သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ကိုဗစ်ကြောင့် တရုတ်ကန့်သတ်ချက် နယ်စပ်ကုန်သွယ်ရေးထိခိုက်


နယ်စပ်ကုန်သွယ်ရေးဂိတ်မြင်ကွင်း။ (မှတ်တမ်းဓာတ်ပုံ - ခွာညိုသစ်သီးပွဲရုံ)
နယ်စပ်ကုန်သွယ်ရေးဂိတ်မြင်ကွင်း။ (မှတ်တမ်းဓာတ်ပုံ - ခွာညိုသစ်သီးပွဲရုံ)

[Zawgyi/Unicode]

ကိုဗစ်ကပ်ရောဂါကူးစက်မှုတွေ တကျော့ပြန်ဖြစ်လာနေတဲ့ တရုတ်နိုင်ငံမှာ အသွားအလာ ကန့်သတ်ပိတ်ဆို့မှုတွေ ပြန်လုပ်လာလို့ မြန်မာပြန်မြောက်ပိုင်းနဲ့ နယ်စပ်ကုန်သွယ်ရေးမှာ ထိခိုက်မှုတွေ ရှိနေတဲ့အကြောင်းကို ဗွီအိုအေမြန်မာပိုင်းသတင်းထောက် ကိုဇော်ထက်က တင်ဆက်ပေးမှာပါ။

တရုတ်နိုင်ငံ ပေကျင်းမြို့ တဝိုက်မြို့တွေနဲ့၊ မြောက်ပိုင်းမြို့နယ်တွေမှာ ငါးလအတွင်း ကိုဗစ်ရောဂါကူးစက်မှု တကျော့ပြန်တက်လာပြီး တခြား ပြည်နယ်တွေလည်း သွားလာကန့်သတ်မှုတွေ အထိုက်အလျောက်ရှိလာလို့ တရုတ်ပြည်တွင်းကို ရာသီပေါ်သီးနှံတွေတင်ပို့နေတဲ့ မြန်မာပြည်မြောက်ပိုင်း သီးနှံဈေးကွက်မှာပါ ရိုက်ခတ်မှုတွေ ကြုံနေရတာပါ။

ပြီးခဲ့တဲ့ရက်ပိုင်းအထိ မြန်မာပြည်ဘက်က ဖရဲသီးနဲ့ သခွားမွှေး ကားအစီးရေ တရက်ကို ကားအစီးရေ ၂၀၀ ကျော်ပဲလွှတ်ပြီး ဈေးကွက်တည်ငြိမ်အောင် လုပ်နိုင်ပေမဲ့ အခုတော့ တရုတ်ပြည်ဘက် မရေရာတဲ့အခြေအနေတွေကြောင့် ရသမျှပို့နေရကြောင်း မူဆယ်သစ်သီးဝလံကုန်စည်ဒိုင် ဒုဥက္ကဋ္ဌ စိုင်းခင်မောင်က ဗွီအိုအေကို ပြောပါတယ်။

“အဲဒီဘက်က ရောဂါပိုးတွေ့ရှိမှုက ဈေးကွက်မှာ ရိုက်ခတ်မှုတွေ အများကြီးရှိတယ်။ နယ်တော်တော်များများပေါ့လေနော်... ဒီပြည်နယ် နှစ်ခုထဲမှာ ကွက်ပြီးတော့ ဒေသတွေလည်း (ရောဂါ) ဖြစ်တယ်။ အကျိုးဆက်ကျတော့ တခြားပြည်နယ်တွေကလည်း ထိန်းချုပ်မှုတွေ ပိုများလာတာပေါ့။ အဲဒီ အနေအထားကြောင့် ဖရဲသီးကတော့ ထပ်ကျသွားတာပေါ့။ အခြေအနေတွေ မတည်ငြိမ်တော့ အခုဆိုရင် (ဈေးကွက်ကို) မထိန်းတော့ဘူး၊ အကုန်ပို့ပေါ့ပေါ့ အဲဒီလိုမျိုး။”

မြန်မာ ရာသီပေါ်သီးနှံတွေ အထူးသဖြင့် တရုတ် အဓိကပို့ကုန်ဖြစ်တဲ့ ဖရဲသီးနဲ့ သခွားမွှေးဟာ ပြီးခဲ့တဲ့ လပိုင်းက အမြင့်ဆုံးဈေးနဲ့ ရနေရာကနေ အခုလိုရုတ်တရက် အပြောင်းအလဲဖြစ်ခဲ့တာပါ။

တရုတ်ပြည်မကြီးရဲ့ ကူးစက်နှုန်းက ဒီရက်ပိုင်း တရက်ကို လူအယောက် ၆၀ ကျော်ရှိနေပြီး ဒါက ၂၀၂၀ ဇူလိုင်လကုန်နောက်ပိုင်း ပထမဦးဆုံးအကြိမ် အများဆုံး ပြန်တွေ့လာတာပါ။ ပေကျင်းနဲ့ကပ်လျက် Hebei ပြည်နယ် Shijiazhuang မှာ ဒီကနေ့ အတည်ပြုလူနာတွေ ထပ်တွေ့သလို အသွားအလာ တားမြစ်တာတွေကို အာဏာပိုင်တွေက စတင်လုပ်ဆောင်နေပါတယ်။ Hebei နဲ့ကပ်လျက် Liaoning ပြည်နယ် Shenyang မှာလည်း ဒေသခံ ၁၀၀,၀၀၀ ကျော်ကို ဗုဒ္ဓဟူးနေ့ကစလို့ အသွားအလာ ကန့်သတ်တာ လုပ်ခဲ့ပြီး ကိုရိုနာဗိုင်းရပ်စ် တကျော့ပြန် ကူးစက်ရာဒေသ ဖြစ်လာမှာ အစိုးရက စိုးရိမ်မှုတွေ ရှိနေပါတယ်။

တရုတ်ပြည်တွင်း ရောဂါအခြေအနေကို စိုးရိမ်နေသလို မြန်မာနိုင်ငံမှာလည်း ရောဂါကူးစက်မှုတွေ ရှိနေတာကြောင့် ယူနန်ပြည်နယ် တာဝန်ရှိသူတွေဟာ မြန်မာ- တရုတ် နယ်စပ်ကုန်သွယ်ရေးကို ထိန်းချုပ်ထားဆဲဖြစ်ပါတယ်။

တရုတ်အစိုးရဘက်က ညွှန်ကြားချက် တိတိကျကျထုတ်ပြီး တားမြစ်တာမျိုး မဟုတ်ပေမဲ့ တရုတ်ကုမ္ပဏီတွေကို ဖိအားပေးထားလို့ မြန်မာဘက်က ရေထွက်ကုန်တွေရဲ့ ထုပ်ပိုးမှုတိုင်းဟာ ကျန်းမာရေးကင်းရှင်းကြောင်း အာမခံဖို့ ကန့်သတ်လိုက်တာကြောင့် အခက်အခဲတွေ ရှိနေတယ်လို့လည်း မူဆယ်နမ့်ခမ်း နယ်စပ်ကုန်သွယ်ရေးအသင်း ဗဟိုအလုပ်အမှုဆောင်တဦးဖြစ်တဲ့ ဦးထွန်းလင်းစိုးက ပြောပါတယ်။

“ရေထွက်ပို့ကုန်ကတော့ အခက်အခဲ အများကြီးရှိတယ်။ ဘာကြောင့်လဲဆိုတော့ အဓိကသူတို့က ကိုဗစ်ကို အကြောင်းပြတာပေါ့။ အေးခဲသားတွေ frozen အနေနဲ့သွားလို့မရဘူး။ ကဏန်း အရှင်သွားလို့မရဘူး၊ ခရု၊ နောက်ပြီးတော့ ပုစွန် အဲဒါတွေ အကုန်ပိတ်ထားတယ်။ ငါးရှဉ့်တမျိုးတော့ လောလောဆယ်အခု သွားလို့ မပိတ်သေးဘူး။ သက်သက် အနိုင်ကျင့်တဲ့ ပုံစံမျိုးပေါ့။ Trade ကို သူတို့က သက်သက် အသာစီးရချင်တာ။ လိုချင်ရင် ဝယ်လို့ရတယ်၊ မလိုချင် မဝယ်ဘူးပေါ့... အဲဒီပုံစံမျိုး။”

နယ်စပ်မှာ ရေထွက်ကုန်ကိုထိန်းချုပ်ဖို့ ကြိုးစားနေပေမဲ့ တရုတ်က လေကြောင်းဘက်ကနေ လှည့်ပြီး ဝယ်ယူနေတာတွေ ရှိကြောင်းလည်း သူက ပြောပါတယ်။

မြန်မာနိုင်ငံဟာ တရုတ်ပြည်ကို နယ်စပ်ကနေ ရေထွက်ကုန်နဲ့ လယ်ယာထွက်ကုန် အများဆုံးတင်ပို့နေတာပါ။ မြန်မာနိုင်ငံက ၂၀၁၉- ၂၀၂၀ ဘဏ္ဍာနှစ်မှာ တနိုင်ငံလုံး နယ်စပ်ကုန်သွယ်ရေးကနေ လယ်ယာထွက်ကုန် အမေရိကန်ဒေါ်လာ ၁,၈၅၅ သန်းကျော်နဲ့၊ ရေထွက်ကုန် အမေရိကန်ဒေါ်လာ ၅၂၄ သန်းကျော် ရရှိထားကြောင်း မြန်မာကုန်သွယ်ရေးဝန်ကြီးဌာန စာရင်းတွေမှာ ဖော်ပြထားပါတယ်။

တိုက်ရိုက် လင့်ခ်

[Unicode Version]













XS
SM
MD
LG