သံုးရလြယ္ကူေစသည့္ Link မ်ား

ေနာက္ဆုံးရသတင္း

ရန္ကုန္တကၠသိုလ္ ရာျပည့္ပြဲ COVID-19 ေၾကာင့္ အျပည့္အဝ က်င္းပလို႔မရ


ရန္ကုန္တကၠသိုလ္။ (ဓာတ္ပံု - University of Yangon Myanmar's Facebook)

[Zawgyi/Unicode]

ရန္ကုန္တကၠသိုလ္ အႏွစ္ ၁၀၀ ျပည့္အခမ္းအနားကို စည္စည္ကားကား က်င္းပဖို႔ တႏွစ္ေလာက္ အခ်ိန္ယူခဲ့ေပမဲ့ ကိုဗစ္ကပ္ေရာဂါ ကူးစက္မႈ အႏၱရာယ္ေၾကာင့္ အကန႔္အသတ္နဲ႔သာ က်င္းပရတဲ့အေျခအေနကို ဗီြအိုေအျမန္မာပိုင္း သတင္းေထာက္ ကိုေဇာ္ထက္က တင္ဆက္ေပးမွာပါ။

၁၉၂၀ ျပည့္ႏွစ္ ဒီဇင္ဘာလ ၁ ရက္မွာ ဖြင့္လွစ္ခဲ့တဲ့ ရန္ကုန္တကၠသိုလ္က အခုဆိုရင္ ႏွစ္ေပါင္း ၁၀၀ ျပည့္သြားပါၿပီ။ ရန္ကုန္တကၠသိုလ္ ရာျပည့္အခမ္းအနားေတြအတြက္ ၂၀၁၉ ဒီဇင္ဘာေလာက္က ျပင္ဆင္လာခဲ့ၾကေပမဲ့ ကပ္ေရာဂါေၾကာင့္ သြားလာလႈပ္ရွားမႈေတြနဲ႔ လူစုလူေ၀းေတြကုိ ကန္႔သတ္ထားတာေၾကာင့္ ေမွ်ာ္လင့္ထားသေလာက္ေတာ့ စည္စည္ကားကား မက်င္းပႏုိင္ခဲ့ပါဘူး။

ရန္ကုန္တကၠသုိလ္ဟာ တခ်ိန္က အာရွမွာပါ ပညာေရးအရ ထင္ရွားခဲ့သလုိ ၿဗိတိသွ်ကုိလုိနီ လက္ေအာက္က လြတ္လပ္ေရးႀကိဳးပမ္းမႈကေန၊ လြတ္လပ္ေရးရၿပီးေနာက္ပုိင္း ျမန္မာႏုိင္ငံမွာ အုပ္ခ်ဳပ္ခဲ့ၾကတဲ့ စစ္အာဏာရွင္ေတြကုိ ဆန္႔က်င္လႈပ္ရွားခဲ့ၾကတဲ့ သမုိင္းအစဥ္အလာေတြလည္း ရွိခဲ့ဖူးပါတယ္။

ရန္ကုန္တကၠသိုလ္ တည္ေထာင္စကတည္းက ဖိႏွိပ္မႈကို ဆန႔္က်င္တဲ့ ေက်ာင္းသားလႈပ္ရွားမႈေတြနဲ႔ စတင္ခဲ့တာလို႔ တကၠသိုလ္ ရာျပည့္သဘင္ က်င္းပေရး ဦးစီးေကာ္မတီရဲ႕ ဥကၠ႒ ႏိုင္ငံေတာ္အတိုင္ပင္ခံ ေဒၚေအာင္ဆန္းစုၾကည္က ဒီဇင္ဘာ ၁ ရက္ သူ႔ရဲ႕ မိန္းခြန္းမွာ ေျပာခဲ့တာပါ။ ျမန္မာႏိုင္ငံရဲ႕ ပထမဆုံး တကၠသိုလ္ျဖစ္သလို အရွိန္အဝါႀကီးမားၿပီး သမိုင္းရဲ႕ ေတာင္းဆိုမႈေတြနဲ႔ ပညာေရး၊ ႏိုင္ငံေရး၊ လြတ္လပ္ေရး ဒီႀကိဳးပမ္းမႈေတြရဲ႕ ဆုံမွတ္ျဖစ္ခဲ့တယ္လို႔ အတိုင္ပင္ခံက အခုလို မိန႔္ၾကားခဲ့တာပါ။

“ကိုလိုနီနယ္ခ်ဲ႕ အစိုးရဟာ ၁၉၂၀ ျပည့္ႏွစ္ ဒီဇင္ဘာ ၁ ရက္ေန႔၊ ရန္ကုန္တကၠသိုလ္ကို တည္ေထာင္ေပးခဲ့ပါတယ္။ ဒါေပမဲ့ ကိုလိုနီအစိုးရက အတည္ျပဳ၊ ျပ႒ာန္းခဲ့တဲ့ ရန္ကုန္တကၠသိုလ္ အက္ဥပေဒဟာ တိုင္းရင္းသားျပည္သူ အမ်ားစုကို တကၠသိုလ္ပညာ ဆက္လက္သင္ယူခြင့္ မရေအာင္ ကန႔္သတ္ခ်ဳပ္ျခယ္ထားသကဲ့သို႔ျဖစ္တာေၾကာင့္ တကၠသိုလ္ေက်ာင္းသားႀကီးမ်ားႏွင့္ မ်ိဳးခ်စ္ျပည္သူမ်ား သပိတ္တိုက္ပြဲ ဝင္ခဲ့ၾကပါတယ္။ တကၠသိုလ္ ေက်ာင္းသားႀကီးမ်ားႏွင့္ တိုင္းရင္းသားျပည္သူ တရပ္လုံးရဲ႕ ျပင္းထန္တဲ့ အမ်ိဳးသားေရး စိတ္ဓာတ္ေၾကာင့္ ေနာက္ဆုံးမွာေတာ့ တကၠသိုလ္ အက္ဥပေဒကို ျပင္ဆင္ေပးခဲ့ရပါတယ္။ ဒါေၾကာင့္ ရန္ကုန္တကၠသိုလ္ဟာ ျမန္မာ့အမ်ိဳးသား ႀကိဳးပမ္းမႈသမိုင္းမွာ တာထြက္ေကာင္းခဲ့ၿပီး ရန္ကုန္တကၠသိုလ္ သပိတ္တိုက္ပြဲေၾကာင့္ ျပည္ေထာင္စု တိုင္းရင္းသားအားလုံး ျမန္မာ့လြတ္လပ္ေရးအတြက္ တိုက္ပြဲဝင္လိုစိတ္ေတြ ႏိုးၾကားလာခဲ့ပါတယ္။”

စကားဝိုင္းေဆြးေႏြးပြဲ၊ သုေတသန စာတန္းဖတ္ပြဲ၊ ႏွီးေႏွာဖလွယ္ပြဲ၊ အားကစားၿပိဳင္ပြဲ၊ ပန္းခ်ီၿပိဳင္ပြဲ၊ တိုင္းရင္းသား စာေပယဥ္ေက်းမႈျပပြဲ၊ စာအုပ္အေရာင္းပြဲ၊ ေပ်ာ္ပြဲ႐ႊင္ပြဲ ဒီလိုပြဲေပါင္း ၁၀၀ ကို ရာျပည့္အထိမ္းအမွတ္လုပ္ဖို႔ စီစဥ္ထားေပမဲ့ ကပ္ေရာဂါေၾကာင့္ ဒီအစီစဥ္ေတြကို ႏိုင္ငံပိုင္႐ုပ္သံ၊ သတင္းစာေတြမွာပဲ ေဖာ္ျပခြင့္ရပါတယ္။ ျပည္တြင္းမွာ ကိုဗစ္ ကပ္ေရာဂါျဖစ္ပြားႏႈန္း တန႔္သြားတဲ့အခ်ိန္က ဒီလုပ္ငန္းေတြ ျပန္စဖို႔လုပ္ခဲ့ေပမဲ့ ေနာက္တႀကိမ္ ျဖစ္ပြားႏႈန္း တိုးလာလို႔ ႐ုပ္ျမင္သံၾကား၊ သတင္းစာ၊ ေရဒီယိုကေနလုပ္ဖို႔ ဆုံးျဖတ္ရေၾကာင္း ရန္ကုန္တကၠသိုလ္ သမိုင္းဌာနပါေမာကၡ ေဒါက္တာေဇာ္စိုးမင္းက ေျပာပါတယ္။

အခုႏွစ္ ၁၀၀ တိတိျပည့္တဲ့ ဒီဇင္ဘာ ၁ ရက္ကေန ၃ ရက္မွာေတာ့ ရာျပည့္ပြဲရဲ႕ ဒုတိယအစီအစဥ္အေနနဲ႔ ေက်ာင္းသားေဟာင္းေတြရဲ႕ မွတ္တမ္းေတြ၊ အႏုပညာ၊ စာေပလက္ရာေတြကို ခင္းက်င္း ျပသထားေၾကာင္းသူကေျပာပါတယ္။

“ပြဲတခုလုံး ၿခဳံငုံေျပာရရင္ က်ေနာ္နားလည္သေလာက္ဆိုရင္ ရာျပည့္ပြဲ ျဖစ္တဲ့အတြက္ ၂၀၁၉ ဒီဇင္ဘာကေန ၂၀၂၀ ဒီဇင္ဘာအထိကို ပြဲေပါင္း ၁၀၀ ေလာက္ လုပ္ဖို႔ရည္မွန္းထားတာ ရွိပါတယ္... မူလတုန္းကေပါ့။ အခုေတာ့ ကပ္ေရာဂါေဘး အေျခအေနေၾကာင့္မို႔ အဟန႔္အတား အခက္အခဲ အမ်ိဳးမ်ိဳးၾကားထဲကပဲ ျဖစ္ေအာင္ ႀကိဳးစား စီစဥ္ၾကတဲ့အခါမွာ စည္စည္ကားကား၊ ခမ္းခမ္းနားနား ပရိတ္သတ္ေတြနဲ႔ အုတ္အုတ္က်က္က်က္ မက်င္းပႏိုင္ေသာ္လည္းပဲ မေန႔က က်ေနာ္တို႔ ဆရာမႀကီးေတြ ေျပာတာကို မွတ္သားလိုက္မိတာက ပြဲေပါင္း ၁၀၀ မဟုတ္ေတာင္ ပြဲေပါင္း ၉၃ ပြဲေလာက္ကို က်င္းပႏိုင္ခဲ့ၿပီ ျဖစ္ပါတယ္။ ဒါေပမဲ့ သူ႔ရဲ႕ size ကေတာ့ က်ဳံ႕သြားတာေပါ့၊ တက္ေရာက္ႏိုင္တဲ့ ပရိတ္သတ္ကေတာ့ နည္းသြားတာေပါ့။”

ႀကိဳတင္႐ိုက္ကူးထားတဲ့ အစီအစဥ္ေတြကိုလည္း ဒီဇင္ဘာ ၁ ရက္ ညေန ၅ နာရီကေန ႏိုင္ငံပိုင္ သတင္းဌာနကေန ထုတ္လႊင့္ေနတာပါ။

အဂၤလန္တကၠသိုလ္ေတြ စနစ္အတိုင္း ဖြဲ႕စည္းထားၿပီး အက်ယ္ဧက ၄၀၀ ရွိတဲ့ ရန္ကုန္တကၠသိုလ္ဟာ ၁၉၄၀ ေက်ာ္ႏွစ္ေတြမွာ အာရွရဲ႕ အထင္ရွားဆုံး တကၠသိုလ္တခု ျဖစ္ခဲ့တာပါ။ ဗိုလ္ခ်ဳပ္ေအာင္ဆန္း၊ ေဒါက္တာဘေမာ္၊ ဝန္ႀကီးခ်ဳပ္ဦးႏု၊ ကုလသမဂၢ အတြင္းေရးမႈးခ်ဳပ္ေဟာင္း ဦးသန႔္လို ထင္ရွားေက်ာ္ၾကားသူေတြ မင္းသုဝဏ္၊ သိန္းေဖျမင့္၊ ေဒၚခင္မ်ိဳးခ်စ္၊ ေကာလိပ္ဂ်င္ေနဝင္း တို႔လို စာေပအႏုပညာရွင္ေတြ အေျမာက္အမ်ား ေမြးထုတ္ေပးခဲ့တာပါ။

အေရွ႕ေတာင္အာရွ ႏိုင္ငံသားေတြ လာၿပီး ပညာသင္ဖူးတဲ့ ရန္ကုန္တကၠသိုလ္ဟာ စစ္အစိုးရေတြလက္ထက္မွာေတာ့ ကမာၻတ၀ွမ္း တကၠသုိလ္ေတြထဲမွာ အဆင့္ ၁၀,၀၀၀ ေက်ာ္အထိေရာက္ခဲ့တာပါ။ ပညာေရးမွာသာမက ျမန္မာ့ႏုိင္ငံေရးမွာပါ အထင္ကရ ေနရာယူခဲ့တဲ့ ရန္ကုန္တကၠသုိလ္ရဲ႕ အခမ္းက႑ကုိ ေမ့ေဖ်ာက္ထားလုိ႔ မရႏုိင္ေၾကာင္းလည္း ၁၉၈၈ ခုႏွစ္ ေက်ာင္းသားလႈပ္ရွားမႈေတြမွာ ပါ၀င္လႈပ္ရွားခဲ့တဲ့ ရန္ကုန္တကၠသိုလ္ ေက်ာင္းသားေဟာင္းတဦးျဖစ္တဲ့ ကိုျမေအးက ေျပာပါတယ္။ အထူးသျဖင့္ လက္ရွိႏုိင္ငံေရး အေျပာင္းအလဲေတြကုိ ဦးတည္ေစခဲ့တဲ့ ေက်ာင္းသားလႈပ္ရွားမႈေတြမွာ အဓိကေနရာယူခဲ့တဲ့ ရန္ကုန္တကၠသုိလ္ရဲ႕ သမုိင္းအစဥ္အလာကုိ အေလးထားဖုိ႔ လုိတယ္လုိ႔လည္း ေျပာပါတယ္။

“ေက်ာင္းသားသမဂၢရဲ႕ အခန္းက႑က ျမန္မာႏိုင္ငံ လြတ္လပ္ေရး ႀကိဳးပမ္းမႈ သမိုင္းမွာေရာ ဒီဘက္ေခတ္ ဒီမိုကေရစီေရး ႀကိဳးပမ္းမႈမွာေရာ အရမ္းကို အခရာက်တယ္။ အဓိကက်တာျဖစ္တယ္။ တနည္းအားျဖင့္ေျပာမယ္ဆိုရင္ ၁၉၈၈ ေက်ာင္းသားလႈပ္ရွားမႈႀကီးေပၚလာလို႔ လူထုလႈပ္ရွားမႈ ဆက္ျဖစ္တယ္။ အဲဒီကေန ဒီေန႔ေခတ္၊ ဒီေန႔အခ်ိန္အခါကို ေရာက္လာေအာင္ လွမ္းခဲ့ရတာျဖစ္တယ္။ အဲဒီမွာ က်ေနာ္တို႔ ဗကသ၊ တကသ၊ ရကသ အစရွိတဲ့ ေက်ာင္းသားသမဂၢေတြရဲ႕ အဆင့္ဆင့္ေပါ့ ျဖတ္သန္းလာတဲ့ သမိုင္းက ခ်န္လွပ္လို႔ကို မရဘူး။ ဒီဟာေတြကို ခ်န္လွပ္ၿပီး ေျပာသြားျခင္းကေတာ့ မသင့္ေတာ္ဘူးလို႔ က်ေနာ္ျမင္တယ္၊ သဘာဝ မက်ဘူးလို႔လည္း က်ေနာ္ျမင္တယ္။ တနည္းအားျဖင့္ေျပာမယ္ဆိုရင္ ေက်ာင္းသားသမဂၢေတြရဲ႕ အခန္းက႑နဲ႔ အက်ိဳးေက်းဇူးကို ေမ့ခ်င္ေယာင္ေဆာင္တယ္လို႔ က်ေနာ္ျမင္တယ္၊ မႀကိဳက္ဘူးက်ေနာ္အဲဒါ။”

ရန္ကုန္တကၠသိုလ္ရာျပည့္ အထိမ္းအမွတ္အတြက္ ၂၀၁၉ ဒီဇင္ဘာ ၂ ရက္မွာ ေၾကညာခဲ့ခ်ိန္မွာေတာ့ ျမန္မာ့ဂုဏ္ေဆာင္ တကၠသိုလ္အျဖစ္ထိန္းသိမ္းဖို႔၊ အရည္အေသြးရွိတဲ့ တကၠသိုလ္ ပညာေရးစနစ္ေဖာ္ေဆာင္ဖို႔၊ စြမ္းေဆာင္ရည္ျမင့္တဲ့ လူ႔စြမ္းအား အရင္းအျမစ္ကို ေမြးထုတ္ဖို႔၊ အမ်ိဳးသားစည္းလုံးညီၫႊတ္ေရး ေဖာ္ေဆာင္ေပးမဲ့ ပညာေရးစနစ္ျဖစ္ဖို႔၊ တကမာၻလုံးအက်ိဳးေဆာင္႐ြက္ေပးမယ့္ ႏိုင္ငံတကၠသိုလ္ျဖစ္ဖို႔ အခ်က္ေတြကုိ ထည့္သြင္းထားပါတယ္။ ႏိုင္ငံေတာ္အတိုင္ပင္ခံ ေဒၚေအာင္ဆန္းစုၾကည္ကလည္း ရန္ကုန္တကၠသိုလ္ကို ႏိုင္ငံတကာအဆင့္မီျဖစ္ဖို႔ အားလုံးႀကိဳးပမ္းၾကဖို႔ လိုေၾကာင္းလည္း ဒီဇင္ဘာ ၁ ရက္ သူ႔ရဲ႕ မိန႔္ခြန္းမွာ ေျပာၾကားခဲ့ပါတယ္။

တိုက္႐ိုက္ လင့္ခ္

[Unicode Version]

ရန်ကုန်တက္ကသိုလ် ရာပြည့်ပွဲ COVID-19 ကြောင့် အပြည့်အဝ ကျင်းပလို့မရ

ရန်ကုန်တက္ကသိုလ် အနှစ် ၁၀၀ ပြည့်အခမ်းအနားကို စည်စည်ကားကား ကျင်းပဖို့ တနှစ်လောက် အချိန်ယူခဲ့ပေမဲ့ ကိုဗစ်ကပ်ရောဂါ ကူးစက်မှု အန္တရာယ်ကြောင့် အကန့်အသတ်နဲ့သာ ကျင်းပရတဲ့အခြေအနေကို ဗွီအိုအေမြန်မာပိုင်း သတင်းထောက် ကိုဇော်ထက်က တင်ဆက်ပေးမှာပါ။

၁၉၂၀ ပြည့်နှစ် ဒီဇင်ဘာလ ၁ ရက်မှာ ဖွင့်လှစ်ခဲ့တဲ့ ရန်ကုန်တက္ကသိုလ်က အခုဆိုရင် နှစ်ပေါင်း ၁၀၀ ပြည့်သွားပါပြီ။ ရန်ကုန်တက္ကသိုလ် ရာပြည့်အခမ်းအနားတွေအတွက် ၂၀၁၉ ဒီဇင်ဘာလောက်က ပြင်ဆင်လာခဲ့ကြပေမဲ့ ကပ်ရောဂါကြောင့် သွားလာလှုပ်ရှားမှုတွေနဲ့ လူစုလူဝေးတွေကို ကန့်သတ်ထားတာကြောင့် မျှော်လင့်ထားသလောက်တော့ စည်စည်ကားကား မကျင်းပနိုင်ခဲ့ပါဘူး။

ရန်ကုန်တက္ကသိုလ်ဟာ တချိန်က အာရှမှာပါ ပညာရေးအရ ထင်ရှားခဲ့သလို ဗြိတိသျှကိုလိုနီ လက်အောက်က လွတ်လပ်ရေးကြိုးပမ်းမှုကနေ၊ လွတ်လပ်ရေးရပြီးနောက်ပိုင်း မြန်မာနိုင်ငံမှာ အုပ်ချုပ်ခဲ့ကြတဲ့ စစ်အာဏာရှင်တွေကို ဆန့်ကျင်လှုပ်ရှားခဲ့ကြတဲ့ သမိုင်းအစဉ်အလာတွေလည်း ရှိခဲ့ဖူးပါတယ်။

ရန်ကုန်တက္ကသိုလ် တည်ထောင်စကတည်းက ဖိနှိပ်မှုကို ဆန့်ကျင်တဲ့ ကျောင်းသားလှုပ်ရှားမှုတွေနဲ့ စတင်ခဲ့တာလို့ တက္ကသိုလ် ရာပြည့်သဘင် ကျင်းပရေး ဦးစီးကော်မတီရဲ့ ဥက္ကဋ္ဌ နိုင်ငံတော်အတိုင်ပင်ခံ ဒေါ်အောင်ဆန်းစုကြည်က ဒီဇင်ဘာ ၁ ရက် သူ့ရဲ့ မိန်းခွန်းမှာ ပြောခဲ့တာပါ။ မြန်မာနိုင်ငံရဲ့ ပထမဆုံး တက္ကသိုလ်ဖြစ်သလို အရှိန်အဝါကြီးမားပြီး သမိုင်းရဲ့ တောင်းဆိုမှုတွေနဲ့ ပညာရေး၊ နိုင်ငံရေး၊ လွတ်လပ်ရေး ဒီကြိုးပမ်းမှုတွေရဲ့ ဆုံမှတ်ဖြစ်ခဲ့တယ်လို့ အတိုင်ပင်ခံက အခုလို မိန့်ကြားခဲ့တာပါ။

“ကိုလိုနီနယ်ချဲ့ အစိုးရဟာ ၁၉၂၀ ပြည့်နှစ် ဒီဇင်ဘာ ၁ ရက်နေ့၊ ရန်ကုန်တက္ကသိုလ်ကို တည်ထောင်ပေးခဲ့ပါတယ်။ ဒါပေမဲ့ ကိုလိုနီအစိုးရက အတည်ပြု၊ ပြဋ္ဌာန်းခဲ့တဲ့ ရန်ကုန်တက္ကသိုလ် အက်ဥပဒေဟာ တိုင်းရင်းသားပြည်သူ အများစုကို တက္ကသိုလ်ပညာ ဆက်လက်သင်ယူခွင့် မရအောင် ကန့်သတ်ချုပ်ခြယ်ထားသကဲ့သို့ဖြစ်တာကြောင့် တက္ကသိုလ်ကျောင်းသားကြီးများနှင့် မျိုးချစ်ပြည်သူများ သပိတ်တိုက်ပွဲ ဝင်ခဲ့ကြပါတယ်။ တက္ကသိုလ် ကျောင်းသားကြီးများနှင့် တိုင်းရင်းသားပြည်သူ တရပ်လုံးရဲ့ ပြင်းထန်တဲ့ အမျိုးသားရေး စိတ်ဓာတ်ကြောင့် နောက်ဆုံးမှာတော့ တက္ကသိုလ် အက်ဥပဒေကို ပြင်ဆင်ပေးခဲ့ရပါတယ်။ ဒါကြောင့် ရန်ကုန်တက္ကသိုလ်ဟာ မြန်မာ့အမျိုးသား ကြိုးပမ်းမှုသမိုင်းမှာ တာထွက်ကောင်းခဲ့ပြီး ရန်ကုန်တက္ကသိုလ် သပိတ်တိုက်ပွဲကြောင့် ပြည်ထောင်စု တိုင်းရင်းသားအားလုံး မြန်မာ့လွတ်လပ်ရေးအတွက် တိုက်ပွဲဝင်လိုစိတ်တွေ နိုးကြားလာခဲ့ပါတယ်။”

စကားဝိုင်းဆွေးနွေးပွဲ၊ သုတေသန စာတန်းဖတ်ပွဲ၊ နှီးနှောဖလှယ်ပွဲ၊ အားကစားပြိုင်ပွဲ၊ ပန်းချီပြိုင်ပွဲ၊ တိုင်းရင်းသား စာပေယဉ်ကျေးမှုပြပွဲ၊ စာအုပ်အရောင်းပွဲ၊ ပျော်ပွဲရွှင်ပွဲ ဒီလိုပွဲပေါင်း ၁၀၀ ကို ရာပြည့်အထိမ်းအမှတ်လုပ်ဖို့ စီစဉ်ထားပေမဲ့ ကပ်ရောဂါကြောင့် ဒီအစီစဉ်တွေကို နိုင်ငံပိုင်ရုပ်သံ၊ သတင်းစာတွေမှာပဲ ဖော်ပြခွင့်ရပါတယ်။ ပြည်တွင်းမှာ ကိုဗစ် ကပ်ရောဂါဖြစ်ပွားနှုန်း တန့်သွားတဲ့အချိန်က ဒီလုပ်ငန်းတွေ ပြန်စဖို့လုပ်ခဲ့ပေမဲ့ နောက်တကြိမ် ဖြစ်ပွားနှုန်း တိုးလာလို့ ရုပ်မြင်သံကြား၊ သတင်းစာ၊ ရေဒီယိုကနေလုပ်ဖို့ ဆုံးဖြတ်ရကြောင်း ရန်ကုန်တက္ကသိုလ် သမိုင်းဌာနပါမောက္ခ ဒေါက်တာဇော်စိုးမင်းက ပြောပါတယ်။

အခုနှစ် ၁၀၀ တိတိပြည့်တဲ့ ဒီဇင်ဘာ ၁ ရက်ကနေ ၃ ရက်မှာတော့ ရာပြည့်ပွဲရဲ့ ဒုတိယအစီအစဉ်အနေနဲ့ ကျောင်းသားဟောင်းတွေရဲ့ မှတ်တမ်းတွေ၊ အနုပညာ၊ စာပေလက်ရာတွေကို ခင်းကျင်း ပြသထားကြောင်းသူကပြောပါတယ်။

“ပွဲတခုလုံး ခြုံငုံပြောရရင် ကျနော်နားလည်သလောက်ဆိုရင် ရာပြည့်ပွဲ ဖြစ်တဲ့အတွက် ၂၀၁၉ ဒီဇင်ဘာကနေ ၂၀၂၀ ဒီဇင်ဘာအထိကို ပွဲပေါင်း ၁၀၀ လောက် လုပ်ဖို့ရည်မှန်းထားတာ ရှိပါတယ်... မူလတုန်းကပေါ့။ အခုတော့ ကပ်ရောဂါဘေး အခြေအနေကြောင့်မို့ အဟန့်အတား အခက်အခဲ အမျိုးမျိုးကြားထဲကပဲ ဖြစ်အောင် ကြိုးစား စီစဉ်ကြတဲ့အခါမှာ စည်စည်ကားကား၊ ခမ်းခမ်းနားနား ပရိတ်သတ်တွေနဲ့ အုတ်အုတ်ကျက်ကျက် မကျင်းပနိုင်သော်လည်းပဲ မနေ့က ကျနော်တို့ ဆရာမကြီးတွေ ပြောတာကို မှတ်သားလိုက်မိတာက ပွဲပေါင်း ၁၀၀ မဟုတ်တောင် ပွဲပေါင်း ၉၃ ပွဲလောက်ကို ကျင်းပနိုင်ခဲ့ပြီ ဖြစ်ပါတယ်။ ဒါပေမဲ့ သူ့ရဲ့ size ကတော့ ကျုံ့သွားတာပေါ့၊ တက်ရောက်နိုင်တဲ့ ပရိတ်သတ်ကတော့ နည်းသွားတာပေါ့။”

ကြိုတင်ရိုက်ကူးထားတဲ့ အစီအစဉ်တွေကိုလည်း ဒီဇင်ဘာ ၁ ရက် ညနေ ၅ နာရီကနေ နိုင်ငံပိုင် သတင်းဌာနကနေ ထုတ်လွှင့်နေတာပါ။

အင်္ဂလန်တက္ကသိုလ်တွေ စနစ်အတိုင်း ဖွဲ့စည်းထားပြီး အကျယ်ဧက ၄၀၀ ရှိတဲ့ ရန်ကုန်တက္ကသိုလ်ဟာ ၁၉၄၀ ကျော်နှစ်တွေမှာ အာရှရဲ့ အထင်ရှားဆုံး တက္ကသိုလ်တခု ဖြစ်ခဲ့တာပါ။ ဗိုလ်ချုပ်အောင်ဆန်း၊ ဒေါက်တာဘမော်၊ ဝန်ကြီးချုပ်ဦးနု၊ ကုလသမဂ္ဂ အတွင်းရေးမှုးချုပ်ဟောင်း ဦးသန့်လို ထင်ရှားကျော်ကြားသူတွေ မင်းသုဝဏ်၊ သိန်းဖေမြင့်၊ ဒေါ်ခင်မျိုးချစ်၊ ကောလိပ်ဂျင်နေဝင်း တို့လို စာပေအနုပညာရှင်တွေ အမြောက်အများ မွေးထုတ်ပေးခဲ့တာပါ။

အရှေ့တောင်အာရှ နိုင်ငံသားတွေ လာပြီး ပညာသင်ဖူးတဲ့ ရန်ကုန်တက္ကသိုလ်ဟာ စစ်အစိုးရတွေလက်ထက်မှာတော့ ကမ္ဘာတဝှမ်း တက္ကသိုလ်တွေထဲမှာ အဆင့် ၁၀,၀၀၀ ကျော်အထိရောက်ခဲ့တာပါ။ ပညာရေးမှာသာမက မြန်မာ့နိုင်ငံရေးမှာပါ အထင်ကရ နေရာယူခဲ့တဲ့ ရန်ကုန်တက္ကသိုလ်ရဲ့ အခမ်းကဏ္ဍကို မေ့ဖျောက်ထားလို့ မရနိုင်ကြောင်းလည်း ၁၉၈၈ ခုနှစ် ကျောင်းသားလှုပ်ရှားမှုတွေမှာ ပါဝင်လှုပ်ရှားခဲ့တဲ့ ရန်ကုန်တက္ကသိုလ် ကျောင်းသားဟောင်းတဦးဖြစ်တဲ့ ကိုမြအေးက ပြောပါတယ်။ အထူးသဖြင့် လက်ရှိနိုင်ငံရေး အပြောင်းအလဲတွေကို ဦးတည်စေခဲ့တဲ့ ကျောင်းသားလှုပ်ရှားမှုတွေမှာ အဓိကနေရာယူခဲ့တဲ့ ရန်ကုန်တက္ကသိုလ်ရဲ့ သမိုင်းအစဉ်အလာကို အလေးထားဖို့ လိုတယ်လို့လည်း ပြောပါတယ်။

“ကျောင်းသားသမဂ္ဂရဲ့ အခန်းကဏ္ဍက မြန်မာနိုင်ငံ လွတ်လပ်ရေး ကြိုးပမ်းမှု သမိုင်းမှာရော ဒီဘက်ခေတ် ဒီမိုကရေစီရေး ကြိုးပမ်းမှုမှာရော အရမ်းကို အခရာကျတယ်။ အဓိကကျတာဖြစ်တယ်။ တနည်းအားဖြင့်ပြောမယ်ဆိုရင် ၁၉၈၈ ကျောင်းသားလှုပ်ရှားမှုကြီးပေါ်လာလို့ လူထုလှုပ်ရှားမှု ဆက်ဖြစ်တယ်။ အဲဒီကနေ ဒီနေ့ခေတ်၊ ဒီနေ့အချိန်အခါကို ရောက်လာအောင် လှမ်းခဲ့ရတာဖြစ်တယ်။ အဲဒီမှာ ကျနော်တို့ ဗကသ၊ တကသ၊ ရကသ အစရှိတဲ့ ကျောင်းသားသမဂ္ဂတွေရဲ့ အဆင့်ဆင့်ပေါ့ ဖြတ်သန်းလာတဲ့ သမိုင်းက ချန်လှပ်လို့ကို မရဘူး။ ဒီဟာတွေကို ချန်လှပ်ပြီး ပြောသွားခြင်းကတော့ မသင့်တော်ဘူးလို့ ကျနော်မြင်တယ်၊ သဘာဝ မကျဘူးလို့လည်း ကျနော်မြင်တယ်။ တနည်းအားဖြင့်ပြောမယ်ဆိုရင် ကျောင်းသားသမဂ္ဂတွေရဲ့ အခန်းကဏ္ဍနဲ့ အကျိုးကျေးဇူးကို မေ့ချင်ယောင်ဆောင်တယ်လို့ ကျနော်မြင်တယ်၊ မကြိုက်ဘူးကျနော်အဲဒါ။”

ရန်ကုန်တက္ကသိုလ်ရာပြည့် အထိမ်းအမှတ်အတွက် ၂၀၁၉ ဒီဇင်ဘာ ၂ ရက်မှာ ကြေညာခဲ့ချိန်မှာတော့ မြန်မာ့ဂုဏ်ဆောင် တက္ကသိုလ်အဖြစ်ထိန်းသိမ်းဖို့၊ အရည်အသွေးရှိတဲ့ တက္ကသိုလ် ပညာရေးစနစ်ဖော်ဆောင်ဖို့၊ စွမ်းဆောင်ရည်မြင့်တဲ့ လူ့စွမ်းအား အရင်းအမြစ်ကို မွေးထုတ်ဖို့၊ အမျိုးသားစည်းလုံးညီညွှတ်ရေး ဖော်ဆောင်ပေးမဲ့ ပညာရေးစနစ်ဖြစ်ဖို့၊ တကမ္ဘာလုံးအကျိုးဆောင်ရွက်ပေးမယ့် နိုင်ငံတက္ကသိုလ်ဖြစ်ဖို့ အချက်တွေကို ထည့်သွင်းထားပါတယ်။ နိုင်ငံတော်အတိုင်ပင်ခံ ဒေါ်အောင်ဆန်းစုကြည်ကလည်း ရန်ကုန်တက္ကသိုလ်ကို နိုင်ငံတကာအဆင့်မီဖြစ်ဖို့ အားလုံးကြိုးပမ်းကြဖို့ လိုကြောင်းလည်း ဒီဇင်ဘာ ၁ ရက် သူ့ရဲ့ မိန့်ခွန်းမှာ ပြောကြားခဲ့ပါတယ်။

XS
SM
MD
LG