သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ထိုင်းကပြန်လာတဲ့ မြန်မာအလုပ်သမား ၄,၀၀၀ ထက်မနည်းရှိပြီ


နေရပ်ပြန်မြန်မာအလုပ်သမားများ ထိုင်းမြန်မာနယ်စပ်သို့ ရောက်ရှိလာပုံ (ဓာတ်ပုံ - YCOWA ရောင်ခြည်ဦးအလုပ်သမားအဖွဲ့- မေ ၂၆၊ ၂၀၂၀)
နေရပ်ပြန်မြန်မာအလုပ်သမားများ ထိုင်းမြန်မာနယ်စပ်သို့ ရောက်ရှိလာပုံ (ဓာတ်ပုံ - YCOWA ရောင်ခြည်ဦးအလုပ်သမားအဖွဲ့- မေ ၂၆၊ ၂၀၂၀)

[Zawgyi/Unicode]

မြန်မာအလုပ်သမားတွေ နေရပ်ပြန်နိုင်ရေးနဲ့ ပတ်သက်လို့ ထိုင်းနိုင်ငံက မြန်မာသံရုံး ညှိနှိုင်းပေးမှုတွေနဲ့ မေလ ၂၂ ရက်နေ့ကနေ မဲဆောက် - မြဝတီတံတား ၂ နဲ့ ရနောင်း ကော့သောင်း လှေဆိပ်ကနေ နေရပ်ပြန်သူတွေဟာ ၄,၀၀၀ နီးပါး ရှိသွားပြီဖြစ်ပါတယ်။ ဒီအကြောင်း ဗွီအိုအေမြန်မာပိုင်းသတင်းထောက် မအေးအေးမာက သတင်းပေးပို့ထားပါတယ်။

COVID-19 အရေးပေါ်ကာလမှာ နယ်မြေဖြတ်သန်းခွင့်တွေ ပိတ်ပင်ထားချိန် ညမထွက်အမိန့်တွေ ထုတ်ပြန်ထားချိန်မှာပဲ အလုပ်လက်မဲ့ဖြစ်နေတဲ့ မြန်မာနိုင်ငံသားတွေကို မေလ ၂၂ ရက်ညက စပြီး နေရပ်ပြန်ခွင့်ပေးခဲ့ပါတယ်။ ဒေသအသီးသီးက ပြန်လာကြတဲ့ မြန်မာအလုပ်သမားတွေဟာ ထိုင်း - မြန်မာစီစဉ်ထားတဲ့ ကားတွေနဲ့သာမက မိမိအစီအစဉ်တွေနဲ့ပါ ပြန်လာကြတာမို့ နေ့စဉ် အရေအတွက်က ပိုများလာနေကြောင်း ကရင်ပြည်နယ်မြဝတီခရိုင် အုပ်ချုပ်ရေးမှူး ဦးတေဇာအောင်ကပြောပါတယ်။

"သူတို့ ခရီးသွားလက်မှတ်နဲ့ လာတဲ့အဖွဲ့က ၄၆၂ ပါ။ မနက်ပိုင်းက လာတာကတော့ အားလုံး ၅၇၁ ရှိပြီ။ မနက်ပိုင်းပေါ့ နေ့လယ်ပိုင်းတော့ ဆက်ဝင်နေတယ်။ မပြီးသေးဘူး။ ၂ နာရီ၊ ၃ နာရီ ထိ ဝင်နေတယ်။ မနေ့ကတော့ ၁,၂၇၄ ထိတော့ ဝင်တယ်။ ဒီနေ့လည်း အဲဒီလောက်ထိ ရှိသွားမယ်။ ၂၃ ရက်နေ့ ဝင်တာက ၆၀၄ ပါ။ ၂၄ ရက်နေ့မှာ ၁,၁၁၈ ပါ။ ၂၅ ရက်နေ့မှာ ၁,၂၇၄ ပါ။ ၃,၀၀၀ ကျော်သွားပြီ။"

ဒါကတော့ ဒီနေ့ မဲဆောက် မြဝတီက ဝင်နေတဲ့ အရေအတွက်ကို ထည့်မပေါင်းရသေးပါဘူး။ မေလ ၂၆ ရက်နေ့မှာလည်း မဲဆောက် - မြဝတီချစ်ကြည်ရေးတံတားအမှတ် ၂ ကနေ မြန်မာအလုပ်သမားတွေ ဝင်နေဆဲဖြစ်ပါတယ်။ အလားတူပဲ ထိုင်းတောင်ပိုင်းက နေရပ်ပြန်ချင်တဲ့ ရေလုပ်သားတွေနဲ့ တခြားကျွန်းတွေပေါ်က အလုပ်လက်မဲ့မြန်မာတွေလည်း နေရပ်ပြန်နေကြပါတယ်။ ဒီထဲမှာ ထိုင်းတောင်ပိုင်းမှာတော့ လူ ၄၀၀ နီးပါးလောက်ဖြစ်သွာတဲ့အကြောင်း ပညာရေးနဲ့ ဖွံဖြိုးရေးဖောင်ဒေးရှင်းရဲ့ ကော့သောင်းမြို့ အလုပ်သမားပညာပေးရေးစင်တာ တာဝန်ခံဦးမိုးဝေကလည်း အခုလိုပြောပါတယ်။

နေရပ်ပြန်မြန်မာအလုပ်သမားများ ထိုင်းမြန်မာနယ်စပ်သို့ ရောက်ရှိလာပုံ (ဓာတ်ပုံ - YCOWA ရောင်ခြည်ဦးအလုပ်သမားအဖွဲ့- မေ ၂၆၊ ၂၀၂၀)
နေရပ်ပြန်မြန်မာအလုပ်သမားများ ထိုင်းမြန်မာနယ်စပ်သို့ ရောက်ရှိလာပုံ (ဓာတ်ပုံ - YCOWA ရောင်ခြည်ဦးအလုပ်သမားအဖွဲ့- မေ ၂၆၊ ၂၀၂၀)

"၂၃ ရက်နေ့ပို့တာ ၄၀ ကျော် အခုက ၁၄၀ ပြီးခဲ့တဲ့ ရက်က ၁၇၈ယောက်၊ ၃ ခေါက်ရှိသွားပါပြီ။"

ကမ္ဘာလှည့်ခရီးသွားတွေ အများဆုံးလာတဲ့ ထိုင်းတောင်ပိုင်းက အလုပ်သမားတွေကတော့ အများဆုံး အလုပ်လက်မဲ့ဖြစ်နေကြပြီ။ နေရပ်ပြန်ဖို့ကလွဲလို့ ရွေးချယ်စရာ လမ်းမရှိဖြစ်နေကြတာပါ။ ဒီထဲက သူတို့ နေရပ်တွေနဲ့ အနီးဆုံးဖြစ်တဲ့ ထိုင်းမြန်မာနယ်စပ်၊ မဲဆောက်မြဝတီလမ်းကနေ ပြန်ဖို့အတွက် သူတို့အစီအစဉ်တွေနဲ့ ကားတွေငှားပြီး ပြန်လာကြသူတွေလည်း ရှိနေတာပါ။ သူတို့လည်း ထောက်ခံစာတွေယူပြီး နယ်မြေအာဏာပိုင်တွေနဲ့ ညှိနှိုင်းပြီး ပြန်လာနေကြကြောင်း မဲဆောက်မြို့ ရောင်ခြည်ဦးအလုပ်သမားအဖွဲ့ရဲ့ ရုံးတာဝန်ခံဦးမိုးကျော်ကလည်း အခုလိုပြောပြပါတယ်။

"သံရုံးကို စာတင်ပြီး ဆေးထောက်ခံစာတွေ ပါရတယ်။ ပြီးတော့ ကားငှားဆင်းလာကြတယ်။ ပြီးတော့ နယ်စပ်ချိတ်ဆက်ထားတာ့ နယ်မြေဖြတ်သန်းခွင့် မရှိဘူးဆိုတဲ့ ညမထွက်ရအမိန့်လည်း ရှိတယ်ဆိုတော့ သူတို့က ကုန်လမ်းပို့ဆောင်ရေးက ယာဉ်တွေနဲ့ ခရိုင်တခုက နေ တခုကို ထွက်ပြီး ချိတ်ဆက်ပြီးမှသာ ထွက်လာလို့ ရတယ်။ မှန်လုံကားတွေနဲ့ လာတယ်။ တစီးကို ၆ ယောက်၊ ၇ ယောက်ပဲစီးရတယ်။ အခု ကိုဗစ်ကာလမှာ သတ်မှတ်ထားတာ ဆိုတော့ ၇ ယောက်ထက်တော့ မပိုဘူး စီးလာကြတာ။"

အခုဆိုရင် မြန်မာအလုပ်သမားတွေဟာ အလုပ်လက်မဲ့တွေ ဖြစ်နေတာကြောင့် နေရပ်ကို သောင်းနဲ့ ချီပြီး ပြန်လာနေကြတာပါ။ မြန်မာအစိုးရဘက်ကတော့ ထိုင်းက ပြန်ဝင်လာတဲ့ မြန်မာနိုင်ငံသားအားလုံးကို ကိုဗစ်ရောဂါပိုးစစ်ဆေးပေးမှုတွေ လုပ်နေပြီး လက်ရှိစစ်ဆေးပြီးသလောက်တော့ ရောဂါပိုးတွေ့ရှိသူ မရှိသေးဘူးလို့ဆိုပါတယ်။

ပြန်လာသူတွေကိုတော့ ကရင်ပြည်နယ်နဲ့ သက်ဆိုင်ရာတိုင်းဒေသကြီးတွေက စောင်ကြည့်ရေးစင်တာတွေ ထားပြီး ကျန်းမာရေးစောင့်ကြည့်မှုတွေ ဆက်လုပ်နေပါတယ်။ ထိုင်းနိုင်ငံမှာ မြန်မာအလုပ်သမား ၃,၀၀၀,၀၀၀ ထက်မနည်း အလုပ်လုပ်နေကြပြီး အခု ကိုဗစ်ဖြစ်ပြီး နေရပ်ပြန်မဲ့သူတွေဟာ သိန်းဂဏန်းလောက်ရှိနိုင်တယ်လို့ မြန်မာအလုပ်သမားရေး လုပ်နေသူတွေက ခန့်မှန်းနေကြပါတယ်။

တိုက်ရိုက် လင့်ခ်

[Unicode Version]











XS
SM
MD
LG