သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မန္တလေး အကြမ်းဖက်ဖြိုခွင်းမှုအပေါ် မျက်မြင်သက်သေတွေရဲ့ ပြောကြားချက်


လုံခြုံရေးတပ်ဖွဲ့ဝင်များရဲ့ ပစ်ခတ်မှုကြောင့် ပြေးရှောင်ပုန်းနေရတဲ့ မန္တလေးဒေသခံအချို့။ (ဖေဖော်ဝါရီ ၂၀၊ ၂၀၂၁။ ဓာတ်ပုံ - ဗွီအိုအေမြန်မာပိုင်း)
လုံခြုံရေးတပ်ဖွဲ့ဝင်များရဲ့ ပစ်ခတ်မှုကြောင့် ပြေးရှောင်ပုန်းနေရတဲ့ မန္တလေးဒေသခံအချို့။ (ဖေဖော်ဝါရီ ၂၀၊ ၂၀၂၁။ ဓာတ်ပုံ - ဗွီအိုအေမြန်မာပိုင်း)

(Zawgyi / Unicode)

မြန်မာစစ်တပ် အာဏာသိမ်းပြီးနောက်ပိုင်း စစ်ကောင်စီနဲ့ မပူးပေါင်းမဆောင်ရွက်ရေး CDM လှုပ်ရှားဆန္ဒပြမှုတွေထဲ အပြင်းထန်ဆုံး နှိမ်နင်းမှုအဖြစ် မန္တလေးမှာ မနေ့က မြို့စွန်မြစ်ကမ်းဘေးက အောက်ခြေလူတန်းစားပြည်သူတွေ ခံစားလိုက်ရပြီလို့ လှုပ်ရှားမှုမှာ ပါဝင်သူတွေက ဆိုပါတယ်။ ရတနာပုံသဘောၤကျင်း လုပ်သားတွေရဲ့ CDM လှုပ်ရှားမှုကို ကူညီပေးခဲ့တဲ့ အနီးဝန်းကျင်က ဒေသခံတွေ အဓိကခံစားခဲ့ရတဲ့ ဒီလိုဖြိုခွင်းမှု ဘယ်လိုစတင်ဖြစ်ပေါ်ခဲ့တယ် ဆိုတာနဲ့ ရှေ့ဆက် ဘယ်လိုဖြစ်လာမလဲ ဆိုတာတွေနဲ့ ပတ်သက်လို့ ဦးဆောင်ပါဝင်နေသူတွေ အပါအဝင် ဒီဖြိုခွင်းမှုကို မျက်မြင်ကြုံခဲ့တဲ့ အလွတ်သတင်းထောက်တဦးတို့ကို ကိုဝင်းမင်းက မေးထားပါတယ်။

မန္တလေးမြို့က စစ်အာဏာရှင်ဆန့်ကျင်ရေး ပြည်သူ့အင်အားများ ချိတ်ဆက်ညှိနှိုင်းရေး ကော်မတီ ခေါင်းဆောင်တဦးဖြစ်တဲ့ ဒေါက်တာတေဇာဆန်းက အခုလိုပြောပါတယ်။

“တပ်နဲ့ လုံခြုံရေးတွေက သင်္ဘောတစီးကို ထွက်ဖို့ ဖိအားပေးတယ်၊ အမိန့်ပေးတယ်။ အဲဒီမှာ ဝန်ထမ်းတွေကကျတော့ လုံးဝ လက်မခံနိုင်ဘူးပေါ့။ သူတို့က မောင်းမယ်ပြောလည်း ဝန်ထမ်းတွေက လက်မခံနိုင်ဘဲ ပြဿနာတက်တယ်။ အဲဒါကို အဲဒီအနီးအနား ရပ်ကွက်က သိပြီးတော့ ပြည်သူလူထုတွေက ဝန်ထမ်းတွေကို အားပေးထောက်ခံတဲ့ အနေနဲ့ ဖြစ်နေတဲ့ တာရိုးခေါ်တာပေါ့၊ ၄၁ လမ်း ကမ်းနားလမ်းပေါ့၊ ဧရာဝတီမြစ်ဘောင်ပေါ်မှာ လူစုလူဝေးနဲ့ ကန့်ကွက် ဆန္ဒပြတာ။ အဲဒီမှာ လုံခြုံရေးတွေ အရင်ဆုံး ရဲ၊ ပြီးရင် စစ်သားတွေပါ အင်အားအများဆုံးနဲ့ ရောက်လာပြီးတော့ နေ့လယ်မှာလည်း ပစ်တယ်။ အဆိုးဆုံးကတော့ ညနေပိုင်းပေါ့၊ ၄ နာရီလောက်မှာ ပစ်တာကတော့ တကယ့်ကို ကျည်ဆန်အစစ်တွေ၊ မျက်ရည်ယိုဗုံးတွေနဲ့။ ကျနော်တို့ဗျာ တကယ်စစ်ပွဲတခုမှာ ပစ်သလို ပစ်တာပါပဲ။”

ဒါ့အပြင် ဒီ မန္တလေး ဆန္ဒပြပွဲတွေမှာ တက်ကြွစွာ ပါဝင်နေတဲ့ ကနောင်အင်စတီကျု အမှုဆောင်ဒါရိုက်တာ ကိုသန်းမြတ်စိုးကလည်း သူမြင်တွေ့ရတာကို အခုလိုပြောပါတယ်။

“သင်္ဘောပေါ်မှာ ရဲ ၈ ယောက် ပိတ်မိသလို ဖြစ်သွားတယ်။ ဒီကိစ္စကို နာရေးကူညီမှုကား ဘာညာတွေမှာပါတဲ့ ပရဟိတအသင်းကလူတွေ ညှိတာတွေ လုပ်တယ်။ လူကလည်း အရမ်းများလာတယ်။ ထိပ်တိုက်တွေ့တဲ့ကိစ္စ မလုပ်ဘဲနဲ့ လူစုခွဲဖို့ကိစ္စ ညှိတော့ အဆင်ပြေတယ်။ အဲဒီတော့ ပြန်ဖို့လုပ်နေတဲ့အချိန်မှာ ရဲနဲ့ စစ်သားတွေ ပေါင်းပြီး ကားတွေရောက်လာပြီး လေးဘက်လေးတန် ပိတ်ပြီးတော့မှ ရေကား ဘာညာတွေနဲ့ ဖြိုခွင်းတဲ့အချိန်မှာ လူစုက ကွဲမသွားဘဲ ထပ်ပြီး ရောက်လာတယ်။ အင်အားက များလာတဲ့အချိန်မှာ ကျည်အစစ်တွေ သုံးပြီးတော့ ဖြိုခွင်းတာတွေ လုပ်ခဲ့တယ်။”

ဒီဖြစ်စဉ်မှာ ရှိနေခဲ့တဲ့ မန္တလေးအခြေစိုက် အလွတ်သတင်းထောက် ကိုစန်းယုကျော်ကလည်း အခုလိုပြောပါတယ်။

“ကျနော်လည်း အဲဒီထဲမှာ ရှိပါတယ်ဗျ။ ၁ နာရီ ၅၅ လောက်မှာ ကမ်းနားလမ်းနဲ့ ရတနာပုံ သင်္ဘောကျင်းနားမှာ ကနဦး လုံခြုံရေးယူထားတဲ့ဟာတွေက ခွနဲ့ပစ်တာကို တွေ့ရတယ်။ ပစ်ပြီးတော့ အဲလိုပဲ ရုန်းရင်းဆန်ခတ်တွေ ဖြစ်ပြီးတော့ ကြားကနေ ညှိပြီး ပြန်မယ် ပြုမယ် ဖြစ်တဲ့အချိန်မှာပဲ ၂ နာရီလောက်မှာ စပြီးတော့ ဖြိုခွင်းတာ။ ပထမပိုင်းမှာတော့ သေနတ်အချက်ပေါင်း ၅၀ လောက် ကြားရတယ်။ အတော်ကျယ်တယ်။ မန္တလေးမှာတော့ စစ်အာဏာသိမ်းပြီး နောက်ပိုင်းမှာ ပထမဦးဆုံးအကြိမ် ဖြိုခွင်းတာ အကြီးကျယ်ဆုံးနဲ့ ထိခိုက်ဒဏ်ရာရမှု အများဆုံး၊ သေဆုံးမှုအများဆုံးပဲ။”

ဒီထိခိုက်သေဆုံး ဒဏ်ရာရမှုအပေါ် ဒေါက်တာတေဇာဆန်းက ပွဲချင်းပြီး တဦးသေဆုံးတာအပြင် နောက်ထပ် အနည်းဆုံး တဦးသေဆုံးကာ…

“သေလုမျောပါး ဒဏ်ရာရနေတဲ့ ပုဂ္ဂိုလ်တွေလည်း ရှိတယ်။ ဒဏ်ရာ တော်တော်ပြင်းထန်တဲ့လူက ၇ ယောက်လောက်ရှိတယ်။ ဒဏ်ရာရတဲ့လူ အနည်းဆုံး ၄၀ ကျော်တယ်လို့ သိရတယ် ဆရာဝန်တွေကတဆင့်။ ဖမ်းဆီးခံရတဲ့ ပုဂ္ဂိုလ်တွေလည်း အနည်းဆုံး ရာဂဏန်းရှိတယ်လို့ သိရတယ်။ အဲဒီတော့ ပစ်တာခတ်တာကတော့ တော်တော့်ကို ဆိုးဆိုးဝါးဝါး။ နောက်ပြီးတော့ ထွက်ပြေးတဲ့လူတွေကို ရပ်ကွက်ထဲထိဝင်ပြီး ပစ်တယ်ဗျာ။ မီဒီယာတွေကိုလည်း ပစ်တယ်။ နောက်ဆုံး ဝင်လာတဲ့ လူနာတင်ယာဉ် လူမှုကူညီရေး ကားတွေကအစ ပစ်တယ်ဗျာ။ တော်တော့်ကို ဆိုးဆိုးဝါးဝါးဖြစ်ပါတယ်။ စနိုက်ပါနဲ့ကို ပစ်တယ်ဗျာ အဝေးကနေ။ အခု ဘယ်လောက်ထိဆိုးလဲဆို အဲဒီ ရပ်ကွက် ၄၁ လမ်းက ပြည်သူတွေက ကြောက်လန့်ပြီး ကိုယ့်အိမ်ကို မနေရဲတဲ့အဆင့်ထိရောက်ပြီး နီးစပ်ရာ ဘုန်းကြီးကျောင်းတွေမှာ သွားစုပြီး နေရတဲ့အဆင့်ထိ သူတို့က ဆိုးဆိုးဝါးဝါး ပစ်တာခတ်တာတွေ လုပ်ကြတယ်ဗျာ။” လို့ ပြောပါတယ်။

အဓိက ဘာကြောင့် အခုလို ဖြိုခွဲတာ ဖြစ်လာပါသလဲ ဆိုတာကို ကိုစန်းယုကျော်က အခုလိုပြောပါတယ်။

“CDM လှုပ်ရှားမှုမှာ ဥပမာ မီးရထားမှာ ဖြိုခွင်းတဲ့ကိစ္စ ရှိတယ်။ ဒီနေ့က ဒီအကြောင်းပေါ့။ CDM လှုပ်ရှားမှုတွေမှာ မန္တလေးက တော်တော်လေး ထဲထဲဝင်ဝင်နဲ့ အစိုးရယန္တရားကို ဆန့်ကျင်မှာ အဓိကများ ကျနေသလားတော့ မသိဘူးဗျ။”

ဒီအကြောင်းရင်းအပေါ် ကိုသန်းမြတ်စိုးကတော့ …

“နိုင်ငံတကာသံရုံးတွေ ဘာတွေ မရှိတော့ အကြမ်းဖက်မှုတွေ ပိုပြီးတော့ ဖြိုခွင်းတာမျိုး ရှိတယ်လို့ ယူဆတယ်။ နောက်တခုကတော့ ကျနော်တို့ မန္တလေးမှာက မြို့ထဲကိုမဝင်ခင် မြို့အစွန်မှာရှိတဲ့ဟာတွေ စပြီဆို ဖြိုခွင်းမှုလုပ်လာတယ်လို့ ကျေနာ်တော့ ယူဆတယ်။” လို့ ပြောပါတယ်။

ဒီအပေါ် ရှေ့မှာ ဆက်ဖြစ်လာနိုင်တာကို ဒေါက်တာတေဇာဆန်းက …

“ကြောက်အောင် ခြိမ်းခြောက်သည်ဖြစ်စေ၊ အခုလို အကြမ်းဖက်သည်ဖြစ်စေ ကျနော်တို့အနေနဲ့တော့ ဘာမှ တွန့်ဆုတ်သွားခြင်း မရှိဘူး။ ဆက်လက် ဆန့်ကျင် ကန့်ကွက် ဆန္ဒဖော်ထုတ်သွားမှာ ဖြစ်ပါတယ်။ မနက်ဖြန်ဆိုရင်လည်း ကျေနာ်တို့ မန္တလေးပြည်သူတွေက ဆန္ဒထုတ်ဖော်ပွဲကြီးကို အကြီးအကျယ် ဆက်လက်ကျင်းပကြမှာ ဖြစ်ပါတယ်။” လို့ ဆိုပါတယ်။

တကယ်တော့ စစ်အာဏာသိမ်းပြီး ဆန့်ကျင်ရေး လှုပ်ရှားမှုတွေထဲမှာ နေပြည်တော်မှာ ပထမဆုံး သွေးမြေကျ သေဆုံးမှု ဖြစ်ခဲ့ရပြီး အခု မန္တလေးမှာ ဒုတိယအကြိမ် သေဆုံးမှုတွေ ဖြစ်လာတာပါ။

တိုက်ရိုက် လင့်ခ်

------------------------------

(Unicode)


















XS
SM
MD
LG