သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မက်ဆီ ဘာစီလိုနာအသင်းက ထွက်လိုက်ပြီ


လီယိုနယ်မက်ဆီ
လီယိုနယ်မက်ဆီ

Zawgyi/Unicode

ကမ္ဘာကျော်ဘောလုံးသမား လီယိုနယ်မက်ဆီ ဘာစီလိုနာအသင်းကနေထွက်ဖို့ဆုံးဖြတ်လိုက်တာကြောင့်၊ အာဂျင်တီးနားနိုင်ငံက ပရိသတ်တွေကလည်း နိုင်ငံမှာ ပြန်လာကစားဖို့. မျှော်လင့်နေကြပါတယ်။ မက်ဆီရဲ့ ဇာတိ Rosario မြို့က Newell Old Boys ပရိသတ်တွေကလည်း လမ်းတွေပေါ်ကိုထွက်ပြီး မက်ဆီပြန်လာဖို့ ခေါ်နေကြတဲ့အကြောင်း ရိုက်တာသတင်းဆောင်းပါးကို အခြေခံပြီး ကိုရန်နိုင်က ပြောပြပေးမှာဖြစ်ပါတယ်။

စပိန်နိုင်ငံဘာစီလိုနာအသင်းမှာ ကစားနေတဲ့ အာဂျင်တီးနားတိုက်စစ်မှူး လီယိုနယ်မက်ဆီက ဘာစီလိုနာအသင်းကနေ ထွက်တော့မယ်လို့ သြဂုတ်လ ၂၅ ရက်နေ့မှာ ကြေညာလိုက်တဲ့အတွက် ကမ္ဘာဘောလုံးလောကကြီးတခုလုံး လှုပ်လှုပ်ရှားရှား ဖြစ်သွားခဲ့ပါတယ်။

မက်ဆီ နဲ့ ဘာစီလိုနာ၊ ဘာစီလိုနာနဲ့မက်ဆီဆိုတာ ခွဲခြားလို့မရအောင် နှစ်ပေါင်းများစွာတသားတည်းရှိနေခဲ့ပြီး မက်ဆီဟာ ဘာစီလိုနာအသင်းမှာပဲ သူ့ရဲ့ ကစားသမားဘဝကို အဆုံးသတ်မှာလို့ အတော်များများက ယူဆထားကြတာပါ။ ဒါပေမဲ့ ဘာစီလိုနာအသင်းဟာ အခုနှစ်မှာ လာလီဂါအမှတ်ပေးဖလားကို လက်လွှတ်ခဲ့ရသလို၊ ပြီးခဲ့တဲ့ ချန်ပီယံလိဂ် ကွာတားဖိုင်နယ်ပွဲစဉ်မှာ ဘိုင်ယန်မြူးနစ်ကို ၈ ဂိုး ၂ ဂိုး နဲ့ ရှုံးနိမ့်ခဲ့ပြီးတဲ့နောက် အသင်းမှာ အပြောင်းအလဲ အကြီးအကျယ်လုပ်ဖို့လိုနေပြီလို့ သုံးသပ်လာကြပါတယ်။ ပြီးခဲ့တဲ့ နည်းပြ Setien နဲ့ ကစားသမားတွေကြားမှာ အဆင်မပြေတာတွေရှိခဲ့သလို၊ မက်ဆီက အသင်းအတွက် ခေါ်ဖို့ အဆိုပြုတဲ့ ကစားသမားတွေ အသင်းက မဖြည့်ဆည်းခဲ့တာတွေကြောင့် ဥက္ကဋ္ဌနဲ့ သူနဲ့ ကြားမှာလည်း အဖုအထစ်တွေ ရှိနေခဲ့တာပါ။ ဒါ့အပြင် မက်ဆီက သူနဲ့ကစားဖော်ဟောင်း Xavi ကို နည်းပြအဖြစ် ခေါ်စေချင်ပေမယ့်၊ အသင်းက အခုနောက်ဆုံး နယ်သာလန်နည်းပြ Ronald Koeman ကို နည်းပြအဖြစ်ခန့်ခဲ့ပြီး၊ မက်ဆီ နဲ့ ဘာစီလိုနာ လမ်းခွဲဖို့အထိ ဖြစ်လာခဲ့တာပါ။

မက်ဆီက ဘာစီလိုနာကနေ ထွက်တော့မယ်ဆိုတဲ့ သတင်းကြောင့်၊ မန်စီးတီး နဲ့ PSG လို ငွေကြေးအမြောက်အများသုံးစွဲနိုင်တဲ့ အသင်းတွေက မက်ဆီကို ခေါ်ဖို့ စိတ်ဝင်စားနေကြပါတယ်။ ဥရောပအသင်းကြီးတွေက မက်ဆီကိုခေါ်နိုင်ဖို့ နည်းမျိုးစုံနဲ့ ကြိုးပမ်းလာနေချိန်မှာပဲ၊ အာဂျင်တီးနားမှာရှိတဲ့ သူ့ရဲ့ ဇာတိမြို့ဖြစ်တဲ့ Rosario မြို့မှာလည်း ပရိသတ်တွေက မက်ဆီကို အာဂျင်တီးနားပြန်လာကစားဖို့ ခေါ်နေကြပါတယ်။

ပြီးခဲ့တဲ့ရက်ပိုင်းတွေအတွင်းမှာပဲ Newell ပရိသတ်တွေဟာ Rosario မြို့က လမ်းတွေပေါ်မှာ စုဝေးလှည့်လည်ပြီးတော့ မက်ဆီ ပြန်လာဖို့ တောင်းဆိုခဲ့ကြပါတယ်။ Newell’s ပရိသတ် Rodlfo Olivera ကတော့
"မက်ဆီ ရေ- မင်းကို ငါတို့ Rosario မြိုက စောင့်မျှော်နေပါတယ်။ တနေတနေ့တချိန်ချိန်မှာ မင်းရဲ့ အိပ်မက်တွေကို အကောင်အထည်ဖော်နိုင်မယ်လို့မျှော်လင့်ပြီး၊ ဒါကလည်း ငါတို့ရဲ့ မျှော်လင့်ချက်ပါ။ တကယ်လို့ ၆ လ လောက်ပဲ ကစားနိုင်တယ်ဆိုလည်း ဒီကိုပြန်လာနိုင်ပြီး အာဂျင်တီးနားမှာရှိတဲ့ ငါတို့ရဲ့ အိပ်မက်တွေကို အနည်းငယ်မက်ခွင့်ပေးပါ။ "

မက်ဆီက တချိန်ချိန်ကျရင် သူ့ငယ်ငယ်က အားပေးခဲ့တဲ့ Rosario မြို့က Newell’s Old Boys အသင်းမှာ ကစားချင်တယ်လို့ ပြောထားတာကြောင့် မက်ဆီကို ပြန်လာဖို့ Newell’s ပရိသတ် Niolas Monkiovic အပါအဝင် အာဂျင်တီးနားနိုင်ငံသားတွေက မျှော်လင့်နေကြတာပါ။

"လီယို ပြန်လာခဲ့ လီယို၊ ငါတို့ Newelll’s Old Boys ပရိသတ်တွေအတွက် ပြန်လာခဲ့ပါ၊ ပြန်လာပေးပါလို့ တောင်းဆိုချင်တယ်။ ငါတို့ မင်းကို အမြဲတမ်းတံခါးဖွင့်ပြီး လက်ကမ်းကြိုဆိုနေတယ်။ မင်းက Newell’s ပရိသတ်၊ မင်းက အာဂျင်တီးနားနိုင်ငံသား၊ ငါတို့ရဲ့ သွေးချင်း ညီအစ်ကိုပဲ။"

မက်ဆီဟာ အခုမှ အသက် ၃၃ နှစ် သာရှိသေးပြီး ၊ ကမ္ဘာ့အကောင်းဆုံးဘောလုံးသမားတစ်ယောက်အဖြစ် ဆက်ရှိနေသေးတာကြောင့် ဥရောပထိပ်တန်းအသင်းကြီးတွေမှာ အများကြီး ဆက်ကစားနိုင်သေးတဲ့အတွက် အခုချိန်မှာတော့ အာဂျင်တီးနားနိုင်ငံကို ပြန်လာအုံးမှာ မဟုတ်သေးဘူးလို့ Rosario မြို့ခံတဦးက ပြောပါတယ်။

"သူ့အနေနဲ့ ဘာစီလိုနာအသင်းမှာလို အကောင်းဆုံးကစားနိုင်မယ့် အသင်းတွေ အများအပြားရှိပါတယ်။ ကျနော်က Newell’s ပရိသတ်မဟုတ်ပါဘူး ကျနော်က Boca Juniors ပရိသတ်ပါ။ Newell’s ပရိသတ်တွေက သူ့ကို ပြန်လာစေချင်တယ်ဆိုပေမယ့်၊ ပြန်လာအုံးမှာ မဟုတ်ပါဘူး အဲဒီအချိန်ရောက်ဖို့ လိုပါသေးတယ်။ တကယ်လို့ သူ့အနေနဲ့ မန်စီးတီကို သွားရင်လည်း အဆင်ပြေမှာပါ ဟိုမှာလည်း သူ့သူငယ်ချင်း အဂွေးရိုးရှိတယ်လေ။"

အခုလောလောဆယ်မှာတော့ မက်ဆီဟာ မန်စီးတီးရောက်ဖို့များနေတယ်လို့ ကျွမ်းကျင်သူတွေက သုံးသပ်နေကြပြီး၊ သူ့ရဲ့နည်းပြဟောင်းဖြစ်တဲ့ လက်ရှိ မန်စီးတီးနည်းပြ ဂွါဒီယိုလာ နဲ့လည်း စကားပြောတာတွေရှိတယ်လို့ ဆိုပါတယ်။ ဗြိတိန်အပါအဝင် တချို့ဥရောပသတင်းတွေကဆို မက်ဆီဟာ ဘာစီလိုနာကနေ ထွက်ဖို့ကိစ္စကို ဂွါဒီယိုလာကို ဖုန်းဆက်ပြောကြားခဲ့တယ်လို့ ဖော်ပြနေပါတယ်။ ဒါပေမဲ့ Newell’s ပရိသတ် Diego Monkovic ကတော့ မက်ဆီဟာ တချိန်ချိန်မှာတော့ Newell’s အသင်းကိုရောက်လာမယ်လို့ ယုံကြည်နေပါတယ်။

"ကျနော်တို့ ဂုဏ်ယူပါတယ်။ သူပြန်လာသည်ဖြစ်စေ၊ မလာသည်ဖြစ်စေ၊ ဒါက အရေးမကြီးပါဘူး။ အဲဒါထက် ပိုပြီးအရေးကြီးတာက ကျနော်တို့ သူ့ကို ကျေးဇူးတင်တယ်၊ တချိန်ချိန်မှာတော့ သူလည်း Martino နဲ့ Marcelo Bielsa တို့လို အသင်းကို သူပြန်လာပြီး အသင်းနဲ့ သမိုင်းမှတ်တိုင်သစ်တွေ စိုက်ထူနိုင်မှာပါ။ "

အခုလောလောဆယ်အနေအထားအရ ၊ မက်ဆီ အနေနဲ့ အာဂျင်တီးနားကို ပြန်လာဦးမှာမဟုတ်ဘဲ ၊ ဥရောပက အသင်းကြီးတသင်းသင်းမှာပဲ ဆက်ရှိနေဖို့များပါတယ်။ ဒီထဲမှာ မန်စီးတီး နဲ့ PSG တို့က ထိပ်ဆုံးမှာရှိနေပြီး ၊ အင်တာမီလန်ကလည်း စိတ်ဝင်စားနေတယ်လို့ သတင်းတွေထွက်နေပါတယ်။ သေချာတာကတော့ မက်ဆီကိုခေါ်နိုင်ဖို့အတွက်ဆိုရင် အဲဒီအသင်းအနေနဲ့ ကမ္ဘာ့စံချိန်တင်ပြောင်းရွှေ့ကြေးကို ပေးရမှာဖြစ်ပြီး၊ ဘယ်အသင်းကို ရောက်မယ်ဆိုတာကတော့ ကမ္ဘာ့ဘောလုံးပရိသတ်တွေ အားလုံး ရင်ခုန်စွာ နဲ့ စောင့်ကြည့်နေကြပါတယ်။

တိုက်ရိုက် လင့်ခ်


Unicode













XS
SM
MD
LG