သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မလေးရှားမှာ နိုင်ငံခြားသားအလုပ်သမားတွေ COVID-19 စစ်ဆေးမှု စတင်ပြီ


မလေးရှားနိုင်ငံ Klang မြို့မှာ ကိုဗစ်စစ်ဆေးဖို့ တန်းစီနေကြတဲ့ စက်ရုံ အလုပ်သမားတချို့။ (နိုဝင်ဘာ ၁၈၊ ၂၀၂၀)
မလေးရှားနိုင်ငံ Klang မြို့မှာ ကိုဗစ်စစ်ဆေးဖို့ တန်းစီနေကြတဲ့ စက်ရုံ အလုပ်သမားတချို့။ (နိုဝင်ဘာ ၁၈၊ ၂၀၂၀)

[Zawgyi/Unicode]

မလေးရှားနိုင်ငံမှာ မြန်မာနိုင်ငံသားတွေ အပါအဝင် နိုင်ငံခြားသား အလုပ်သမားတွေရှိရာ နေရာတွေမှာ ကိုဗစ်ကပ်ရောဂါ စစ်ဆေးတဲ့ အစီအစဉ်တွေ စတင်နေတဲ့အကြောင်းကို ဗွီအိုအေမြန်မာပိုင်း သတင်းထောက် မအေးအေးမာက ပြောပြပေးပါမယ်။

ကိုဗစ်ကပ်ရောဂါ ကူးစက်မှုတွေ မြင့်တက်နေတဲ့ နိုင်ငံခြားသား အလုပ်သမားတွေ ရှိရာနေရာတွေကို အဓိကထားပြီး စစ်ဆေးတဲ့ အစီအစဉ်ကိုတော့ ကျန်းမာရေးဝန်ထမ်းတွေနဲ့ အာဏာပိုင်တွေ ပူးပေါင်းပြီး ဒီကနေ့ပဲ စတင်လိုက်တာပါ။ ရောဂါပိုးစစ်ဆေးတဲ့ အစီအစဉ်မှာ မြန်မာနိုင်ငံသား အများအပြားနေထိုင်နေကြပြီး ရောဂါကူးစက်မှု အန္တရာယ်ရှိတာကြောင့် အနီရောင်အဆင့် သတ်မှတ်ထားတဲ့ နယ်မြေတွေလည်း ပါဝင်တယ်လို့ မလေးရှားနိုင်ငံအခြေစိုက် အလုပ်အကိုင်ရှာဖွေရေး အကျိုးဆောင်လုပ်ငန်းရှင် ဦးသန်းထွန်းကပြောပါတယ်။

“အဲဒါကတော့ ဆေးစစ်မှာဗျ။ စက်ရုံတွေ၊ နိုင်ငံခြားသား အလုပ်သမားတွေ များတဲ့နေရာတွေ၊ စက်ရုံ အလုပ်ရုံတွေကို ဆေးစစ်မှာ ပီနန်းလည်း ပါတယ်၊ ကွာလာလမ်ပူလည်း ပါတယ်၊ ဆလန်ဂေါလည်း ပါတယ်။ အဲဒီ ပတ်ဝန်းကျင်ပေ့ါ၊ အနီရောင်ဇုန်နယ်မြေပေါ့၊ သတ်မှတ်ထားတဲ့ အနီရောင်နယ်မြေပေါ့။”

မြန်မာနိုင်ငံသားတွေ ရှိရာ ကွာလာလမ်ပူ၊ ဆလန်းဂေါ၊ ပီနန် အပါအဝင် ရောဂါကူးစက်မှု အန္တရာယ်ရှိတဲ့ နယ်မြေတွေအဖြစ် သတ်မှတ်ထားတဲ့ နေရာတွေမှာ ဒီဇင်ဘာလ ၉ ရက်နေ့က စ စစ်ဆေးမှာဖြစ်ပြီး ဆာဘား၊ နီဂရီ ဆဲယ်ဘီလန်း ပြည်နယ် အပါအဝင် ကျန်ဒေသတွေမှာ ဒီဇင်ဘာ ၁၆ ရက်နေ့က စ စစ်ဆေးပေးသွားမယ်လို့လည်း မလေးရှား လူ့စွမ်းအားအရင်းအမြစ် ဝန်ကြီး Saravanan Murugan ကို ကိုးကားပြီး ဒေသခံသတင်းတွေက ဖော်ပြကြပါတယ်။

Perak ပြည်နယ် Ipoh မြို့မှာလည်း စက်ရုံအလုပ်သမားတွေကြား ကိုဗစ်ကူးစက်မှုတွေတွေ့ရှိခဲ့ပြီးနောက် ဒီကနေ့ကစပြီး သီတင်း ၂ ပတ်ကြာ အိမ်ပြင်မထွက်ဖို့ အမိန့်ထုတ်လိုက်ကြောင်း အလုပ်အကိုင်ရှာဖွေရေး အကျိုးဆောင်လုပ်ငန်းရှင် ဦးသန်းထွန်းကပြောပါတယ်။

"၁၄ ရက်ပေါ့။ ၂ ပတ်ပေါ့၊ ရပ်ကွက်တခုပဲ အိပို့ပြည်နယ် ဒီနေ့ ဒီဇင်ဘာလ ၁ ရက်နေ့ကနေ ၁၄ ရက်နေ့ ထိ ၂ ပတ်ပေါ့... Lock down လုပ်မှာ။"

သေဆုံးသူ ၃၆၀ ဦးနဲ့ ကိုဗစ်ကပ်ရောဂါကူးစက်သူ ၆၅,၀၀၀ ကျော်ရှိနေပြီ ဖြစ်တဲ့ မလေးရှားနိုင်ငံမှာ နိုင်ငံခြားသားတွေ ရှိရာ စက်ရုံ၊ အလုပ်ရုံတွေကနေ ကိုဗစ်ရောဂါပိုးကူးစက်မှုတွေ တိုးလာနေတာကြောင့် နိုင်ငံအဝန်းက ခန့်မှန်းခြေ နိုင်ငံခြားသား အလုပ်သမား ၁၇၀,၀၀၀ လောက်ကို စစ်ဆေးဖို့ မလေးရှား အာဏာပိုင်တွေ ဆုံးဖြတ်ခဲ့တာပါ။

မလေးရှားနိုင်ငံမှာ ခန့်မှန်းခြေ မြန်မာနိုင်ငံသား အလုပ်သမား ၅၅၀,၀၀၀ လောက် ရှိနေပြီး ကပ်ရောဂါကာလ အလုပ်အကိုင်နဲ့ စားဝတ်နေရေး အခက်အခဲကြောင့် ကိုယ့်ကိုယ်ကို အဆုံးစီရင်သူ တချို့ရှိခဲ့သလို နေရပ်ပြန်ဖို့ ကြိုးစားသူတွေလည်း ရှိပါတယ်။

တိုက်ရိုက် လင့်ခ်

[Unicode Version]









XS
SM
MD
LG