သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မြန်မာမှာ သတင်းမီဒီယာအပေါ် ကန့်သတ်မှုတွေ တိုးမြင့်လာနေကြောင်း ဝေဖန်မှုတွေထွက်ပေါ်


၂၀၁၄ ခုနှစ်တုန်းက သတင်းမီဒီယာလွတ်လပ်ခွင့်အတွက် ဆန္ဒပြနေကြစဉ် (ရန်ကုန်)
၂၀၁၄ ခုနှစ်တုန်းက သတင်းမီဒီယာလွတ်လပ်ခွင့်အတွက် ဆန္ဒပြနေကြစဉ် (ရန်ကုန်)

(Zawgyi/Unicode)

မြန်မာနိုင်ငံမှာ ဒီနှစ်နှောင်းပိုင်းမှာ အထွေထွေ ရွေးကောက်ပွဲကျင်းပဖို့ ပြင်ဆင်နေချိန်မှာပဲ မြန်မာနိုင်ငံ အတွင်း ဒီမိုကရေစီစနစ် ချုပ်ငြိမ်း သေဆုံးသွားပြီလို့ ထွက်ပြေးတိမ်းရှောင်နေသူ DMG သတင်းဌာနရဲ့ အယ်ဒီတာချုပ် ဦးအောင်မင်းဦးကပြောကြောင်း ရိုက်တာ သတင်း တစ်ရပ် မှာ ဖော်ပြထားပါတယ်။

ရခိုင်ပြည်နယ်၊ စစ်တွေမြို့ အခြေစိုက် ဖွံ့ဖြိုးတိုးတက်ရေး သတင်းဂျာနယ်တိုက် (DMG) ရဲ့ အယ်ဒီတာချုပ်နဲ့ အမှုဆောင် ဒါရိုက်တာ ဦးအောင်မင်းဦးဟာ မတရားအသင်း ဥပဒေ ပုဒ်မ ၁၇ (၂) နဲ့ စစ်တွေမြို့ အမှတ် (၁) ရဲစခန်းက အမှုဖွင့်ထားတာကို ခံနေရသူ ဖြစ်ပါတယ်။ ပုန်းခိုနေသူ ဦးအောင်မင်းဦးကို ရိုက်တာသတင်းဌာနက ဆက်သွယ်မေးမြန်းခဲ့ရာမှာ မြန်မာအာဏာပိုင် တွေက မီဒီယာတွေကို ဟန့်တားပိတ်ဆို့နေသလို သတင်း ဌာနတွေကို ချုပ်ချယ်နေချိန်မှာပဲ သတင်းတွေကို ပိတ်ပင်သလို သတင်းသမား တွေကို လည်း အပြစ်ပေးနေတယ်လို့ သူက ပြောကြောင်း ရိုက်တာ သတင်းမှာ ပါရှိပါတယ်။

၂၀၁၁ ခုနှစ် မြန်မာနိုင်ငံမှာ စစ်အစိုးရအုပ်ချုပ်နေစဉ် ဒေါ်အောင်ဆန်းစုကြည် အကျယ်ချုပ် ကျနေတုန်းက ဦးအောင်မင်းဦးဟာ ပြည်ပ ကို တိမ်းရှောင်ခဲ့တဲ့ ကျောင်းသားတစ်ဦး ဖြစ်ခဲ့ပေမဲ့ ဒေါ်အောင်ဆန်းစုကြည် လွတ်မြောက်လာမှုက သူ့ကို မြန်မာနိုင်ငံကို ပြန်လာပြီး သတင်းသမားတစ်ယောက် လုပ်ဖို့ ဖြစ်လာစေခဲ့တယ်လို့ ရိုက်တာက ပြောပါတယ်။

၂၀၁၆ ခုနှစ်မှာ ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်တဲ့ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် အာဏာရလာတာကြောင့် ရာစုတဝက် သက်တမ်း ရှည်ကြာခဲ့တဲ့ စစ်အစိုးရ အုပ်ချုပ်မှုကို အဆုံးသတ်နိုင်ခဲ့ပေမယ့် လက်ရှိ အခြေခံ ဥပဒေအောက်မှာ မြန်မာစစ်တပ်က ဩဇာအာဏာ ခိုင်မြဲနေဆဲ ဖြစ်ပါတယ်။ ပြည်ထဲရေး ဝန်ကြီး ဌာနက တပ်မတော်ရဲ့ လက်အောက်မှာ ရှိပြီး မီဒီယာနဲ့လူမှု အဖွဲ့အစည်းတွေရဲ့လွတ်လပ် ခွင့်က အကန့်အသတ်တွေ ရှိနေဆဲပါ။

ဒီမိုကရေစီ စနစ် တည်ဆောက်ရေးအတွက် မီဒီယာက အရေးကြီးတယ်လို့ ဒေါ်အောင်ဆန်းစုကြည် အစိုးရက ပြောထားခဲ့ဖူး သလို ဒေါ်အောင်ဆန်းစုကြည် အာဏာမရမီကလည်း သတင်းသမားတွေကို အကာအကွယ်ပေးဖို့ ဥပဒေတစ်ရပ်လိုအပ် တယ် လို့ပြောခဲ့ဖူးကြောင်းလည်း ရိုက်တာက ပြောပါတယ်။

ဒါပေမဲ့ သူ ဦးဆောင်တဲ့ အစိုးရ လက်အောက်မှာ သတင်းသမား ၃၁ ယောက် တရားစွဲခံခဲ့ရသလို သတင်းတုတွေနဲ့ အများပြည်သူ ကြောက်လန့်စေတဲ့ သတင်းတွေ ရေးသား ပြောဆိုတယ်ဆိုတဲ့ စွပ်စွဲချက်နဲ့ အရပ်သား ဦးဆောင်တဲ့ ပြန်ကြားရေး ဝန်ကြီး ဌာနက လည်းDMG အပါအဝင် ဒါဇင်နဲ့ချီရှိတဲ့ သတင်းဌာန တွေရဲ့ Website တွေကို ပိတ်ပင်ခဲ့တယ်လို့ ရိုက်တာ သတင်းက ပြောပါတယ်။

တိုက်ရိုက် လင့်ခ်


...............


(Unicode)







XS
SM
MD
LG