သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ကိုဗစ်အကန့်အသတ် အလုပ်သမားတွေအခက်အခဲတိုးလာ


ရန်ကုန်မြို့ရှိ ဘတ်စ်ကားဂိတ်တခုမှာတွေ့ရတဲ့ အလုပ်သမားတချို့။ (မေ ၁၅၊ ၂၀၂၀)
ရန်ကုန်မြို့ရှိ ဘတ်စ်ကားဂိတ်တခုမှာတွေ့ရတဲ့ အလုပ်သမားတချို့။ (မေ ၁၅၊ ၂၀၂၀)

[Zawgyi/Unicode]

ကိုဗစ်ကပ်ရောဂါကာလမှာ အိမ်မှာနေ အမိန့်ထုတ်ထားပြီး လုပ်ငန်းတွေ ရပ်ဆိုင်းထားတာကြောင့် အလုပ်သမားတွေ အခက်တွေ့နေတာကို ဖြေရှင်းဖို့ အလုပ်သမားရေးလှုပ်ရှားသူတွေ တိုက်တွန်းနေတဲအကြောင်းကို ဗွီအိုအေမြန်မာပိုင်းသတင်းထောက် မအိမ့်သန္တာထွန်းက ပြောပြပေးပါမယ်။

ကိုဗစ်ကပ်ရောဂါ ကူးစက်မှုတွေ တိုးလာနေတာကြောင့် အိမ်မှာပဲ နေကြဖို့ အမိန့်ထုတ်ထားတဲ့ ရန်ကုန်တိုင်းအတွင်း ကုန်ကြမ်းယူ ကုန်ချောပေး လုပ်ငန်းတွေကို ရပ်နားထားဖို့ အရင်က ထုတ်ပြန်ထားတဲ့ ညွှန်ကြားချက်ကို နောက်ထပ် ၂ ပတ် သက်တမ်းတိုးလိုက်တာကြောင့် အလုပ်သမားတွေ အခက်ကြုံရမယ့်အရေး စိုးရိမ်နေကြတာပါ။ ပထမတစ်ကြိမ် ရပ်နားထားစဉ်ကတည်းက အခက်အခဲကြုံနေရတဲ့ အလုပ်သမားတွေအနေနဲ့ အခုနောက်ထပ် သက်တမ်းတိုးလိုက်တာကြောင့် အကူအညီတွေ လိုအပ်နေတယ်လို့လည်း မြန်မာနိုင်ငံလုံးဆိုင်ရာ အလုပ်သမားသမဂ္ဂများဖွဲ့ချုပ် လက်ထောက်အထွေထွေအတွင်းရေးမှုး ဒေါ်ဖြိုးစန္ဒာစိုးက ပြောပါတယ်။

“အလုပ်သမားတွေက အဲ့ဒီညွှန်ကြားချက်ထွက်ပြီးကတည်းကိုက သူတို့ရဲ့ စိုးရီမ်ချက်တွေကို မေးလာပါတယ်။ အဲ့ဒါက သူတို့ အဆောင်ခပေါ့နော်။ အဆောင်ခကို သူတို့ တောင်းနေကြပြီ၊ မပေးနိုင်ဘူးဆိုရင် အဆာင်ကနေ ထွက်သွားပါ။ အဲ့လိုမျိုးပြောထားတယ်ပေါ့။ ပထမ ပိတ်ရက် ၁၄ ရက်မှာကိုက သူတို့က အဆောင်ပိုင်ရှင်တွေက တောင်းပန်ထာားရတာ။ သူတို့က လုပ်ခလစာ မရသေးလို့ ခဏစောင့်ပေးပါဆိုပြီး တောင်းပန်ထားရတာပေါ့နော်။ အခု နောက်ထပ် ၁၄ ရက်ထပ်ပိတ်လိုက်တဲ့ အခါကျတော့ အဆောင်ပိုင်ရှင်တွေကလည်း မထားချင်တော့တဲ့ အခက်အခဲတွေကို သူတို့ကြုံနေကြရတယ်။

အဲ့ဒီအခက်အခဲတွေကို သူတို့တင်ပြကြပါတယ်။ နောက်တစ်ခုက သူတို့ စားစရာမရှိတော့တာ။ လက်ထဲမှာ ကျမတို့ ဒီပိတ်ရက်မတိုင်ခင်ပေါ့၊ ၂၃ ရက်နေ့မှာတော့ သမဂ္ဂရှိတဲ့ စက်ရုံတွေမှာတော့ သမဂ္ဂတွေက အလုပ်ရှင်တွေနဲ့ ညှိနှိုင်းပေးလို့ ကြိုထုတ်ငွေဆိုပြီးတော့ လက်ထဲမှာ ၅၀,၀၀၀ သို့မဟုတ် ၁၀၀,၀၀၀ ရသွားကြတာရှိတယ်။ ဒါပေမဲ့ အလုပ်သမားအများစုက သူတို့လက်ထဲမှာ ကြိုထုတ်ငွေမရသွားကြဘူး။ သူတို့လက်ထဲမှာ ပိုက်ဆံမရှိတော့ စားသောက်ဖို့ အခက်အခဲဖြစ်ပါတယ်။”

ဒီကိစ္စတွေကို ဖြေရှင်းနိုင်ဖို့ အစိုးရကို တင်ပြတောင်းဆိုထားတယ်လို့လည်း ပြောပါတယ်။ လူမှုဖူလုံရေး အာမခံထဲမှာ အကျုံးမဝင်တဲ့ အလုပ်သမားတွေကို ကူညီပံ့ပိုးမယ့် အစီအစဉ်အတွက် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနကနေ တစ်ဆင့် ရန်ကုန်တိုင်းအစိုးရက စာရင်း ကောက်ယူနေတာကြောင့် နေ့စား၊ ယာယီအလုပ်သမားတွေအနေနဲ့ သက်ဆိုင်ရာ မြို့နယ်အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနမှာ သွားရောက်စာရင်းပေးကြဖို့ ဒေါ်ဖြိုးစန္ဒာစိုးက တိုက်တွန်းပါတယ်။

မြန်မာနိုင်ငံ စက်မှုလက်မှုနဲ့ ဝန်ဆောင်မှုလုပ်ငန်းပေါင်းစုံ အလုပ်သမားသမဂ္ဂများအဖွဲ့ချုပ်ရဲ့ အထွေထွေအတွင်းရေးမှုးချုပ် ဦးသက်နှင်းအောင်က အမိန့်ညွှန်ကြားချက်တွေထုတ်ပြန်တဲ့အခါ အစိုးရအနေနဲ့ ဖြစ်ပေါ်လာနိုင်တဲ့ အကျိုးဆက်တွေကို တွက်ဆပြီးဆောင်ရွက်သင့်တယ်လို့ သုံးသပ်ပါတယ်။

“အမိန့်တွေ၊ ညွှန်ကြားချက်တွေကို ထုတ်တဲ့အခါမှာ နောက်ဆက်တွဲဖြစ်ပေါ်လာနိုင်တဲ့ အကျိုးသက်ရောက်မှုကို ထည့်သွင်းစဉ်းစားပြီးတော့မှ ဝန်ကြီးဌာန အချင်းချင်းညှိနှိုင်းပြီးတော့မှာ ထုတ်ပြန်တာမျိုးက ပြည်သူလူထုနဲ့ တစ်နည်းအားဖြင့် ကျနော်တို့ အလုပ်သမားနှင့် အလုပ်ရှင်တွေအတွက် အင်မတန်မှ အဆင်ပြေစေမှာဖြစ်ပါတယ်။ အဲ့တော့ အားကစားဝန်ကြီးဌာနကပဲ ထုတ်ပြန်သည်ဖြစ်စေ၊ အလုပ်သမားဝန်ကြီးဌာနကပဲ ထုတ်ပြန်သည်ဖြစ်စေပေါ့နော်၊ ဖြစ်ပေါ်လာနိုင်တဲ့ အကျိုးသက်ရောက်မှုတွေကို တွက်ဆပြီးတော့မှ ဖြစ်လာမယ့် အခက်အခဲတွေကို ဘယ်လိုကျော်လွှားကြပါဆိုတဲ့ ညွှန်ကြားချက်မျိုးတွေပါ ထပ်ဆင့်ပြီးတော့မှ ထုတ်ပေးဖို့ အရေးတကြီးလိုအပ်တယ်လို့ တိုက်တွန်းချင်ပါတယ်ခင်ဗျ။”

ကိုဗစ်ကပ်ရောဂါကူးစက်မှုကြောင့် လပိုင်းအတွင်း သေဆုံးသူ ၄၀၀ ကျော်၊ ကူးစက်သူ ၁၉,၀၀၀ လောက်အထိ ရှိလာရာက လုပ်ငန်းတွေ ရပ်ဆိုင်းထားဖို့ ညွှန်ကြားချက်ကို သက်တမ်းတိုးလိုက်တာလည်း ဖြစ်ပါတယ်။

တိုက်ရိုက် လင့်ခ်

[Unicode Version]









XS
SM
MD
LG