သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ကိုဗစ်အရေးပေါ်အခြေအနေထုတ်ထားတဲ့ မလေးရှားရောက် မြန်မာတွေ သတိပြုလိုက်နာကြပါ


မလေးရှားနိုင်ငံ Kuala Lumpur က စုပါမားကတ်တခုမြင်ကကွင်း - ဇန်နဝါရီလ ၁၂ ရက်နေ့ ၂၀၂၁
မလေးရှားနိုင်ငံ Kuala Lumpur က စုပါမားကတ်တခုမြင်ကကွင်း - ဇန်နဝါရီလ ၁၂ ရက်နေ့ ၂၀၂၁

(Zawgyi/Unicode)

ကိုဗစ်ကပ်ရောဂါထိန်းချုပ်နိုင်ရေး နိုင်ငံကိုအရေးပေါ်အခြေအနေကြေညာလိုက်ပြီဖြစ်တဲ့ မလေးရှားနိုင်ငံထဲ မလေးရှားအစိုးရ ချမှတ်ထားတဲ့ကပ်ဘေး စည်းမျဉ်းစည်းကမ်းတွေကို မလေးရှားရောက်မြန်မာအလုပ်သမားတွေ အထူးသတိထားလိုက်နာကြဖို့ အလုပ်သမားရေးဆောင်ရွက်နေသူတွေက သတိပေးတိုက်တွန်းလိုက်ပါတယ်။ ဗွီအိုအေမြန်မာပိုင်းသတင်းထောက် မဆုမွန် စုစည်းတင်ပြပေးချင်ပါတယ်။

မလေးရှားနိုင်ငံထဲမှာ ကိုဗစ် ၁၉ တကျော့ပြန်ကူးစက်မှုတွေပိုတိုးလာပြီး အခြေအနေက အတော်လေးကို စိုးရိမ်စရာဖြစ်လာလို့ မလေးရှားနိုင်ငံတခုလုံးကို မလေးရှားဘုရင်က ဇန်နဝါရီလ ၁၂ရက်နေ့ အင်္ဂါနေ့က နိုင်ငံကို အရေးပေါ် အခြေအနေကြေညာလိုက်ပြီဖြစ်ပါတယ်။နိုင်ငံတွင်း ရောဂါကူးစက်မှု ထိန်းချုပ်နိုင်ရေး နိုင်ငံကိုအရေးပေါ်ကြေညာချက် ထုတ်ပြန်ရတာလို့လည်း မလေးဝန်ကြီးချုပ်က ရုပ်မြင်သံကြားကနေ နိုင်ငံကိုအသိပေးပါတယ်။ လတ်တလောမှာတော့ မလေးရှားနိုင်ငံရဲ့မြို့တော် ကွာလာလမ်ပူနဲ့ အနီးဝန်းကျင်က မြို့တွေကိုသီတင်းနှစ်ပတ်ကြာ Lock-down ချ အသွားအလာတွေ ကန့်သတ်ထားပြီး ပြည်နယ်အကူးအသန်းတွေ အသွားအလာတွေကို အထူးစောင့်ကြည့်နေပါတယ်။

အခုလို ကိုဗစ်၁၉ ကာကွယ်ထိန်းချုပ်ရေး မလေးရှားနိုင်ငံအတွင်းမှာ အရေးပေါ်အခြေအနေကြေညာ လိုက်တဲ့အပေါ် မလေးရှားရောက်မြန်မာ အလုပ်သမားတွေ အသွားအလာဆင်ခြင်ပြီး စည်းကမ်းတွေ လိုက်နာကြဖို့ အလုပ်သမားရေး ကူညီဆောင်ရွက်နေသူတွေက တိုက်တွန်းပါတယ်။ အရေးပေါ်အခြေအနေထုတ်ပြန်လိုက်တဲ့အပေါ် မြန်မာသံရုံးနဲ့အတူ မလေးရှားရောက်မြန်မာ အလုပ်သမားတွေအရေး ကူညီဆောင်ရွက်ပေးနေတဲ့ ကိုသီဟမောင်မောင်က အခုလိုသတိပေးပါတယ်။

“မလေးရှားမှာ ထုတ်ထားတဲ့စည်းမျဉ်းစည်းကမ်းကတော့ သူတို့သတ်မှတ်ထားတဲ့အတိုင်းပေါ့နော် အဓိက အပြင်မထွက်စေချင်ဘူး။ နောက်ပြီး ပြည်နယ်၆ခုကို အရေးပေါ်အမိန့်ထုတ်ပြန်ထားတယ်။ အဓိကကတော့ ပိုးအများဆုံးကူးစက်နေတဲ့ပြည်နယ်တွေမှာ အရေးပေါ်အခြေနေကြေညာပြီး ချမှတ်ထားတဲ့ စည်းမျဉ်းစည်းကမ်းတွေကို လိုက်နာဖို့ သတိပေးနေတယ်။ စည်းကမ်းချက်တွေကို ဖောက်ဖျက်တယ်ဆိုရင် မလေးရှားရင်းဂစ်ငွေတစ်ထောင်ချမှတ်မယ်ဆိုတာက ပြီးခဲ့တဲ့တခေါက်က ချမှတ်ထားတဲ့ စည်းကမ်းတွေ အတိုင်းပဲပေါ့။အခုဆိုရင် လမ်းတွေပေါ်မှာလည်း အဖွဲ့ပေါင်းစုံပေါ့နော် ရဲတွေ စစ်သားတွေ ကျန်းမာရေးအဖွဲ့တွေရှိပြီး အတားအဆီးဘလောက်တွေ အကြီးကြီးတွေ ချထားတဲ့နေရာတွေဆိုရင် ကိုယ်က တရားမဝင်ဘူးဆိုရင်လည်း အဲ့လိုနေရာတွေကို ရှောင်သင့်တယ်ပေါ့နော် အကောင်းဆုံးကတော့ ကိုယ့်မြန်မာနိုင်ငံသားအချင်းချင်း အပြန်အလှန်ဖေးမကူညီပေးကြဖို့ ဒီကိုဗစ်ကာလကြီးမှာ တယောက်နဲ့တယောက် အဆက်အသွယ်လေးတွေ လုပ်ပြီးတော့ စည်းစည်းလုံးလုံးနေကြဖို့ကိုလည်း မှာချင်ပါတယ်ခင်ဗျ။”

နိုင်ငံမှာ အရေးပေါ်အခြေအနေကြေညာလိုက်တာကြောင့် ကိုဗစ်ကာလ မလေးရှားနိုင်ငံကနေ မြန်မာနိုင်ငံကို ပြန်ပို့ဆောင်ပေးနေတဲ့အစီအစဉ်တွေကိုတော့ သက်ရောက်မှုမရှိပဲ မလေးရှားကချမှတ်ထားတဲ့ ကိုဗစ်စည်းကမ်းချက်တွေနဲ့အညီသံရုံးဘက်က စနစ်တကျဆောင်ရွက်ပေးနေပါတယ်လို့လည်း ကိုသီဟမောင်မောင်ကပြောပါတယ်။

“ကျနော်တို့ ပြန်ပို့တဲ့အစီအစဉ်တွေကတော့ လုပ်ရိုးလုပ်စဉ်အတိုင်း သွားလာလုပ်ကိုင်နေကြရမှာပါပဲ။ ဒါပေမဲ့ သူတို့ရဲ့ သတ်မှတ်ထားတဲ့ စည်းမျဉ်းစည်းကမ်းဥပဒေတွေနဲ့အညီတော့ သွားရမှာပေါ့နော်။ ဥပမာ ကားနဲ့သွားကြရင် ကားပေါ်မှာ လူ၂ဦးထက်ပိုစီးလို့မရတာမျိုးပေါ့။ လေဆိပ်သွားမယ်ဆိုရင်လည်း ကယ်ဆယ်ရေးလေယာဉ်နဲ့သွားမယ့်သူတွေကလေယာဉ်လက်မှတ်လေးတွေကို သေချာ ပရင့်ထုတ်ပြီး ယူသွားကြစေချင်ပါတယ်။ လမ်းမှာ စစ်တာဆေးတာတွေရှိနေတဲ့အတွက်ကြောင့် လေယာဉ်နဲ့ပြန်မှာမို့ လေယာဉ်ကွင်းသွားနေပါတယ်ဆိုတဲ့အထောက်အထားလေးတွေ ပြနိုင်လို့ရှိရင် စကားတွေ အများကြီး မပြောရဘူးပေါ့။ ကယ်ဆယ်ရေးလေယာဉ်ကလည်း တလကို လေးခေါက်ရှိနေတဲ့အတွက်ကြောင့် ကျနော်တို့ဘက်ကတော့ ပုံမှန်သွားတဲ့အတိုင်း သွားပို့နေကြရမှာပါပဲ။ အရေးအကြောင်းရှိလို့ အပြင်သွားကြတယ် ဆိုရင် သူထုတ်ပြန်ထားတဲ့စည်းမျဉ်းစည်းကမ်းတွေလိုက်နာပါ မလိုအပ်ရင် အပြင်မထွက်တာတော့ အကောင်းဆုံးပေါ့။”

မလေးရှားရောက်မြန်မာတွေအနေနဲ့ နိုင်ငံမှာထုတ်ပြန်ထားတဲ့ ကိုဗစ်၁၉ ကာကွယ်ရေးဆိုင်ရာ စည်းမျဉ်းစည်းကမ်းတွေကိုလိုက်နာကြဖို့ သတင်းတွေကို မျက်ခြေမပြတ်နားစွင့်ကြဖို့ ကွာလမ်လမ်ပူမြို့တော်က မြန်မာအလုပ်သမားတွေအတွက် အလုပ်အကိုင်ကူညီရှာဖွေပေးတဲ့အေဂျင်စီက ကိုဟန်မွန်အောင်က အကြံပေးပါတယ်။

“မလေးရှားဘုရင်ဆီကနေ အရေးပေါ်အခြေအနေက သူ့ဆီက တိုက်ရိုက်လာတာဆိုတော့- အခုဆိုရင် တိုးဂိတ်တွေမှာ တပြည်နယ်နဲ့တပြည်နယ် သွားလို့မရဘူး။ ကိုယ့်အိမ်ကနေပြီးတော့ ဆယ်ကီလိုမီတာထက် ပိုပြီးသွားလို့မရဘူး။ကားတစီးထဲမှာ တအိမ်မိသားစုဆို လူ၂ယောက်ပဲ စီးခွင့်ရမယ်။တချို့စက်ရုံတွေကို အလုပ်သမား၃၀%ပဲ ခွင့်ပြုထားတယ်။ အဲ့တော့ ဒီအမိန့်ထုတ်ပြန်ချက်တွေက သူ့နိုင်ငံသားတွေတောင်မှ အမိန့်အတိုင်း လိုက်နာကြရမှာဆိုတော့ ကျနော်တို့နိုင်ငံခြားသားအလုပ်သမားတွေက ပိုလိုက်နာသင့်တယ် မလေးရှားမှာက တော်တော်များများက ပတ်စပို့ပါမစ်ကိုင်ပြီး နေတဲ့သူထက်အိုဗာစတေးနေတဲ့သူတွေက ပိုများတာမို့ ကျနော်တို့မြန်မာနိုင်ငံသားတွေအနေနဲ့ သူ့နိုင်ငံက ချမှတ်ထားတဲ့ လိုက်နာပေးကြပါ ပြီးတော့ ဒီနှစ်ပတ်ကို အိမ်ထဲမှာပဲနေပေးကြပါ။ သူ့နိုင်ငံက ဆောင်ရွက်နေတဲ့အမိန့်အတိုင်း လိုက်နာမယ်ဆိုရင် ဘာကိုမှ ကြောက်ရွ့ံ့နေစရာမလိုပါဘူးလို့။”

အမေရိကန်ပြည်ထောင်စုအခြေစိုက်Johns Hopkins ဆေးတက္ကသိုလ် ကိုရိုနာဗိုင်းရပ်စ်စောင့်ကြည့်ရေးစင်တာရဲ့အင်္ဂါနေ့ နောက်ဆုံး ထုတ်ပြန်တဲ့စာရင်းအရ မလေးရှားနိုင်ငံတနိုင်ငံလုံးအတိုင်းအတာနဲ့ ကိုဗစ်၁၉ ကူးစက်သူပေါင်း( ၁၄၁,၅၃၃) တစ်သိန်းလေးသောင်းကျော်ရှိနေပြီး ကိုဗစ်ကြောင့် သေဆုံးသူက (၅၅၉)ယောက်အထိ ရှိသွားပြီဖြစ်ပါတယ်။

တိုက်ရိုက် လင့်ခ်

...............


(Unicode)










XS
SM
MD
LG