[Zawgyi/Unicode]
အမေရိကန်နဲ့ တောင်ကိုရီးယား နှစ်နိုင်ငံကြား မဟာမိတ်အဖြစ် ဆက်လက်ရပ်တည်သွားဖို့နဲ့ ငြိမ်းချမ်းတဲ့ ကိုရီးယားကျွန်းဆွယ်ဖြစ်စေဖို့အတွက် တောင်ကိုရီးယားသမ္မတ မွန် ဂျေအင်နဲ့ အမေရိကန်သမ္မတရွေးကောက်ပွဲမှာ အနိုင်ရသူအဖြစ် ကြေညာထားတဲ့ ဂျိုး ဘိုင်ဒန်တို့က ထပ်လောင်း အတည်ပြုပြောကြားလိုက်တယ်လို့ တောင်ကိုရီးယားသမ္မတ အိမ်ပြာတော်က ပြောပါတယ်။ သူတို့နှစ်ဦး ဒီနေ့ တယ်လီဖုန်းနဲ့ ပြောကြားစဉ် အဲဒီလို ကတိပြုပြောကြားခဲ့တာဖြစ်တယ်လို့ တောင်ကိုရီးယားသမ္မတရုံး ပြောခွင့်ရ Kang Min-seok က ပြောပါတယ်။
“ကိုရီးယားကျွန်းဆွယ်မှာ နျူကလီးယား လက်နက်ဖျက်သိမ်းရေးနဲ့ ရေရှည်ငြိမ်းချမ်းရေးဖြစ်ပေါ်လာစေဖို့အတွက် အနီးကပ်ပူးပေါင်းဆောင်ရွက်ဖို့ ဂျိုး ဘိုင်ဒန်ကို သမ္မတ မွန်ဂျေအင်းက ပန်ကြားခဲ့ပါတယ်။ ဂျိုး ဘိုင်ဒန်ကတော့ တောင်ကိုရီးယားနိုင်ငံဟာ အင်ဒို-ပစိဖိတ်ဒေသရဲ့ လုံခြုံရေးနဲ့ သာယာဝပြောရေးအတွက် အရေးပါတဲ့နိုင်ငံဖြစ်ပြီး မြောက်ကိုရီးယားနိုင်ငံရဲ့ နျူကလီးယားကိစ္စကို အနီးကပ် ပူးပေါင်းဆောင်ရွက်သွားမယ့် တချိန်တည်းမှာပဲ တောင်ကိုရီးယားနိုင်ငံကို ဆက်ပြီးတော့ အခိုင်အမာကာကွယ်ပေးသွားမှာဖြစ်တယ်လို့ ပြောပါတယ်။” ဆိုပြီး တောင်ကိုရီးယားသမ္မတရုံး ပြောခွင့်ရ Kang Min-seok က ပြောသွားတာဖြစ်ပါတယ်။
တချိန်တည်းမှာပဲ တောင်ကိုရီးယားသမ္မတကလည်း အမေရိကန်အစိုးရအဖွဲ့သစ်နဲ့အတူ အနီးကပ်လက်တွဲပြီး ကိုရိုနာဗိုင်းရပ်စ်ကပ်ရောဂါနဲ့ ရာသီဥတုပြောင်းလဲမှုဆိုင်ရာ ကိစ္စရပ်တွေအပါအဝင် ကမ္ဘာတဝန်းမှာ ရင်ဆိုင်နေရတဲ့ စိန်ခေါ်မှုတွေကို တိုက်ဖျက်သွားမယ်လို့ ပြောလိုက်ပါတယ်။ လက်ရှိ အမေရိကန်သမ္မတ ဒေါ်နယ်လ် ထရမ့် နဲ့ မြောက်ကိုရီးယားခေါင်းဆောင် ကင် ဂျုံအွန်တို့ ၂၀၁၈ ခုနှစ်က တွေ့ဆုံခဲ့တဲ့ ညီလာခံအတွင်း မြောက်ကိုရီးယားရဲ့နျူကလီးယားလက်နက်ဖျက်သိမ်းရေးအတွက် လုပ်ဆောင်သွားမယ်လို့ ကြုံးဝါးပြောဆိုခဲ့ကြပေမယ့် သူတို့ရဲ့ ဒုတိယအကြိမ် ဆွေးနွေးပွဲနောက်ပိုင်းကစပြီး တိုးတက်မှုတစုံတရာ မရရှိခဲ့ဘဲ မနှစ်က အလုပ်သဘောအဆင့် ဆွေးနွေးမှုဟာလည်း ပျက်သွားခဲ့ပါတယ်။
[Unicode Version]