သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ထိုင်းနိုင်ငံ တောထဲမှာ ဒုက္ခရောက်နေတဲ့ မြန်မာနိုင်ငံသား ၁၆ ဦး ထိုင်းစစ်တပ် ကယ်တင်


၂၀၁၉ ခုနှစ်က ထိုင်းတောင်ပိုင်းမှာ လူပွဲစားတွေ စွန့်ပစ်ထားတဲ့ မြန်မာနိုင်ငံသားများ ဖမ်းဆီးခံနေရသည့်မြင်ကွင်း။
၂၀၁၉ ခုနှစ်က ထိုင်းတောင်ပိုင်းမှာ လူပွဲစားတွေ စွန့်ပစ်ထားတဲ့ မြန်မာနိုင်ငံသားများ ဖမ်းဆီးခံနေရသည့်မြင်ကွင်း။

(Zawgyi / Unicode)

ထိုင်း-မလေးရှားနယ်စပ်မှာ လူပွဲစားတွေခေါ်လာပြီး တောထဲမှာ ပိတ်မိနေတဲ့ မြန်မာနိုင်ငံသား ၁၆ ဦးကို ထိုင်းစစ်တပ်က ကယ်ဆယ်ခဲ့ပါတယ်။ အပြည့်အစုံကို ထိုင်းအခြေစိုက် ဗွီအိုအေ မြန်မာပိုင်းသတင်းထောက် မအေးအေးမာ တင်ပြပေးထားပါတယ်။

ထိုင်းနိုင်ငံထဲကို COVID-19 အရေးပေါ်ကာလ မကြေညာခင်လေးမှာပဲ ရောက်လာကြတဲ့ မြန်မာနိုင်ငံသား ၁၆ ဦးဟာ မလေးရှားမှာ သွားရောက်အလုပ်လုပ်ကိုင်ဖို့ လာခဲ့ကြပေမယ့် COVID-19 နဲ့ကြုံပြီး ခရီးဆက်မရ ဖြစ်ခဲ့ကြတာပါ။ သူတို့ကို လူပွဲစားတွေက တောထဲမှာ ဖွက်ထားတာ ၂ လကျော် ကြာလာပြီးတဲ့နောက် စားသောက်ရေးနဲ့ နေထိုင်ရေးပါ အခက်အခဲ ရှိလာပါတယ်။

ဒီအတွက် ရွှေ့ပြောင်းအလုပ်သမား အခွင့်အရေးကွန်ရက်ကို အကူအညီ တောင်းခံခဲ့တာကြောင့် ပြီးခဲ့တဲ့ ကြာသပတေးနေ့က ထိုင်းစစ်တပ် အကူအညီနဲ့ ကယ်ဆယ်ခဲ့ရတယ်လို့ ထိုင်း-မလေးနယ်စပ် ဆုံခလာခရိုင် ဟတ်ရိုင်မြို့က ရွှေ့ပြောင်းအလုပ်သမား အခွင့်အရေးကွန်ရက် တာဝန်ခံ ဦးဘရီက ဗွီအိုအေကို အခုလို ပြောပြပါတယ်။

“ရွှေ့ပြောင်းအလုပ်သမား မလေးရှားကို ခိုးဝင်မယ့် ၁၆ ယောက်က တောထဲမှာ နေတဲ့အခါမှာ ၂ လလောက် ကြာတဲ့အခါ အဆင်မပြေဖြစ်လာတယ်။ စားဝတ်နေရေး အခက်အခဲတွေ ဖြစ်လာလို့ ကျနော်တို့ကို အကူအညီ တောင်းတဲ့အခါမှာတော့ ကျနော်တို့ကတော့ နာရာသီဝစစ်တပ်ကို အကူအညီ တောင်းခိုင်းလိုက်တယ်။ နာရာသီဝမှာ စစ်တပ်ရဲ့ စောင့်ရှောက်မှုအောက်မှာ ရှိနေတာပေါ့။ လူကုန်ကူးမှု မြောက်မမြောက်တော့ စစ်ဆေးတော့ ပြီးသွားပြီ။ သူတို့က သူတို့ဘာသာ လာကြပေမယ့် မလေးရှားကို ဝင်လို့မရလို့ အိမ်ကိုပြန်ဖို့ပဲ ဆုံးဖြတ်လိုက်ကြတာပေါ့။”

မလေးရှားကို ခိုးဝင်ဖို့ ကြိုးစားနေစဉ်မှာပဲ COVID-19 အရေးပေါ်ကာလမှာ နယ်မြေတခုနဲ့တခု ဖြတ်သန်းလို့ မရတာရယ်၊ မလေးရှားနဲ့ ထိုင်းအဝင်အထွက်တွေမှာ စစ်ဆေးရေးတွေ တင်းကျပ်နေတာကြောင့် လူပွဲစားတွေက သူတို့ကို တောထဲမှာပဲ နေထိုင်ခိုင်းထားတယ်လို့ ဆိုပါတယ်။ နောက်ပိုင်းမှာတော့ မိုးရွာလာပြီး နေထိုင်ရေး ခက်ခဲလာတာကြောင့် နေရပ်ပြန်ဖို့ အကူအညီ တောင်းခဲ့တာဖြစ်ကြောင်းကိုလည်း ဦးဘရီက ပြောပြပါတယ်။

“သူတို့က မလေးရှားကို မဝင်ရဘဲနဲ့ တောထဲမှာ ၂ လကြာခဲ့တယ်။ စားစရာ လာပေးပေမယ့် မဝရေစာ စားရတာပေါ့။ တောထဲမှာဆိုတော့ မိုးတွေရွာတဲ့အခါမှာ ကျန်းမာရေး ချို့တဲ့တာတွေ ဖြစ်လာတယ်။ မိန်းကလေးက ၂ ဦး၊ ယောက်ျားလေးက ၁၄ ဦးဖြစ်တော့ မလေးရှားက ပွဲစားတွေ မြန်မာက ပွဲစားတွေက မိန်းမကိုတနေရာ ယောက်ျားတွေကို တနေရာထားမယ်ဆိုတော့ အမျိုးသမီးတွေပါတော့ မသင်္ကာရဘူး။ မိန်းကလေးတွေကို နိုင်ထက်စီးနင်း မုဒိမ်းကျင့်ခဲ့ရင် အင်မတန်မှ ခက်ခဲမှု ဖြစ်နိုင်တယ်။ တခုခုလုပ်မှာကို စိုးရိမ်တော့ စစ်တပ်ကို ဆက်သွယ်လိုက်တော့ ည ၁ နာရီလောက်မှာပဲ စစ်သားတွေက သွားပြီး ကူညီပေးတယ်၊ သူတို့ကို ခေါ်ထုတ်ပေးခဲ့တာပေါ့နော်။”

အလားတူပဲ ပြီးခဲ့တဲ့ တပတ်ခန့်ကလည်း လူပွဲစားတွေက စွန့်ပစ်ထားခဲ့တဲ့ မြန်မာနိုင်ငံသား လူကုန်ကူးခံရသူ ၁၈ ဦးကို ထိုင်းစစ်တပ်က ကယ်ဆယ်ခဲ့ပြီး လက်ရှိမှာ ထိုင်းစစ်တပ်ထဲကနေ လဝကကို လွှဲပြောင်းပေးဖို့ စီစဉ်ပေးခဲ့ပါတယ်။ ဒီနောက်မှာတော့ သူတို့ကို နေရပ်ပြန်နိုင်ရေးကို ဆက်လက်လုပ်ဆောင်သွားမှာပါ။

အမေရိကန် နိုင်ငံခြားရေးဌာနရဲ့ လူကုန်ကူးမှုနဲ့ ပတ်သက်တဲ့ အစီရင်ခံစာမှာတော့ ထိုင်းမှာ လူကုန်ကူးမှုတွေ ဖြစ်နေတာကြောင့် အမေရိကန်က Tier 3 အဆိုးဆုံးအဆင့်အထိ သတ်မှတ်ခဲ့ပါတယ်။ နောက်ပိုင်းမှာတော့ ထိုင်းက လူကုန်ကူးမှု တိုက်ဖျက်ရေးကို ပြင်းပြင်းထန်ထန် လုပ်လာလို့ Tier 2 စောင့်ကြည့်အဆင့်အထိ ပြန်ပြီး တိုးမြှင့်ပေးခဲ့ပါတယ်။ ဒါပေမယ့် ထိုင်းမှာ လူကုန်ကူးမှုတွေ ရှိနေသေးသလို ရေလုပ်ငန်းတွေမှာလည်း ရွှေ့ပြောင်းလုပ်သားတွေကို ကျေးကျွန်သဖွယ်ထား စေခိုင်းတာတာတွေ ရှိနေတုန်းပဲဆိုပြီး လူ့အခွင့်အရေးအဖွဲ့တွေက ဝေဖန်ထားပါတယ်။

ဒီလိုအခြေအနေတွေကြောင့်ပဲ ထိုင်းနိုင်ငံဟာ အမေရိကန်နိုင်ငံက ပေးအပ်ထားတဲ့ ကုန်သွယ်မှု အထူးအခွင့်အရေး GSP ကို ဧပြီလကစပြီး ဆုံးရှုံးခဲ့တာ ဖြစ်ပါတယ်။

ထိုင်းနဲ့ ထိစပ်နေတဲ့ အိမ်နီးချင်း မြန်မာနိုင်ငံကိုတော့ စောင့်ကြည့်အဆင့် Tier 2 က လျှော့ချလိုက်ပြီး အဆိုးဝါးဆုံး Tier 3 အဆင့်ကို သတ်မှတ်ထားတာပါ။ အခုလို Tier 3 ကို အဆင့်လျှော့ချ သတ်မှတ်လိုက်ရတာဟာ လူကုန်ကူးမှု ပပျောက်ရေးဆိုင်ရာ အနိမ့်ဆုံး သတ်မှတ်ချက်တွေကို အပြည့်အဝ ပြည့်မီအောင် မြန်မာအစိုးရက လုပ်ဆောင်နိုင်ခြင်း မရှိသလို အဲဒီလို ပြည့်မီဖို့အတွက် သိသာတဲ့ လုပ်ဆောင်မှုတွေ မရှိတာကြောင့်ဖြစ်တယ်လို့ အစီရင်ခံစာထဲမှာ ဖော်ပြထားပါတယ်။

တိုက်ရိုက် လင့်ခ်

------------------------------

(Unicode)












XS
SM
MD
LG