်ရှိအချိန်မှာလည်း တိုက်ပွဲတွေ ဆက်တိုက်ဆိုသလို ဖြစ်ပွားနေပြီး တိုက်ပွဲအတွင်း အရပ်သား သေဆုံးမှုတွေဟာလည်း တနေ့ထက် တနေ့ ပိုမိုများပြားလာနေပါတယ်။

တိုက်ရိုက် လင့်ခ်

[Unicode Version]














XS
SM
MD
LG