သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မလေးရှား ပြည်ပလုပ်သားတွေကြား ကိုဗစ်ကူးစက်မှု အလုပ်ရှင်တွေ တရားစွဲခံရ


မလေးရှားနိုင်ငံ Kuala Lumpur မြို့က လက်အိတ်စက်ရုံမှာ တွေ့ရတဲ့ မြင်ကွင်း။ (နိုဝင်ဘာ ၂၃၊ ၂၀၂၀)
မလေးရှားနိုင်ငံ Kuala Lumpur မြို့က လက်အိတ်စက်ရုံမှာ တွေ့ရတဲ့ မြင်ကွင်း။ (နိုဝင်ဘာ ၂၃၊ ၂၀၂၀)

[Zawgyi/Unicode]

သိန်းနဲ့ချီတဲ့ မြန်မာနိုင်ငံသားတွေ အလုပ်လုပ်ကိုင်နေတဲ့ မလေးရှားနိုင်ငံမှာ စက်ရုံအလုပ်သမားတွေအတွက် နေရာထိုင်ခင်းနဲ့ အိမ်ယာအစီအမံ အားနည်းချက်တွေကြောင့် ကိုဗစ်ရောဂါ ကူးစက်မှုတွေ တိုးလာရတယ်ဆိုပြီး လုပ်ငန်းရှင်တွေကို အလုပ်သမားရေးဌာနက အရေးယူဖို့ စီစဉ်နေတဲ့အကြောင်းကို ဗွီအိုအေမြန်မာပိုင်း သတင်းထောက် မအေးအေးမာက ပြောပြပါမယ်။

မလေးရှားနိုင်ငံမှာ စက်ရုံအလုပ်သမားတွေကြား ကိုဗစ်ကပ်ရောဂါ ကူးစက်မှုတွေ တိုးလာနေရတဲ့ အကြောင်းရင်းတွေထဲမှာ အလုပ်သမားတွေအတွက် နေရာထိုင်ခင်း စနစ်တကျ မရှိတာလည်း ပါဝင်နေတယ်ဆိုတာကို အာဏာပိုင်တွေ စုံစမ်းတွေ့ရှိခဲ့ပြီးနောက် အရေးယူဖို့ ပြင်ဆင်လာကြတာပါ။ အလုပ်သမားတွေအတွက် နေရာထိုင်ခင်းတွေကို သတ်မှတ်ထားတဲ့အတိုင်း စီစဉ်ဖို့ ပျက်ကွက်ခဲ့တဲ့ လုပ်ငန်းတွေကို ဥပဒေနဲ့အညီ အရေးယူမယ်လို့လည်း အလုပ်သမားရေးရာဌာန ညွှန်ကြားရေးမှူး Asri Ab Rahman က အင်္ဂါနေ့မှာပဲ သတင်းထောက်တွေကို ပြောခဲ့ပါတယ်။

ဆောက်လုပ်ရေးကုမ္ပဏီ- လက်အိပ်ထုတ်လုပ်ရေး စက်ရုံတွေဟာ အလုပ်သမားရေးရာ နေရာချထားရေး အက်ဥပဒေ Act 1990 (Act 446) ကို ချိုးဖေါက်နေတာ စစ်ဆေးတွေ့ရှိရာတာကြောင့် Perak, Kedah, Kelantan, Negeri Sembilan နဲ့ Johor မှာ ရှိတဲ့ ဥပဒေချိုးဖေါက်တဲ့ ကုမ္ပဏီတွေနဲ့ စက်ရုံတွေကို အမှုပေါင်း ၆၀ ကျော်နဲ့ တရားစွဲဆိုသွားမယ်လို့ သတင်းထုတ်ပြန်ခဲ့ပါတယ်။ အလုပ်သမားတွေကို နေရာထိုင်းခင်းပေးထားတဲ့ နေရာတွေဟာ လေဝင်လေထွက်မကောင်း သက်တောင့်သက်သာမရှိဘဲ အလုပ်သမားတွေဟာ စုပြုံနေရကြောင်းနဲ့ နယ်မြေအာဏပိုင်တွေထံကိုလည်း အလုပ်သမား နေထိုင်ဖို့ နေရာပုံစံ လျောက်ထားခဲ့သူလည်း အနည်းအကျဉ်းပဲရှိတယ်လို့ ပြောဆိုခဲ့ပါတယ်။

ကမ္ဘာမှာ လက်အိတ်ထုတ်လုပ်တဲ့ လုပ်ငန်းတွေထဲမှာ အကြီးဆုံးဖြစ်တဲ့ Top ကုမ္ပဏီက ပြည်နယ် ၅ ခုမှာ လုပ်ကိုင်နေတဲ့ လုပ်ငန်းတွေကိုလည်း စစ်ဆေးခဲ့ကြောင်း ပြောဆိုခဲ့ပါတယ်။ ပြီးခဲ့တဲ့လထဲ ကွာလာလမ်ပူမြို့အနီးက Top ကုမ္ပဏီရဲ့ စက်ရုံတခုမှာ ကိုဗစ်ကပ်ရောဂါ ကူးစက်မှုတွေ ကြုံခဲ့ရပြီးနောက် စုံစမ်းစစ်ဆေးမှုတွေ စတင်ခဲ့တာပါ။

မလေးရှားလုပ်ငန်းရှင်တွေအနေနဲ့ အလုပ်သမားပေါင်း ၅၄,၀၀၀ အတွက် နေရာထိုင်ခင်း အစီအစဉ်နဲ့ ပတ်သက်လို့ လျှောက်လွှာတင်တာကတော့ ၆၀၀ ကျော်သာ ရှိတယ်လို့လည်း မလေးရှားအာဏာပိုင်တွေကို ကိုးကားပြီးဒေသခံသတင်းတွေမှာ ဖော်ပြကြပါတယ်

မလေးရှားနိုင်ငံက စက်ရုံတချို့မှာ အလုပ်လုပ်နေကြတဲ့ မြန်မာအလုပ်သမားတွေဟာလည်း နိမ့်ကျတဲ့အခြေအနေမှာ နေထိုင်နေကြရတာကြောင့် ရောဂါကူးစက်မှုအန္တရာယ်ရှိနေတယ်လို့မလေးရှားနိုင်ငံ အခြေစိုက် လူမှုကူညီရေးအသင်းဥက္ကဋ္ဌ ဦးစန်းဝင်းက ပြောပြပါတယ်။

“အလုပ်သမားတွေက ၂ ထပ် ကုတင်တွေနဲ့ ထားတာတွေလည်း ရှိတယ်။ တခန်းကို လူ ၄ ယောက်လောက်ပဲ အဆင်ပြေရမယ့်နေရာမှာ ရှစ် ယောက်လောက်လည်း ထားချင်ထားတယ်။ အလုပ်သမားတွေကို ချောင်ချောင်ချိချိမထားဘဲ နီးနီးကပ်ကပ်ထားတော့ ရောဂါရှိတဲ့သူတွေနဲ့ ဆက်စပ်တာ ရောဂါကူးဆက်နိုင်တာပေါ့။ အမြန်ဆုံး ကူးနိုင်တာပေါ့။ သူတို့က ပူးကပ်ပြီးထားတော့ အခန်းတွေက လေဝင်လေထွက်မရှိဘူး၊ ပေါ့သန့်ရှင်းမှု မရှိဘူးပေါ့... အဓိကတော့။”

ကိုဗစ်ကပ်ရောဂါကြောင့် သေဆုံးသူ ၃၆၀ ကျော်နဲ့ ကူးစက်သူ ၆၇,၀၀၀ ကျော်ရှိနေတဲ့ မလေးရှားနိုင်ငံမှာ နိုင်ငံခြားသားတွေ ရှိရာ စက်ရုံ၊ အလုပ်ရုံတွေကနေ ကိုဗစ်ရောဂါပိုးကူးစက်မှုတွေ တိုးလာနေတာကြောင့် နိုင်ငံအဝန်းက ခန့်မှန်းခြေ နိုင်ငံခြားသားအလုပ်သမား ၁,၇၀၀,၀၀၀ လောက်ကို ရောဂါပိုးရှိ၊ မရှိ ဒီတပတ်ထဲမှာပဲ စတင်စစ်ဆေးနေပါတယ်။ မလေးရှားနိုင်ငံမှာ ခန့်မှန်းခြေ မြန်မာနိုင်ငံသား အလုပ်သမား ၅၅၀,၀၀၀ လောက် ရှိနေပြီး ကပ်ရောဂါကာလ အလုပ်အကိုင်နဲ့ စားဝတ်နေရေး အခက်အခဲကြောင့် ကိုယ့်ကိုယ်ကို အဆုံးစီရင်သူ တချို့ရှိခဲ့သလို နေရပ်ပြန်ဖို့ ကြိုးစားသူတွေလည်း ရှိပါတယ်။

တိုက်ရိုက် လင့်ခ်

[Unicode Version]










XS
SM
MD
LG