သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ရန်ကုန်တိုင်းတွင်း စက်ရုံအလုပ်ရုံတွေကို သီတင်းနှစ်ပတ်ပိတ်မည်


ကျန်းမာရေးလုပ်သားများအတွက် COVID-19 ကာကွယ်ရေးဝတ်စုံများ ချုပ်လုပ်နေသည့် စက်ချုပ်လုပ်သားများ။ (မေ ၈၊ ၂၀၂၀)
ကျန်းမာရေးလုပ်သားများအတွက် COVID-19 ကာကွယ်ရေးဝတ်စုံများ ချုပ်လုပ်နေသည့် စက်ချုပ်လုပ်သားများ။ (မေ ၈၊ ၂၀၂၀)

[Zawgyi/Unicode]

ရန်ကုန်တိုင်းအတွင်း စက်ရုံအလုပ်ရုံတွေမှာ ကိုဗစ်ရောဂါကူးစက်သူ ၁၀၀ ကျော်တွေ့ရှိခဲ့ပြီးနောက် လုပ်ငန်းတွေကို ကြာသပတေးနေ့က စပြီး သီတင်း ၂ ပတ်ကြာ ယာယီပိတ်ဖို့ အစိုးရက စီစဉ်နေတဲ့အကြောင်းကို ဗွီအိုအေမြန်မာပိုင်းသတင်းထောက် ကိုဇော်ထက်က ပြောပြပါမယ်။

မြန်မာနိုင်ငံမှာ ကိုဗစ်ရောဂါ ကူးစက်မှုတွေ အများဆုံးကြုံနေရတဲ့ ရန်ကုန်တိုင်းအတွင်း ကူးစက်မှုတွေကို ထိန်းချုပ်ဖို့ အိမ်ပြင်မထွက်ရ အမိန့်ထုတ်လိုက်သလို စက်မှုဇုန်တွေက လုပ်ငန်းတွေကိုလည်း ယာယီပိတ်ဖို့ စီစဉ်နေတာပါ။ စက်မှုလက်မှုနှင့် ဝန်ဆောင်မှုလုပ်ငန်း ပေါင်းစုံ အလုပ်သမားသမဂ္ဂများ အဖွဲ့ချုပ်က ဦးသက်နှင်းအောင်ကတော့ ကျန်းမာရေးနဲ့ အားကစားဝန်ကြီးဌာနရဲ့ မနေ့တုန်းက ကြေညာချက်ဟာ လိုအပ်ချက်အရ ဆုံးဖြတ်ခဲ့တာလို့ ယူဆကြောင်း ပြောပါတယ်။

“အတည်ပြုလူနာကတော့ ၁၀၀ ကျော်သွားပါပြီ၊ quarantine ဝင်နေတဲ့ အလုပ်သမားဆိုရင် ထောင်နဲ့ချီပြီး ရှိလာတာ တွေ့ရတယ်ခင်ဗျ။ ဒါ စက်ရုံ၊ အလုပ်ရုံ အလုပ်သမားတွေတင်ပေါ့နော်။ အခုလိုပိတ်ဖို့ ဆုံးဖြတ်ချက် ချလိုက်တာကတော့ ရန်ကုန်တိုင်းကို ကယ်တင်ဖို့အတွက် စဉ်းစားလိုက်တယ်လို့ မြင်ပါတယ်။”

ကပ်ရောဂါကြောင့် လုပ်ငန်းတွေ ရုတ်တရက် ရပ်နားထားရမယ့်အတွက် အလုပ်သမားတွေအတွက် ဝင်ငွေနဲ့ စားဝတ်နေရေးအတွက် အခက်အခဲ ကြုံရမှာကိုလည်း အလုပ်သမားရေး လှုပ်ရှားသူတွေ စိုးရိမ်နေပါတယ်။ အရေးပေါ် အခြေအနေကြောင့် လုပ်ငန်းတွေ ရပ်နားထားရတဲ့ အချိန်မှာ အလုပ်သမားတွေရဲ့ လိုအပ်ချက်တွေကို ဖြည့်ဆည်းနိုင်ဖို့ပါ စဉ်းစားဖို့ လိုမယ်လို့လည်း ဦးသက်နှင်းအောင်က ပြောပါတယ်။

“ပြည်ထောင်စုဝန်ကြီး ကျနော်တို့ အဖွဲ့ချုပ်ကို ဆက်သွယ် ပြောကြားမှုအရဆိုရင် ၂၄ ရက်မတိုင်ခင်တော့ ထုတ်ပြန်ချက် ထုတ်ပြန်ဖို့ ဆောင်ရွက်နေတယ်လို့ သိရပါတယ်။ အဲဒီတော့ အနည်းဆုံးလုပ်ခလစာ အပြည့်ပေးဖို့တော့ ကျနော်တို့ အနေနဲ့ကတော့ တိုက်တွန်း ထားပါတယ်ခင်ဗျ။”

ရန်ကုန်တိုင်းအတွင်း စက်မှုဇုန်တွေ ယာယီပိတ်မယ့် အစီအစဉ်နဲ့ ပတ်သက်ပြီး မေးမြန်းဖို့ အလုပ်သမားဝန်ကြီးဌာနကို ဗွီအိုအေက ဆက်သွယ်ခဲ့ပေမဲ့ မရခဲ့ပါဘူး။ အစိုးရကတော့ စက်ရုံ၊ အလုပ်ရုံတွေ ယာယီရပ်ဆိုင်းမယ့် စက်တင်ဘာ ၂၄ ရက်နေ့ မတိုင်ခင် အလုပ်သမားတွေ လုပ်ခလစာခံစားခွင့်အတွက် အသေးစိတ်ထုတ်ပြန်ပေးမယ်လို့ အလုပ်သမားသမဂ္ဂတွေကို အသိပေးထားကြောင်း မြန်မာနိုင်ငံလုံးဆိုင်ရာအလုပ်သမားသမဂ္ဂများအဖွဲ့ချုပ် CTUM ပြောခွင့်ရ ဒေါ်ဖြိုးစန္ဒာစိုးက ဗွီအိုအေကို ပြောပါတယ်။

“၂၄ ရက် မတိုင်ခင်ကို CMP (အထည်ချုပ်) လုပ်ငန်းကဏ္ဍထဲမှာ ဘယ်လိုလုပ်ငန်းတွေပါလဲဆိုတာကို အသေးစိတ်ထုတ်ပြန်မယ်၊ ပြီးတဲ့အခါကျရင် လုပ်အားခကို ဘယ်ကနေပေးမယ်ဆိုတဲ့ဟာကို အဲဒါကိုထုတ်ပြန်ဖို့ရှိပါတယ်၊ အဲဒီအတိုင်းပဲ အလုပ်သမားဝန်ကြီးဌာန တာဝန်ရှိသူတွေက ကျမတို့ကို ပြောထားပါတယ်။ အဲဒီတော့ ၂၄ ရက်မတိုင်ခင်အထိကို ကျမတို့ကို စောင့်ပေးပါလို့ ပြောပါတယ်။”

ကပ်ရောဂါ ကြုံနေရချိန်မှာ လုပ်ငန်းတွေကို ယာယီရပ်ဆိုင်းဖို့ အဓိက အလုပ်သမားသမဂ္ဂ ၃ ဖွဲ့က မကြာသေးခင်တုန်းက အွန်လိုင်းဆွေးနွေးပွဲမှာ အစိုးရနဲ့ အလုပ်ရှင်တွေကို တိုက်တွန်းခဲ့တာပါ။ အလုပ်သမားရေး လှုပ်ရှားမှု အဖွဲ့အစည်းတွေကတော့ အလုပ်သမားတွေ လူမှုဖူလုံရေးအတွက် အစိုးရက ရေရှည်အစီအစဉ်တွေကို စဉ်းစားဖို့ လိုအပ်နေပြီလို့လည်း သတိပေးနေကြပါတယ်။

လတ်တလောမှာတော့ ဥရောပသမဂ္ဂ EU ကတော့ ကိုဗစ်ကပ်ရောဂါကာလ ထိခိုက်သွားတဲ့ မြန်မာ အထည်ချုပ်လုပ်သား ၉၀၀,၀၀၀ ကို အရေးပေါ်ရန်ပုံငွေ ယူရို ၅,၀၀၀,၀၀၀ (ကျပ်ငွေ ၇.၉ ဘီလီယံ) ထောက်ပံ့ထားပြီး နောက်ထပ် ယူရို ၅,၀၀၀,၀၀၀ ပေးဖို့လည်း ကတိပြုထားပါတယ်။

တိုက်ရိုက် လင့်ခ်

[Unicode Version]











XS
SM
MD
LG