သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ကိုဗစ်ကူး ရွှေ့ပြောင်းလုပ်သားတွေရှိတဲ့နေရာ ထိုင်းအာဏာပိုင်တွေ ပိတ်ပင်ကန့်သတ်


ပိတ်ဆို့တားဆီးခံထားရတဲ့ ပန်းရောင်ကွန်ဒို။ (ဓာတ်ပုံ - ကျန်းမာရေးစေတနာဝန်ထမ်းတဦး - ဇန်နဝါရီ ၀၁၊ ၂၀၂၁)
ပိတ်ဆို့တားဆီးခံထားရတဲ့ ပန်းရောင်ကွန်ဒို။ (ဓာတ်ပုံ - ကျန်းမာရေးစေတနာဝန်ထမ်းတဦး - ဇန်နဝါရီ ၀၁၊ ၂၀၂၁)

[Zawgyi/Unicode]

ထိုင်းနိုင်ငံ အလယ်ပိုင်း နွန်ထဘူရီခရိုင်က မြန်မာအပါအဝင် နိုင်ငံခြားသား အလုပ်သမားတွေ နေထိုင်ရာအရပ်မှာ ကိုဗစ်ရောဂါကူးစက်သူ အများအပြား စစ်ဆေးတွေ့ရှိခဲ့ပြီးနောက် သွားလာလှုပ်ရှားမှုတွေကို တင်းတင်းကြပ်ကြပ် ကန့်သတ်တားမြစ်လိုက်တဲ့အကြောင်း ပြောပြပါမယ်။ ဗွီအိုအေမြန်မာပိုင်း သတင်းထောက် မအေးအေးမာက သတင်းပေးပို့ထားပါတယ်။

ဘန်ကောက်မြို့နဲ့ ၁၂ ကီလိုမီတာလောက်သာ ကွာဝေးတဲ့ နွန်ထဘူရီမြို့က ဘန့်ယိုင်ဈေးမှာ ကိုဗစ်ရောဂါ ကူးစက်မှုတွေ စစ်ဆေးတွေ့ရှိခဲ့တာကြောင့် အမြင့်ဆုံးအဆင့်အဖြစ် သွားလာလှုပ်ရှားမှုတွေ ကန့်သတ်လိုက်ပြီး သံဆူးကြိုး အတားအဆီးတွေနဲ့ပါ ကာရံထားလိုက်တာပါ။ အနီးအနားက မြန်မာနိုင်ငံသားတွေ အပါအဝင် နိုင်ငံခြားသား ရွှေ့ပြောင်းအလုပ်သမားတွေ နေထိုင်တဲ့ ပန်းရောင်ကွန်ဒိုလို့ ခေါ်ကြတဲ့ အဆောက်အဦးကိုလည်း ဒီလလယ်လောက်အထိ ကန့်သတ်ပိတ်ပင်လိုက်ပြီး ရောဂါပိုး စစ်ဆေးမှုတွေနဲ့ ထိန်းချုပ်မှုတွေ လုပ်နေတယ်လို့လည်း ထိုင်းနိုင်ငံအခြေစိုက် ပညာရေးနဲ့ ဖွံဖြိုးတိုးတက်ရေးဖောင်ဒေးရှင်းက အလုပ်သမားရေးလှုပ်ရှားသူ ဦးမင်းဦးက ပြောပါတယ်။

"သူတို့က နွန်ထဘူရီ ဘန်ယိုင် Moo 5 Moo 6 ဆိုတဲ့နေရာမှာ သံဆူးကြိုးတွေ ချလိုက်ပြီး ပိတ်လိုက်တာ Pink condo လို့လည်းခေါ်တယ်။ လူက အတော်အများကြီးရှိတယ်။ အဓိက မြန်မာနဲ့ လာအိုဝ်ရွှေ့ပြောင်းအလုပ်သမားတွေ အများကြီးရှိတယ်။ နေထိုင်ကြတယ်။ စစ်တပ်နဲ့ မြို့တော်ဝန်သက်ဆိုင်ရာအာဏာပိုင်တွေ ပိတ်လိုက်တာ၊ အဲဒီ မှာနေထိုင်တဲ့သူတွေထဲမှာ ကိုဗစ်ကူးစက်ထားသူတွေ ရှိလို့ ပိတ်လိုက်တာ ၁၂ ရက်နေ့ထိတော့ ပိတ်မယ်ဆိုတာအကြမ်းဖျင်းပြောထားတယ်။ ဇန်နဝါရီလ ၁၂ ထိ ပိတ်ထားမယ်။"

မြန်မာနိုင်ငံသား အများစု အပါအဝင် ကွန်ဒိုတိုက်ခန်းမှာ ကိုဗစ်ရောဂါပိုး ကူးစက်သူတွေ စစ်ဆေးတွေ့ရှိခဲ့ပြီးနောက် သွားလာလှုပ်ရှားမှုတွေ ကန့်သတ်ထားပြီး တာဝန်ရှိသူတွေက အစားအသောက်နဲ့ ရေတွေကို ပေးပို့နေကြောင်းလည်း ဒေသခံသတင်းတွေက ဖော်ပြကြပါတယ်။ ရောဂါကူးစက်မှုတွေ စစ်ဆေးတွေ့ရှိခဲ့ပြီးနောက် ဘန့်ယိုင်အရပ်က လူနေကွန်ဒိုတိုက်နဲ့ အဓိကဈေး ၂ ခုကို ပိတ်ထားလိုက်သလို၊ နွန်ထဘူရီမြို့ အဝင်အထွက်တွေကိုလည်း တင်းတင်းကြပ်ကြပ် စစ်ဆေးနေတယ်လို့ အလုပ်သမားရေး လှုပ်ရှားသူ ဦးမင်းဦးကပြောပါတယ်။

"အဲဒီမှာ ဘန့်ယိုင်ဈေးကြီး ၂ ဈေးကိုလည်းပိတ်ထားတယ်။ ဈေး နှစ်ဈေးကတော့အဲဒီ ဈေးတွေက စမွတ်ဆာခွန်းခရိုင်ကို သွားထားတဲ့ သူတွေရှိတယ်။ အဲဒီလူတွေကို ဈေးကို ဇန်နဝါရီလ ၄ရက်နေ့ထိ ပိတ်မယ် ဘန်ကောက်တို့ ဘာတို့ သွားထားတဲ့သူတွေက ဆေးတွေဘာတွေ လာစစ်ခိုင်းတယ်။ မြို့အဝင်မှာ ဂိတ်ချထားပြီး QR ဘားကုတ်တွေနဲ့ scan ဖတ်ပြီး မော်နီတာလုပ်ဖို့ (စောင့်ကြည့်ဖို့) အဲဒါတွေလုပ်ထားပါတယ်။"

မြန်မာနိုင်ငံသား အများစုအပါအဝင် နိုင်ငံခြားသား အလုပ်သမားတွေကြား ကိုဗစ်ရောဂါ ကူးစက်ခံထားရကြောင်း မကြာသေးခင်ကပဲ စစ်ဆေးတွေ့ရှိခဲ့တဲ့ စမွတ်စခွန်းခရိုင်မှာတော့ မြို့တော်ဝန်ကိုယ်တိုင် ရောဂါကူးစက်ခံထားရပြီး ဆေးရုံတင်ကုသပေးနေရတယ်လို့လည်း ဒေသခံ သတင်းတွေက ဖော်ပြပါတယ်။

ကိုဗစ်ကပ်ရောဂါကြောင့်သေဆုံးသူ ၆၁ ဦးနဲ့ ကူးစက်သူ အတည်ပြုလူနာ ၆,၇၀၀ လောက်ရှိတဲ့ ထိုင်းနိုင်ငံမှာ မကြာသေးခင် သီတင်းပတ်တွေကစလို့ ကူးစက်မှုအသစ်တွေ တွေ့ရှိခဲ့တဲ့အထဲမှာ မြန်မာရွှေ့ပြောင်းအလုပ်သမားတွေ အများစုပါဝင်နေတာပါ။ မြန်မာနိုင်ငံမှာတော့ သေဆုံးသူ ၂,၆၀၀ ကျော်နဲ့ ကူးစက်သူအတည်ပြုလူနာ ၁၂၄,၀၀၀ လောက်ထိ ရှိနေတာကြောင့် ထိုင်းအာဏာပိုင်တွေက နယ်စပ်ဒေသတွေမှာ သွားလာလှုပ်ရှားမှုတွေကို ကန့်သတ်ထားပြီး လုံခြုံရေးကိုလည်း တင်းကြပ်ထားပါတယ်။

တိုက်ရိုက် လင့်ခ်

[Unicode Version]









XS
SM
MD
LG