သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ရပ်ကျေးအဆင့်မှာ ကိုယ့်သဘောနဲ့ကိုယ် Lockdown လုပ်သင့်သလား


Lockdown လုပ်ထားတဲ့ ရန်ကုန်မြို့က လမ်း တလမ်း (ဧပြီ ၁၈၊ ၂၀၂၀)
Lockdown လုပ်ထားတဲ့ ရန်ကုန်မြို့က လမ်း တလမ်း (ဧပြီ ၁၈၊ ၂၀၂၀)

(Zawgyi/Unicode)

တချို့ ရပ်ကွက်တွေ၊ ကျေးရွာတွေမှာ ကိုယ့်အစီအစဉ်နဲ့ကိုယ် လမ်းတွေကို ပိတ်ဆို့ လုံခြုံရေးယူတာနဲ့ ပတ်သက်လို့ လူ့အခွင့်အရေးရှုဒေါင့်၊ တရားဥပဒေ စိုးမိုးရေးရှုဒေါင့်ရဲ့အမြင်တွေကို ဗွီအိုအေမြန်မာပိုင်း သတင်းထောက် မအိမ့်သန္တာထွန်းက ပြောပြပေးပါမယ်။

COVID-19 ရောဂါကူးစက်ပြန့်ပွားမှာကို စိုးရိမ်ကြတဲ့ အတွက် တချို့ရပ်ကွက်တွေ ကျေးရွာတွေမှာ ကိုယ့်အစီအစဉ်နဲ့ကိုယ် လမ်းတွေပိတ်တာ၊ အဝင်အထွက် ကြပ်မတ်စီစစ်တာတွေ ရှိနေပါတယ်။ ဒီလိုတွေလုပ်တာက မြန်မာနိုင်ငံရဲ့ တရားဥပဒေစိုးမိုးရေးကို ထိခိုက်လာနိုင်တဲ့အပြင် လူ့အခွင့်အရေးကိုလည်း ထိခိုက်တယ်လို့ ရှေ့နေတွေနှင့် လူ့အခွင့်အရေး လှုပ်ရှားသူတွေက ဆိုပါတယ်။

ရပ်ကွက် ကျေးရွာတွေက ရောဂါကူးစက်တာကို တားဆီးနိုင်ဖို့ ကူညီချင်ကြတာတွေကြောင့် လုပ်ဆောင်ကြတာတွေဖြစ်ပေမယ့် ဒေသန္တရအစိုးရရဲ့အမိန့်ထဲမှာ မပါတာတွေကို မလုပ်ဆောင်ကြဖို့လိုတယ် လို့ဆိုပါတယ်။

ကျန်းမာရေး ဝန်ကြီးဌာနက ထုတ်ပြန်ထားတဲ့ အမိန့်ကိုပဲ လိုက်နာပြီး ဆောင်ရွက်ကြဖို့ကိုလည်း တရားလွှတ်တော် ရှေ့နေဦးကြီးမြင့်က တိုက်တွန်းထားပါတယ်။

“ဟာ ..ထိခိုက်တာပေါ့ တကျောင်း တဂါထာ တရွာတပုဒ်ဆန်း လုပ်လို့မရဘူးလေ...ဒါကလည်း အစိုးရရဲ့ အမိန့်ထုတ်တာတွေ နောက်ကျတာပေါ့။ လုပ်ရမယ့်ဟာတွေ အချိန်မှီ မလုပ်နိုင်ဘူး။ သူတို့ကတော့ ကူညီတာပေါ့ဗျာ၊ ရပ်ရွာတွေက တနိုင်တပိုင်ကူညီကြတာပေါ့။ ကောင်းတာကတော့ တပြေးညီ ဖြစ်ရင် ကောင်းတာပေါ့။ ကျန်းမာရေး ဝန်ကြီးဌာနရဲ့ အမိန့်က ညမထွက်ရဆိုပြီး မြို့နယ်တွေ သတ်မှတ်တယ်။ ဘယ်နှစ်နာရီက ဘယ်နှစ်နာရီ မထွက်ရဆိုတာ အဲ့ဒါက တစ်ပြည်လုံးကို လွှမ်းမိုးသင့်တယ်လေ။ သတ်မှတ်တဲ့နေရာတွေပေါ့။ အဲ့ဒါမှ အပ ဥပမာ ပုဒ်မ ၁၄၄ ထုတ်တယ်တို့ တောင်ကြီးတို့ ဘာတို့မှာကြားတယ်။ အဲ့ဒါက အပြင်ထွက်ရင် အရေးယူလို့ရတယ်။ အဲ့ဒါမျိုး မထုတ်ရဘူးလေ။ ဒါက ပြစ်ဒဏ်ပဲဟာ။ အဲ့တော့ ပုဒ်မ ၁၄၄ နှင့် ကျန်းမာရေးဝန်ကြီးဌာနက ထုတ်တဲ့ အမိန့်နှင့် မှားပြီး အကောင်အထည်ဖော်နေကြတယ်။ တကယ်က ပုဒ်မ ၁၄၄ ထုတ်ရမှာ မဟုတ်ဘူး။ ကျန်းမာရေး ဝန်ကြီးဌာနက အမိန့်ကိုပဲ လိုက်နာပြီး အားလုံးလုပ်ရမှာ။ ပြောရရင် လမ်းတွေပိတ်ဆိုတာတွေဘာတွေ အဲ့တာတွေက မလုပ်ရဘူး။ အမိန့်ထဲမှာ အဲ့ဒါတွေ မပါဘူး။ အမိန်ထဲမှာ မပါတဲ့ ဟာတွေကို အကောင်အထည်ဖော်လို့မရဘူး။”

ဒီလို ရပ်ကွက်တွေ ကျေးရွာတွေမှာ ကိုယ့်သဘောနှင့်ကိုယ် Lockdown လုပ်တာတွေ ရှိရင် သက်ဆိုင်ရာ မြို့နယ်အုပ်ချုပ်ရေးမှူးတွေ၊ ရဲစခန်းတွေ၊ သက်ဆိုင်ရာ လွှတ်တော်ကိုယ်စားလှယ်ရုံးတွေကို သွားရောက်တိုင်ကြားနိုင်ပြီး သူတို့တွေကသာ ဖြေရှင်းမပေးဘူး ဆိုရင် ဒီလို ပိတ်ဆို့ထားသူတွေကို ဒဏ်ငွေ ၅၀,၀၀၀ နှင့် ထောင်ဒဏ် ၆ လ အရေးယူလို့ရတယ်လို့ ဦးကြီးမြင့်က ဆိုပါတယ်။

ဒီလို အသွားအလာ အဝင်အထွက်တွေကို ပိတ်ဆို့ကန့်သတ်ထားတာတွေက လူတစ်ဦးချင်းစီရဲ့ ကိုယ်ပိုင်အခွင့်အရေးတွေဖြစ်တဲ့ လွတ်လပ်စွာ သွားလာခွင့်ကို ထိခိုက်သလို ဒီလိုလုပ်တာကနေ လုပ်ပိုင်ခွင့်ထက် ကျော်လွန်ပြီးတော့ အကြမ်းဖက်တဲ့ အဆင့်မျိုးထိ ရောက်သွားမှာကို စိုးရိမ်တဲ့ အကြောင်း လူအခွင့်အရေး လှုပ်ရှားသူတဦးဖြစ်တဲ့ Equality Myanmar ရဲ့ ဒါရိုက်တာ ဦးအောင်မျိုးမင်းက ပြောပါတယ်။

“ပထမ ဦးဆုံး Lock Down လုပ်တဲ့ အခြေအနေမျိုးမှာ ထိခိုက်နိုင်တာက လွတ်လပ်စွာ သွားလာခွင့်ဆိုတဲ့ အကြောင်းအရာတွေထိခိုက်ပါတယ်။ နောက်တစ်ခါ လွတ်လပ်စွာ ငြိမ်းချိမ်းစွာ စီတန်းခွင့် စုဝေးလှည့်လည်ခွင့်ကို ထိခိုက်ပါတယ်။ တစ်ခါတစ်လေ ဘာသာရေး ယုံကြည်ချက်ကြောင့် လူစုလူဝေးနဲ့ ဝတ်ပြုတာတွေ ဆုတောင်းတာတွေ ဒါကိုလည်း ထိခိုက်နိုင်ပါတယ်။ ဒါပေမယ့် ဒီလိုမျိုး ကိစ္စတွေက ကျနော်တို့ အရေးပေါကာလမှာ လိုအပ်ရင် လိုအပ်သလောက်ဆိုင်းငံ့မှုကတော့ လူ့အခွင့်အရေးထဲမှာ ခွင့်ပြုထားတဲ့ သဘောရှိပါတယ်။ ဒါပေမဲ့ ကျနော် စိုးရိမ်တာက ခုနကလိုမျိုး ကျနော်တို့တိုင်းပြည်မှာက တစ်ကျောင်း၊ တစ်ဂါထာ၊ တစ်ရွာ တစ်ပုဒ်ဆန်းဆိုသလိုပဲ တချို့မြို့နယ်က တချို့သတ်မှတ်ချက်တွေရှိတယ်။ တချို့က Quarantine ဝင်ခိုင်းတယ်။ တချို့က လုံးဝ ရွာထဲကို မဝင်ခိုင်းဘူး။ ကိုယ့်သဘောဆန္ဒနဲ့ သံဆူးကြိုးတွေချပြီးတော့ ရွာဆက်တဲ့ လမ်းတွေကအစ ပိတ်တာမျိုးတွေ ဖြစ်လာတယ်။ ဆိုင်းငံ့လို့ရတဲ့ အခွင့်အရေးထက် ပိုလွန်ပြီးတော့ အကြမ်းဖက်တဲ့ ဟာမျိုး မတရားနှိပ်စက်တဲ့ ဟာမျိုး၊ လိုအပ်တဲ့ လုပ်ပိုင်ခွင့်ထက်ပိုပြီးတော့ အာဏာကို အလွဲသုံးစား လုပ်တဲ့ အခြေအနေမျိုးများ ဖြစ်သွားမလားဆိုပြီးတော့ ကျနော်စိုးရိမ်ပါတယ်။”

ရောဂါကူးစက်တာကို တားဆီးနိုင်ဖို့အတွက် Lockdown လုပ်ဖို့ လိုအပ်သလို ဒီလို လုပ်တဲ့ အခါ သက်ကြီးရွယ်အိုတွေ၊ မကျန်းမာတဲ့သူတွေ ကလေးငယ်တွေ အပါအဝင် စားဝတ်နေရေး အခက်အခဲရှိနိုင်တဲ့ သူတွေအတွက်ကို ပံ့ပိုးပေးနိုင်ဖို့ အစီအစဉ်တွေ အများကြီး လုပ်ဆောင်ပေးဖို့ လိုအပ်တယ်လို့လည်း ဦးအောင်မျိုးမင်းက ပြောပါတယ်။

လက်ရှိမှာတော့ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနက လူ ၅ ဦးထက်ပို မစုကြဖို့ ညွှန်ကြားထားပြီး ရန်ကုန်ရဲ့ မြို့နယ် ၇ ခုမှာ အသွားအလာ တင်းကြပ်တာတွေလုပ်ထားပါတယ်။

တိုင်းနှင့်ပြည်နယ် အချို့မှာတော့ ညမထွက်ရ အမိန့်ကို သက်ဆိုင်ရာ တိုင်းအစိုးရက ဒေသန္တရ အမိန့် ထုတ်ပြန်ထားတာတွေ ရှိပါတယ်။

တိုက်ရိုက် လင့်ခ်


[Unicode Version]

ရပျကြေးအဆင့ျမှာ ကိုယ့ျသဘောနဲ့ကိုယျ Lockdown လုပျသင့ျသလား












XS
SM
MD
LG