သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

“ပိုးတွေ့လူနာဆိုတာ ရေခဲတုံးကြီး ရေပေါ်ပေါ်တဲ့အပိုင်းလောက်ပဲရှိ” - ဒေါက်တာခင်ခင်ကြီး, MOHS


ရန်ကုန်မြို့ရှိ အင်းစိန်မြို့နယ်မှာ COVID ရောဂါ ရှိ၊ မရှိ စစ်ဆေးပေးနေတဲ့ ကျန်းမာရေးဝန်ထမ်းများ။ (စက်တင်ဘာ ၂၁၊ ၂၀၂၀)
ရန်ကုန်မြို့ရှိ အင်းစိန်မြို့နယ်မှာ COVID ရောဂါ ရှိ၊ မရှိ စစ်ဆေးပေးနေတဲ့ ကျန်းမာရေးဝန်ထမ်းများ။ (စက်တင်ဘာ ၂၁၊ ၂၀၂၀)

[Zawgyi/Unicode]

ကိုဗစ်ကပ်ရောဂါ ကူးစက်မှုတွေ တိုးလာနေတာကြောင့် အိမ်မှာပဲနေထိုင်ကြဖို့ အမိန့်ထုတ်လိုက်တဲ့ ရန်ကုန်မှာ ရောဂါကူးစက်မှု ထိန်းချုပ်ရေး အရှိန်မြှင့် ဆောင်ရွက်ဖို့ ကျန်းမာရေးဝန်ထမ်းတွေ ပြင်ဆင်နေတဲ့အကြောင်း ပြောပြပါမယ်။ ဒီသတင်းကို ဗွီအိုအေမြန်မာပိုင်း သတင်းထောက် မစုစုက တင်ဆက်ပေးမှာပါ။

ကပ်ရောဂါကူးစက်မှုတွေနဲ့ သေဆုံးမှုတွေ တိုးလာနေတာကြောင့် ရန်ကုန်တိုင်းအတွင်း နေထိုင်သူတွေ အိမ်ပြင်မထွက်ကြဖို့အမိန့် ဒီကနေ့ စတင်အသက်ဝင်လာချိန်မှာပဲ ရောဂါထိန်းချုပ်ရေးအတွက် အရှိန်မြှင့်ဆောင်ရွက်ဖို့လည်း ကျန်းမာရေးဝန်ကြီးဌာနက ပြင်ဆင်နေပါတယ်။ ရောဂါကူးစက်မှုတွေနဲ့ ထိတွေ့သူတွေကို ခြေရာခံတာ အပါအဝင် တိုးမြှင့်ဆောင်ရွက်မယ့် အစီအစဉ်တွေကိုတော့ ဗဟိုကူးစက်ရောဂါ တိုက်ဖျက်ရေးဌာနခွဲ ညွှန်ကြားရေးမှူး ဒေါက်တာခင်ခင်ကြီးက အခုလို ရှင်းပြပါတယ်။

“ကျမတို့ရဲ့ရည်ရွယ်ချက်ကတော့ ပိုးတွေ့တဲ့သူတွေကို အမြန်ဆုံးရှာဖွေဖော်ထုတ်နိုင်မယ်၊ အဲဒါမှသာ သူနဲ့ထိတွေ့ Contact တွေကို ရှာနိုင်မယ်။ ရှာနိုင်မှသာ ရောဂါကူးစက်မှုကို အမြန်ဆုံးထိန်းချုပ်နိုင်မှာဖြစ်တယ်။ အခုလက်ရှိမှာ ပိုးတွေ့တဲ့လူနာဆိုတာက ရေခဲတုန်းကြီးရဲ့ ရေပေါ်ပေါ်နေတဲ့အပိုင်းလောက်ပဲ ရှိပါတယ်။ တကယ့်တကယ် အောက်ခြေမှာမြုပ်နေတာ ၉၀ ရာခိုင်နှုန်းလောက်ရှိပါတယ်။ ဒီ ၉၀ ရာခိုင်နှုန်းသော ပြည်သူလူထုထဲမှာဖြစ်နေတဲ့ ပိုးတွေ့လူနာတွေကို အမြန်ဆုံးရှာဖွေပြီးတော့ သူတို့ကိုသီးခြားထားရှိမယ်၊ သူတို့နဲ့ Contact တွေကို သေချာလိုက်နိုင်မယ်ဆိုရင်တော့ ရောဂါအမြန်ဆုံး ထိန်းချုပ်နိုင်မှာပါ။"

အခုလက်ရှိ ရောဂါပိုးကူးစက်ခံရသူတွေထဲမှာ အတည်ပြုလူနာနဲ့ ထိတွေ့မှုရှိသူ ၁၀၀ မှာ ၁၇ ဦးလောက်က ပိုးရှိနေတာကိုတွေ့ရပြီး၊ ရောဂါသံသကြောင့် ဆေးရုံလာပြသူတွေထဲ စောင့်ကြည့်ခံရသူတွေမှာ ပိုးတွေ့တာကတော့ ၁၂ ရာခိုင်နှုန်းလောက်ရှိတယ်လို့ ဒေါက်တာခင်ခင်ကြီးက ပြောပါတယ်။ အဲဒါကြောင့် အတည်ပြုလူနာနဲ့ ထိတွေ့မှုရှိခဲ့သူတွေအပါအဝင် စောင့်ကြည့်လူနာတွေကို အဓိကဦးစားပေးပြီး ရှာဖွေနေတယ်လို့လည်း ပြောပါတယ်။

ကျန်းမာရေးနဲ့ အားကစားဝန်ကြီးဌာနရဲ့ ဒီနေ့မွန်းလွဲပိုင်းအထိ ထုတ်ပြန်ချက်အရ ပိုးတွေ့လူနာ ၅,၈၀၀ ကျော်နဲ့ သေဆုံးသူကတော့ ၉၇ ဦး ရှိနေပါတယ်။ ရောဂါပျောက်ကင်းလို့ ဆေးရုံဆင်းခွင့်ရသူကတော့ ၁,၂၀၀ ကျော် ရှိထားပြီးဖြစ်ပါတယ်။ ရောဂါကာကွယ်ရေးနဲ့ ပတ်သက်တဲ့ အချက်တွေကို လူတိုင်းလိုက်နာရမှာဖြစ်ပြီးတော့ အဲဒီထဲမှာ ရောဂါပိုးကင်းစင်သွားလို့ ဆေးရုံဆင်းခွင့်ရသူတွေလည်း ပါဝင်တဲ့အကြောင်းကို ပါမောက္ခဒေါက်တာရဲမြက မြန်မာနိုင်ငံဆရာဝန်အသင်းက ပြုလုပ်တဲ့ ကိုဗစ်နဲ့ ပတ်သက်တဲ့ အွန်လိုင်းဆွေးနွေးပွဲမှာ ပြောပါတယ်။

“ကာကွယ်မှုကတော့ လူတိုင်းယူနေရမှာပဲ။ ဒီ Mask တပ်တာရယ်၊ လက်ဆေးတာရယ်၊ လူကြားထဲမသွားတာရယ်၊ ခြောက်ပေကွာတာရယ်က လူတိုင်းလူတိုင်းက အခုဒီပြဿနာမပြီးမချင်းက ယူနေရမှာပဲ။ ဒါကိုလျှော့လို့မရပါဘူး။"

ရောဂါပိုးတွေ့လူနာတိုးလာတဲ့ ရန်ကုန်တိုင်းမှာ ယာယီကုသရေးဆေးရုံတွေ တိုးချဲ့နေပြီး အဲဒီနေရာတွေမှာ လိုအပ်တဲ့ ကျန်းမာရေးစောင့်ရှောက်သူတွေနဲ့ အသွားအလာကန့်သတ်ခံရသူတွေကို ထားမယ့် Quarantine Center တွေမှာ လုပ်အားပေးမယ့် စေတနာ့ဝန်ထမ်းလိုအပ်ချက်ကတော့ တော်တော်များများရှိနေပါတယ်။ အခုလက်ရှိအချိန်မှာ ရောဂါပျောက်ကင်းလို့ ဆေးရုံဆင်းရသူထက် ဆေးရုံတက်ရသူ ပိုးတွေ့လူနာသစ်အရေအတွက်က ပိုများနေတယ်လို့ ဒေါက်တာခင်ခင်ကြီးကပြောပါတယ်။

“အခုလက်ရှိမှာ သောကြာနေ့က ဒေတာအရဆိုရင်တော့ ICU ထဲမှာ အယောက် ၃၀ ရှိပါတယ်။ အောက်စီဂျင်ပေးနေရတာတော့ ၃၁ ယောက်ရှိပါတယ်။ သို့သော် ICU ထဲမှာရှိတဲ့ ၃၀ မှာ ပြန်ကောင်းပြီးတော့ အပြင်ပြန်ရောက်လာသူတွေလည်းရှိပါတယ်။ ဒါကြောင့်မို့ ပြည်သူတွေကိုပြောချင်တာကတော့ ဘယ်အရာမှ ကံကိုယုံပြီး ဆူးပုံနင်းလို့မရပါဘူး။ ကိုယ်ဟာရောဂါဖြစ်လို့ရှိရင် သာမန်လက္ခဏာပဲဖြစ်မယ်၊ သိပ်မဆိုးဘူး၊ ရောဂါလက္ခဏာလည်း ပေါ်ချင်မှပေါ်မယ်၊ အဲလိုမျိုး ကိုဗစ်နဲ့ စာချုပ်ချုပ်ထားတာ မဟုတ်ပါဘူး။ သာမန်လူကောင်းတွေမှာလည်း အခုရောဂါလက္ခဏာ သိပ်မဆိုးပေမဲ့လို့ ရက်ပိုင်းအတွင်းမှာပဲ Oxygen Saturation တွေကျပြီးတော့ ဆိုးဆိုးရွားရွားဖြစ်သွားတာတွေလည်း ရှိတတ်ပါတယ်။ ပြောရမယ်ဆို မြန်မာနိုင်ငံသူ နိုင်ငံသားအားလုံးဟာ ကိုယ်ပိုင်အသိစိတ်ဓာတ်ရှိရှိနဲ့ စည်းကမ်းတွေကိုလိုက်နာကြမှသာ အခုလက်ရှိဖြစ်ပွားနေတဲ့ ရောဂါကူးစက်ဖြစ်ပွားမှု များပြားနေတဲ့အခြေအနေကနေပြီးတော့ ပြောင်းပြန်လှန်နိုင်မှာဖြစ်ပါတယ်၊ ရောဂါဖြစ်ပွားမှုကို ထိန်းချုပ်နိုင်မှာဖြစ်ပါတယ်။"

ပြည်တွင်းကူးစက်နှုန်း အဆမတန်တက်နေတဲ့ ကပ်ရောဂါကူးစက်ပြန့်ပွားမှုကို အမြန်ဆုံးလျှော့ချနိုင်ဖို့အတွက်ဆို အထိရောက်ဆုံးနည်းလမ်းကတော့ ကိုယ့်ရဲ့နေအိမ်တွင်းမှာသာနေထိုင်တဲ့အစီအစဉ်ဖြစ်တယ်လို့ ကျန်းမာရေးနဲ့ အားကစားဝန်ကြီးဌာနက ထုတ်ပြန်ထားပါတယ်။ နေအိမ်အပြင်ကို မဖြစ်မနေထွက်ရတော့မယ်ဆိုရင်လည်း ပါးစပ်နဲ့ နှာခါင်းစည်း Mask တို့ကို သေချာတပ်ဆင်ဖို့ကိုလည်း သတိပေးထားပါတယ်။

တိုက်ရိုက် လင့်ခ်

[Unicode Version]











XS
SM
MD
LG