သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မလေးရှားက စက်ရုံတွေ COVID-19 ကူးစက်မှုနှုန်းကြောင့် အရေးပေါ်ပိတ်


Top Glove လက်အိတ်စက်ရုံမှာ အလုပ်လုပ်နေသူတဦး။ (သြဂုတ် ၂၆၊ ၂၀၂၀)
Top Glove လက်အိတ်စက်ရုံမှာ အလုပ်လုပ်နေသူတဦး။ (သြဂုတ် ၂၆၊ ၂၀၂၀)

(Zawgyi / Unicode)

မလေးရှားမှာ မြန်မာနဲ့ နိုင်ငံခြားသားတွေ အလုပ်လုပ်နေတဲ့ ကမ္ဘာ့အကြီးဆုံး လက်အိတ်တွေ ထုတ်လုပ်တဲ့စက်ရုံ Top Glove စက်ရုံနဲ့ စက်ရုံပေါင်း ၃၀ နီးပါး အရေးပေါ်ပိတ်လိုက်ရပါတယ်။ အပြည့်အစုံကို ထိုင်းအခြေစိုက် ဗွီအိုအေမြန်မာပိုင်း သတင်းထောက် မအေးအေးမာ တင်ပြပေးထားပါတယ်။

မလေးရှားနိုင်ငံ ဆလန်ဂေါပြည်နယ်က ကမ္ဘာ့အကြီးဆုံး Top Glove ရာဘာလက်အိတ်ထုတ် စက်ရုံတွေမှာ ကိုဗစ် ကပ်ရောဂါပိုး ဖြစ်ပွားမှု တိုးလာနေတဲ့ အခြေအနေကြောင့် အခုလို ပိတ်လိုက်ရတာဖြစ်ကြောင်း မလေးရှား အာဏာပိုင်တွေက ဆိုပါတယ်။ မြန်မာတွေ အလုပ်လုပ်နေတဲ့ လက်အိတ်စက်ရုံတွေ ပိတ်လိုက်ရတဲ့ အခြေအနေနဲ့ ပတ်သက်လို့ မလေးရှားအခြေစိုက် မြန်မာလူမှုကူညီရေးအသင်း ဥက္ကဋ္ဌ ဦးစန်းဝင်းက အခုလိုပြောပြပါတယ်။

“Top Glove စက်ရုံက အားလုံး ကပ်လျက်တွေချည်းပဲ၊ စက်ရုံ ၂၅ ရုံရှိတယ်။ ၂၅ ရုံမှာ အလုပ်သမား ၁၀,၀၀၀ ပတ်ဝန်းကျင်ရှိတယ်။ အဲဒီမှာ လူ ၂,၀၀၀ ကျော်လောက် ရောဂါကူးစက်နေတယ်။ အဲဒီမှာ မြန်မာအများစုကလည်း အလုပ်လုပ်ကြပါတယ် လက်အိတ်စက်ရုံတွေမှာ။ သူက ပထမရက်ကတော့ ၁,၂၀၀ လောက် ကူးစက်နေတယ်ပေါ့။ ဘယ်နိုင်ငံသားရယ်လို့ အဲဒီမှာ သီးသန့် ကြေညာတာတော့ မရှိဘူး။ အဲဒီမှာ ရောဂါကူးစက်မှုကြောင့် ဒီစက်ရုံတွေကို ခေတ္တပိတ်ထားတယ်ပေါ့။ Top Glove နာမည်ကြီး လက်အိတ်တွေမှာ ပါတယ်။”

Top Glove ကော်ပိုရေးရှင်း တာဝန်ရှိသူတွေကို ကိုးကားပြီး ဒေသခံသတင်းတွေရဲ့ ဖော်ပြချက်အရ အလုပ်သမား ၂,၅၀၀ နီးပါး ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံရပြီးနောက် ကုန်ပို့ဆောင်ရေးက ၂ ပတ်ကနေ ၄ ပတ်ကြာ ပို့ဆောင်မှု နှောင့်နှေးမယ်လို့ ဆိုပါတယ်။

အခုအချိန်အထိ အလုပ်သမား ၅,၈၀၀ နီးပါး စစ်ဆေးပြီးဖြစ်တယ်လို့ ကုမ္ပဏီက ထုတ်ပြန်ခဲ့ပြီးတဲ့နောက် စက်ရုံလုပ်သား ၂,၄၅၃ ဦး ဗိုင်းရပ်စ်ပိုး ကူးစက်ခံရခြင်းကို စမ်းသပ်စစ်ဆေးပြီးနောက် Klang ရှိ ထိပ်တန်းလက်အိတ်စက်ရုံ ၂၈ ရုံကို အစိုးရက စစ်ဆေးမှုတွေ ပြုလုပ်ဖို့နဲ့ မဖြစ်မနေ လိုအပ်တဲ့ ဆေးစစ်မှုတွေကို လုပ်ဖို့၊ အဆင့်ဆင့်ပိတ်သိမ်းဖို့ ဒီအပတ်အတွင်း အစိုးရက အမိန့်ထုတ်ခဲ့ပါတယ်။

Top Glove ကတော့ တနှစ်ကို သူ့ထုတ်ကုန်ပစ္စည်းကိရိယာ ဘီလီယံ ၉၀ လောက် ထုတ်လုပ်ပြီး ကမ္ဘာတဝန်းမှာရှိတဲ့ ဖောက်သည် ၂,၀၀၀ ကျော်ရှိတဲ့ နိုင်ငံပေါင်း ၁၉၅ နိုင်ငံကို တင်ပို့နေတာပါ။

ကိုဗစ်ကပ်ရောဂါကြောင့် သေဆုံးသူ ၃၅၄ ယောက်နဲ့ ကူးစက်သူ ၆၀,၀၀၀ ကျော် ရှိနေတဲ့ မလေးရှားနိုင်ငံမှာ ခန့်မှန်းခြေ မြန်မာနိုင်ငံသား အလုပ်သမား ၅ သိန်းခွဲလောက် ရှိနေပြီး ကပ်ရောဂါကာလ အလုပ်အကိုင်နဲ့ စားဝတ်နေရေး အခက်အခဲကြောင့် ကိုယ့်ကိုယ်ကို အဆုံးစီရင်သူတချို့ ရှိခဲ့သလို နေရပ်ပြန်ဖို့ ကြိုးစားသူတွေလည်း ရှိပါတယ်။

တိုက်ရိုက် လင့်ခ်

--------------------

(Unicode)









XS
SM
MD
LG