သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ကိုဗစ်ကာကွယ်ဆေး မြန်မာဝယ်ယူဖို့ အစီအစဉ်မူကြမ်းရေးဆွဲပြီးပြီ


ဝေဘာဂီဆေးရုံကြီး၊ ကိုဗစ်-၁၉ အထူးကြပ်မတ်ကုသဆောင် (ICU) မှာ လူနာတွေကို ကုသမှုပေးနေတဲ့ မြင်ကွင်း။ (ဓာတ်ပုံ - Ministry of Health and Sports - နိုဝင်ဘာ ၁၁ ၊ ၂၀၂၀)
ဝေဘာဂီဆေးရုံကြီး၊ ကိုဗစ်-၁၉ အထူးကြပ်မတ်ကုသဆောင် (ICU) မှာ လူနာတွေကို ကုသမှုပေးနေတဲ့ မြင်ကွင်း။ (ဓာတ်ပုံ - Ministry of Health and Sports - နိုဝင်ဘာ ၁၁ ၊ ၂၀၂၀)

[Zawgyi/Unicode]

ကိုဗစ်ကပ်ရောဂါကာကွယ်ဆေး တရားဝင် ထွက်ပေါ်လာတဲ့အခါ ဝယ်ယူအသုံးပြုနိုင်မယ့် အစီအစဉ်တရပ်ကို မြန်မာနိုင်ငံ ကျန်းမာရေးဝန်ကြီးဌာန အကြီးတန်းအရာရှိတွေ ဒီကနေ့ပဲ ဆွေးနွေးဆုံးဖြတ်လိုက်ကြတဲ့အကြောင်းကို ဗွီအိုအေမြန်မာပိုင်းသတင်းထောက် ကိုဇော်ထက်က ပြောပြပေးမှာပါ။

ကမ္ဘာအဝန်း ကိုဗစ်ကာကွယ်ဆေး ရရှိအောင် ကူညီပေးမဲ့ COVAX အဖွဲ့ရဲ့ အကူအညီနဲ့ တရားဝင်ကာကွယ်ဆေးတွေ ဈေးကွက်မှာ ဝယ်လို့ရတဲ့အခါ မြန်မာနိုင်ငံအတွက် မှာယူနိုင်အောင် ကျန်းမာရေးတာဝန်ရှိသူတွေ ဆွေးနွေးဆုံးဖြတ်ခဲ့ကြတာ ဖြစ်ပါတယ်။ COVAX အဖွဲ့ကို ဒီဇင်ဘာ ၇ ရက်နောက်ဆုံးထားပြီး တင်သွင်းရမယ့် အဆိုပြုလွှာကိုလည်း ပြင်ဆင်ထားပြီးဖြစ်တဲ့အကြောင်း ကာကွယ်ဆေးထိုးလုပ်ငန်း စီမံချက် အုပ်ချုပ်ရေးဆိုင်ရာ ညွှန်ကြားရေးမှူး ဒေါက်တာ ထားထားလင်းက ဗွီအိုအေကို ပြောပါတယ်။

“နိုင်ငံအတွက် plan ကတော့ draft လုပ်ပြီးပါပြီ မကြာခင်ထုတ်ပြန်မှာပါ။ ရေးလို့ပြီးသွားပါပြီ။ အဲဒါပြီးရင် ကျမတို့ ၇ ရက်နေ့မှာ application တင်မှာပါ။ COVAX ကနေလည်း ရအောင်ကြိုးစားနေတယ်။ တခြားရနိုင်မယ့် အရင်းအမြစ်တွေအားလုံးကိုတော့လေ အကုန်လုံး ဆက်သွယ်ပြီးတော့ ဆောင်ရွက်နေပါတယ်။ အဓိကတော့ ဘေးကင်းတဲ့ဆေး ဖြစ်ဖို့ရယ် နောက်တခါ အစွမ်းထက်တဲ့ဆေး ဖြစ်ဖို့ရယ် ၂ ခုက အဓိကပါ၊ ဘေးကင်းဖို့က ပထမပါ။”

ကမ္ဘာ့နိုင်ငံကြီးတချို့မှာ ကိုဗစ်ကပ်ရောဂါ ကာကွယ်ဆေးကို လူနဲ့စမ်းသပ်တာ အပါအဝင် နောက်ဆုံးအဆင့်အထိ စမ်းသပ်မှုတွေမှာ အောင်မြင်မှုတွေ ရနေတယ်ဆိုတဲ့ သတင်းတွေ ထွက်ပေါ်လာနေချိန်မှာပဲ ရောဂါကူးစက်မှုတွေ တိုးနေဆဲဖြစ်တဲ့ မြန်မာနိုင်ငံကလည်း ကာကွယ်ဆေးရဖို့ ကြိုးပမ်းနေတာပါ။ နိုင်ငံတကာ ဆေးကုမ္ပဏီကြီးတွေက စမ်းသပ်အောင်မြင်နေတယ်ဆိုတဲ့ ကာကွယ်ဆေးတွေထဲက ရနိုင်သမျှရဖို့ ကြိုးစားသွားမယ်လို့လည်း ဒေါက်တာ ထားထားလင်းကပြောပါတယ်။

“အခုလောလောဆယ် Pfizer ၊ Moderna ၊ Astra Zeneca အဲဒါမျိုးတွေပဲ ရှိနေသေးတော့ ဘာပဲပြောပြော ကာကွယ်ဆေး အမျိုးအစားက အများကြီးမရှိဘူးလေ။ အဲဒီအထဲကပဲ ကျမတို့ လောလောဆယ် စောစောထိုးချင်ရင်တော့ ရွေးချယ်ရမှာပေါ့။ လအနည်းငယ်အတွင်းမှာ ကာကွယ်နိုင်မှုမရှိတဲ့ ကာကွယ်ဆေးမျိုး မဖြစ်ရဘူး။ ဒါပေမဲ့ အဲဒါက ပြောဖို့ အလွန်စောနေတယ်။ ကျမတို့အတွက်ကတော့ ဒီလိုဆေးမျိုးကို လိုချင်တာပေါ့နော်။”

COVAX အစီအစဉ်နဲ့ ကာကွယ်ဆေးရနိုင်မယ့် နိုင်ငံပေါင်း ၉၂ နိုင်ငံက ဇူလိုင်လမှာ ကနဦး သဘောတူညီမှု ရရှိထားတာပါ။ ဒီနိုင်ငံတွေကို အုပ်စုလိုက် ပြန်ခွဲပြီး အလယ်အလတ် ဝင်ငွေနည်း နိုင်ငံတွေထဲမှာ ဘင်္ဂလားဒေ့ရှ်၊ အိန္ဒိယ၊ လာအို၊ ဗီယက်နမ် နိုင်ငံတွေနဲ့အတူ မြန်မာလည်း ပါဝင်ပါတယ်။ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ WHO ရဲ့ အောက်တိုဘာလ ထုတ်ပြန်ချက်မှာတော့ နိုင်ငံပေါင်း ၁၈၀ ကျော်ဟာ COVAX အစီအစဉ်မှာ ပူးပေါင်းထားပြီလို့ ဖော်ပြထားပါတယ်။

မြန်မာအစိုးရတော့ ကာကွယ်ဆေး ထောက်ပံ့ရေး ရန်ပုံငွေအဖွဲ့ COVAX အစီအစဉ်နဲ့ ကမ္ဘာ့ဘဏ်ဘက်က ထပ်တိုးပံ့ပိုးငွေ အမေရိကန်ဒေါ်လာ သန်း ၆၀ နဲ့ ဝယ်ယူသွားမှာပါ။ ဒီနေ့အစည်းအဝေးမှာတော့ မြန်မာဘက်ကလိုအပ်တဲ့အခြေအနေတွေကို ဆွေးနွေးခဲ့ကြောင်း အမျိုးသားအဆင့် ကာကွယ်ဆေးထိုး လုပ်ငန်းဆိုင်ရာ အကြံပေးအဖွဲ့ ဒုဥက္ကဋ္ဌနဲ့ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ WHO အရှေ့တောင်အာရှ ဒေသကြီး ကာကွယ်ဆေးဆိုင်ရာ နည်းပညာအကြံပေးအဖွဲ့ဝင်ဖြစ်တဲ့ အငြိမ်းစားပါမောက္ခ ဒေါက်တာစောဝင်းက အခုလိုပြောပါတယ်။

“COVAX facility ကို ကျနော်တို့နိုင်ငံ အနေနဲ့ တင်သွင်းတာပေါ့နော် ဘယ်လောက် ရာခိုင်နှုန်းယူမယ်။ priority တွေက ဘာ၊ လူဦးရေဆို ဘယ်လို plan နဲ့ ဦးစားပေးထိုးမယ် အဲလိုမျိုးပါ။ ဘယ်ဆေးရမယ်ဆိုတာ ဘယ်သူမှလည်း မသိနိုင်သေးဘူး။ ဘယ်ကုမ္ပဏီရမယ်ဆိုတာ ဘယ်သူမှ မပြောနိုင်သေးဘူးနော်။”

COVAX အဖွဲ့ကတော့ သူ့ရဲ့အစီအစဉ်မှာ ပူးပေါင်းပါဝင်ထားတဲ့ နိုင်ငံတနိုင်ငံချင်းရဲ့ လူဦးရေ ၂၀ ရာခိုင်နှုန်း ကာကွယ်ဆေးရဖို့၊ ကပ်ရောဂါကို အဆုံးသတ်ပြီး စီးပွားရေး ပြန်ထူထောင်ပေးဖို့ ရည်ရွယ်ထားပါတယ်။

မြန်မာအစိုးရက ကိုဗစ် ကာကွယ်ဆေးအတွက် ကမ္ဘာ့ဘဏ်ရဲ့ ပံ့ပိုးငွေ အမေရိကန်ဒေါ်လာ သန်း ၆၀ အပြင် ဆေးဝယ်ဖို့ ငွေလိုအပ်နေတဲ့ နိုင်ငံတွေကိုပေးတဲ့ ထပ်ဆောင်းရန်ပုံငွေ အမေရိကန်ဒေါ်လာ ၁၂ ဘီလီယံထဲကလည်း နောက်ထပ်ရနိုင်တဲ့ အလားအလာရှိကြောင်း ကမ္ဘာ့ဘဏ်(မြန်မာ) ရဲ့ ဌာနေ ညွှန်ကြားရေးမှူး Ms. Mariam Sherman က မကြာသေးခင်ကပဲ ပြောဆိုထားပါတယ်။

ကျန်းမာရေးနဲ့ အားကစားဝန်ကြီးဌာနရဲ့ ဒီကနေ့ မွန်းလွဲပိုင်းအထိ ထုတ်ပြန်ချက်အရ မြန်မာနိုင်ငံမှာ ကိုဗစ်ကပ်ရောဂါကြောင့် သေဆုံးသူ ၂,၀၀၀ ကျော်နဲ့ ကူးစက်သူ ၉၅,၀၀၀ ကျော် ရှိနေပါတယ်။

တိုက်ရိုက် လင့်ခ်

[Unicode Version]












XS
SM
MD
LG