သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

UDP ပါတီကို ရွေးကောက်ပွဲကော်မရှင် ဖျက်သိမ်း


UDP ပါတီ အလံ။
UDP ပါတီ အလံ။

(Zawgyi / Unicode)

နှင်းဆီပါတီလို့ လူသိကြတဲ့ ညီညွတ်သော ဒီမိုကရက်တစ်ပါတီ (United Democratic Party - UDP) ကို ဖျက်သိမ်းလိုက်ကြောင်း ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင် (UEC) က အောက်တိုဘာ ၁၇ ရက် ညပိုင်းမှာ ကြေညာလိုက်ပါတယ်။

UDP ပါတီဟာ နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်း ဥပဒေပုဒ်မ (၁၂)၊ ပုဒ်မခွဲ (က)၊ ပုဒ်မခွဲငယ် (၄) နဲ့ရော ပါတီမှတ်ပုံတင်ခြင်း နည်းဥပဒေ (၁၅) ပါ ပုဒ်မခွဲတွေနဲ့ပါ ငြိစွန်းကြောင်း စိစစ်တွေ့ရှိရတဲ့အတွက် နိုင်ငံရေးပါတီ မှတ်ပုံတင်ခြင်း ပုဒ်မ (၁၂) နဲ့အညီ ကော်မရှင်ရဲ့ အောက်တိုဘာ ၁၇ စုံညီအစည်းအဝေးကနေ UDP ကို နိုင်ငံရေးပါတီအဖြစ်မှ ပယ်ဖျက်လိုက်ကြောင်း ရွေးကောက်ပွဲကော်မရှင် ဥက္ကဋ္ဌ ဦးလှသိန်း လက်မှတ်နဲ့ ကြေညာခဲ့တာပါ။

ပါတီကို အခုလို ဖျက်သိမ်းလိုက်တဲ့အတွက် UDP ပါတီကို ကိုယ်စားပြုဝင်ပြိုင်ဖို့ ပြင်ဆင်ထားကြတဲ့ လွှတ်တော်ကိုယ်စားလှယ်လောင်းတွေဟာလည်း ရွေးကောက်ပွဲ ကျင်းပရေးဆိုင်ရာ ဥပဒေပုဒ်မ (၁၀) ပြဋ္ဌာန်းချက်ပါ အချက်အလက်တွေနဲ့ ငြိစွန်းနေတဲ့အတွက် UDP ကိုယ်စားလှယ်လောင်းတွေ အားလုံး ရွေးကောက်ပွဲမှာ ယှဉ်ပြိုင်ခွင့်ရတော့မှာ မဟုတ်ဘူးလို့လည်း ကြေညာချက်မှာ ဖော်ပြထားပါတယ်။

နှင်းဆီပါတီ ဥက္ကဋ္ဌ ဦးကျော်မြင့် (ခေါ်) စခုန်ဇုန်းဇောင် (ခေါ်) မိုက်ကယ်ဟွားဟူဟာ စီးပွားရေးကုမ္ပဏီများ အက်ဥပဒေကို ချိုးဖောက်မှုနဲ့ ၁၉၉၈ မှာ ထောင်ဒဏ် ၉ နှစ် ကျခံရပါတယ်။ ၁၉၉၉ မှာ မန္တလေး အိုးဘိုထောင်ကနေ ထွက်ပြေးလွတ်မြောက်သွားပြီး ကနေဒါနိုင်ငံမှာ သွားရောက်ခိုလှုံခဲ့သူပါ။

အဲဒီလို ထောင်ပြေးမှုအတွက် ရာဇသတ်ကြီးပုဒ်မ ၂၂၄ အရ အောက်တိုဘာလဆန်းပိုင်းမှာ သူ့ကို ဖမ်းဆီးထားပြီး စစ်ဆေးရာမှာ တရုတ်နိုင်ငံဘက်နေ မြန်မာနိုင်ငံထဲကို ကျပ်ငွေ ၁၆ ဘီလျံကျော် တရားမဝင် လွှဲပြောင်းခဲ့တာ ပေါ်ပေါက်ခဲ့ကြောင်း သမ္မတရုံး ပြောခွင့်ရ ဦးဇော်ဌေးက ဒီရက်ပိုင်းပြုလုပ်တဲ့ သတင်းစာရှင်းလင်းပွဲမှာ ထုတ်ဖော် ပြောဆိုခဲ့ပါတယ်။ ဒါဟာ ၂၀၁၄ ငွေကြေးခဝါချမှု တိုက်ဖျက်ရေး ဥပဒေပုဒ်မ ၄၃ နဲ့လည်း ငြိစွန်းနေကြောင်းလည်း ပြောပါတယ်။ ဒါတွေကို အမြန်စိစစ်ပြီး ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်က အရေးယူနိုင်ဖို့ တင်ပြထားကြောင်းလည်း ဦးဇော်ဌေးက ရှင်းပြခဲ့တာပါ။

ကနေဒါက ပြန်လာတဲ့ ဦးကျော်မြင့်ဟာ ဦးသိန်းစိန်အစိုးရ မတိုင်ခင် ရွေးကောက်ပွဲကော်မရှင်မှာ UDP ပါတီကို မှတ်ပုံတင်ခဲ့ပြီး ၂၀၁၀/၂၀၁၅ ရွေးကောက်ပွဲတွေမှာ ဝင်ရောက်ယှဉ်ပြိုင်ခဲ့ပေမယ့် တယောက်မှ အနိုင်မရခဲ့ပါဘူး။

၂၀၂၀ ရွေးကောက်ပွဲမှာ NLD ပါတီပြီးရင် လွှတ်တော်ကိုယ်စားလှယ်လောင်း ၁,၁၀၀ ကျော်နဲ့ ဒုတိယအများဆုံး ဝင်ရောက်ယှဉ်ပြိုင်ဖို့ လုပ်လာတဲ့ UDP ပါတီကို လူတွေ ပိုသတိထားမိရာက နောက်ကြောင်းပြန်အမှုတွေ တခုပြီးတခု ပေါ်ပေါက်လာတာ ဖြစ်ပါတယ်။

တိုက်ရိုက် လင့်ခ်

---------------------------

(Unicode)









XS
SM
MD
LG