သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

စိုးရိမ်မှုကြားက ကျောင်းသားမိဘတွေ ကျောင်းပြန်အပ်


၂၀၂၀ ခုနှစ် မတ်လ ၁၈ ရက်နေ့က ဆယ်တန်းစာမေးပွဲ ဖြေပြီး ပြန်လာကြတဲ့ ကျောင်းသူများ။
၂၀၂၀ ခုနှစ် မတ်လ ၁၈ ရက်နေ့က ဆယ်တန်းစာမေးပွဲ ဖြေပြီး ပြန်လာကြတဲ့ ကျောင်းသူများ။

[Zawgyi/Unicode]

ကိုရိုနာဗိုင်းရပ်စ် ကူးစက်မှုအန္တရာယ်ကို စိုးရိမ်မှုတွေကြားမှာပဲ မြန်မာနိုင်ငံတဝန်းက အခြေခံပညာ ကျောင်းတွေကို ပြန်ဖွင့်တော့မှာမို့ ဒီကနေ့ စတင်ကျောင်းအပ်နေကြတဲ့အကြောင်း ပြောပြပေးပါမယ်။ ဗွီအိုအေမြန်မာပိုင်းသတင်းထောက် မအိမ့်သန္တာထွန်းက သတင်းပေးပို့ထားပါတယ်။

COVID 19 ကပ်ရောဂါကြောင့် အခြေခံပညာကျောင်းတွေကို ပုံမှန် ကျောင်းဖွင့်ရက်တွေထက် တစ်လကျော်နောက်ကျပြီး ဒီလဇူလိုင်လ ၂၁ ရက်မှာ ပြန်ဖွင့်မှာ ဖြစ်တာကြောင့်စာသင်ကျောင်းတွေမှာ ကျောင်းအပ်ဖို့ ဒီနေ့ပဲ စတင်လက်ခံနေကြတာပါ။ သေဆုံးသူ ၆ ဦးနဲ့ ရောဂါကူးစက်မှု အတည်ပြုလူနာ ၃၀၀ ကျော်သာရှိတဲ့ မြန်မာနိုင်ငံမှာ ကျောင်းပြန်ဖွင့်တဲ့အခါ ကျန်းမာရေးအတွက် ကာကွယ်ရေး အစီအမံတွေနဲ့ ပြင်ဆင်ထားတယ်လို့လည်း ကျန်းမာရေး တာဝန်ရှိသူတွေက ပြောပါတယ်။

ကျောင်းအပ်လက်ခံတဲ့အခါ ဆရာဆရာမတွေနဲ့ ကျောင်းသားကျောင်းသူတွေ ၆ ပေခြားစီ နေကြဖို့၊ ကျောင်းလာအပ်တဲ့ ကျောင်းသားတွေကို အပူချိန်တိုင်းပြီး အပူချိန်မြင့်တဲ့သူတွေ့ရင် ကျောင်းနဲ့ ချိတ်ဆက်ထားတဲ့ ကျန်းမာရေးဌာနတွေကို ပို့ပေးတာမျိုးတွေ‌လုပ်ဖို့ စီစဉ်ထားတယ်လို့ အခြေခံပညာဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ် ‌ဒေါက်တာတင်မောင်ဝင်းက ပြောပါတယ်။

“ဒီညနေကို စာရင်းချုပ်ပြီးတော့မှ ဒီနေ့ ကျောင်းအပ်နှံရေး သတင်းပတ်ရဲ့ ပထမဆုံးနေ့မှာ တစ်နိုင်ငံလုံးအတိုင်းအတာ ကျောင်းသားဘယ်လောက်အပ်တယ်ဆိုတာ စာရင်းလုပ်ခိုင်းထားပါတယ်။ အခုဟာက ကျောင်းတိုင်းမှာတော့ ဆရာတို့က အရန်ခန်းဆိုတာ ထားပေးထားတယ်။ အဲ့ဒီအရန်ခန်းထဲမှာ နားနားနေနေ နေလို့ရအောင် လူနာ ကုတင်လို အနည်းဆုံးတစ်ခုစီစဉ်ထားတယ်။ ကုလားထိုင်လေးတွေလည်း သက်သောင့်သက်သာ ထိုင်နိုင်အောင် ၁၀ ခုံလောက်စီစဉ်ခိုင်းထားတယ်ပေါ့။ ဒါကတော့ မြို့ပေါ်မှတွေ့ရတဲ့ အနေအထားပေါ့ကွယ်။”

တချို့ကျေးရွာက ကျောင်းတွေမှာတော့ ကပ်ရောဂါ ကာကွယ်ရေး အစီအမံတွေ‌ အားနည်းနေဆဲ ဖြစ်တဲ့အတွက် ထိရောက်တဲ့ ပြင်ဆင်မှုတွေ လိုအပ်နေတယ်လို့လည်း ပြောပါတယ်။ ကျောင်းအပ်နှံရေးကာလနဲ့ ကျောင်းတက်ချိန်တွေမှာ ကပ်ရောဂါကို ကာကွယ်နိုင်ဖို့ စီမံထားတာနဲ့ ပတ်သက်လို့ နေပြည်တော် အထက ၁၁ က ကျောင်းအုပ်ဆရာမကြီး ဒေါ်မိုးမိုးအောင်က ခုလိုပြောပါတယ်။

“ထူးခြားတဲ့ အပူချိန်ရှိတဲ့ ကလေး၊ သတ်မှတ်ထားတဲ့ အပူချိန်ထက်ကျော်လွန်တဲ့ ကလေးများ ရှိခဲ့မယ်ဆိုရင် သူတို့ကို အရန်ခန်းမှာ ခဏနားခိုင်ပြီးတဲ့အခါကျတော့ ဒီကျောင်းနဲ့ ချိတ်ဆက်ထားတဲ့ နီးစပ်တဲ့ ဆက်သွယ်ထားတဲ့ ကျန်းမာရေးဌာနတွေနဲ့ ချိတ်ဆက်ပြီးတော့မှ သူကိုဆက်ပြီးတော့ ကျန်းမာရေးစောင့်ရှောက်မှု ပေးသွားနိုင်အောင်လည်း ကြိုတင်ပြီးတော့မှ ပြင်ဆင်ထားပါတယ်။ နောက် တစ်‌နေ့ကိုလည်း Mask တွေ Face Shield တွေနဲ့ အကြာကြီး မနေနိုင်တာဖြစ်တဲ့ အတွက် အထက်က သတ်မှတ်ပေးထားတဲ့အတိုင်းပဲ တစ်ရက်ကို ၄ နာရီပဲ တက်ကြရမှာဖြစ်ပါတယ်။”

အခြေခံပညာ အထက်တန်းတက်ကြရမယ့် ကျောင်းသားကျောင်းသူ စုစုပေါင်း ၁၂ သိန်းနီးပါးအတွက် ရောဂါအကာအကွယ် ပစ္စည်းတွေကို ဝေပေးတာ၊ ကပ်ရောဂါကာလ လူတိုင်းလိုက်နာကြရမယ့် ‌ဆောင်ရန်ရှောင်ရန်တွေကိုလည်း သတိပေးထားပါတယ်။

မြန်မာနိုင်ငံမှာ COVID-19 ရောဂါကူးစက်မှု ကြီးကြီးမားမား မတွေ့ရပေမဲ့လည်း ကျောင်းသားမိဘတွေကြားမှာတော့ ကျောင်းဖွင့်ချိန်အတွက် စိုးရိမ်နေကြပါတယ်။ အထက်တန်းကျောင်းသူတစ်ယောက်ရဲ့ မိခင် ဒေါ်ခင်နှင်းယုကတော့ မဖြစ်မနေ ကျောင်းတက်ရတဲ့အခါ ကျန်းမာရေးအတွက် သတိထားဖို့ သမီးဖြစ်သူကိုမှာထားတယ်လို့ ဆိုပါတယ်။

“အခုလည်း ဒီကိုဗစ်ကြောင့် ရောဂါဖြစ်မှာကို စိုးရိမ်တယ်။ ဒါပေမဲ့လို့ ကိုယ်က သူတို့ကို ပြောထားတယ်။ အခြေအနေတခုခု ကိုယ်အပူချိန်ပဲဖြစ်စေ ချောင်းနည်းနည်း ဟပ်တာပဲဖြစ်စေ၊ အခြေအနေမကောင်းတာနဲ့ တပြိုင်နက် ဖုန်းလှမ်းဆက် အဲ့လိုမျိုး လှမ်းမှာထားတယ်။ အသွားအလာကျလို့ရှိရင်လည်း အပြင်ကိုတအားကြီး မထွက်ဖို့ရယ်။ ဒီအတွင်းထဲကလူက တအားကြီး မစိုးရိမ်ရဘူး။ အပြင်ကို သိပ်မထွက်တဲ့ အတွက်ကြောင့် အပြင်လူဝင်ရင် အပြင်လူဆီက ပါလာမှာကို စိုးရိမ်တယ်။ ဒါကြောင့်ကလေးတွေကို အပြင်ကို သိပ်ပေးထွက်တာတွေကို မကြိုက်ဘူး။”

ကျောင်းသားတွေကို ကျန်းမာရေးဝန်ကြီးဌာနရဲ့ လမ်းညွန်ချက်တွေနဲ့ အညီ တစ်ယောက်ကို ၆ ပေ မဖြစ်မနေ ခြားထားဖို့ ညွှန်ကြားထားပြီးတော့ ကျောင်းသားတွေ ကျောင်းသားမိဘတွေနဲ့ ဆရာဆရာမတွေ လိုက်နာရမယ့် ကိုဗစ်နဲ့ ပတ်သက်တဲ့ ဆောင်ရန်ရှောင်ရန် ကိစ္စတွေကို အသိပေးထားပြီးဖြစ်ပါတယ်။

မြန်မာတစ်နိုင်ငံလုံးမှာရှိတဲ့ မူလတန်း၊ အလယ်တန်း၊ အထက်တန်း ကျောင်းသားကျောင်းသူတွေ ဆရာဆရာမတွေနဲ့ ပညာရေးဌာနက ရုံးဝန်ထမ်းတွေစုစုပေါင်း ၁၀ သန်းကျော်ကို နှာခေါင်းစည်း၊ Face Shield တွေ ဝေပေးနိုင်ဖို့ အဆင်သင့် ပြင်ထားတယ်လို့လည်း ဒေါက်တာတင်မောင်ဝင်းက ပြောပါတယ်။

ကိုဗစ်ကာလမှာ ကျောင်းတွေ ပြန်ဖွင့်တယ်ဆိုပေမယ့် ကျန်းမာရေးဝန်ကြီးဌာနရဲ့ လမ်းညွှန်ချက်တွေ အတိုင်းအတိအကျ ပြင်ဆင်ထားတာကြောင့် မိဘတွေအနေနဲ့ စိုးရိမ်မနေဘဲ ကူးစက်ရောဂါက ကာကွယ်နိုင်ဖို့ကို ပူးပေါင်းဆောင်ရွက်ကြဖို့ အခြေခံပညာဦးစီးဌာနက တိုက်တွန်းထားပါတယ်ရှင်။

တိုက်ရိုက် လင့်ခ်

[Unicode Version]














XS
SM
MD
LG