သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

သံလွင်မြစ်နံဘေး မြန်မာတပ်ကိုပို့မယ့်ဆန်အိတ်များ ထိုင်း ပြန်သယ်ယူ


မဲ့စံလက်ဒေသ သံလွင်မြစ်အနီးမှာ ချထားတဲ့ မြန်မာဘက်ပို့မယ့်ဆန်အိတ်များ။ (ဓာတ်ပုံ - ဒေသခံ-မတ် ၂၃၊ ၂၀၂၁)
မဲ့စံလက်ဒေသ သံလွင်မြစ်အနီးမှာ ချထားတဲ့ မြန်မာဘက်ပို့မယ့်ဆန်အိတ်များ။ (ဓာတ်ပုံ - ဒေသခံ-မတ် ၂၃၊ ၂၀၂၁)

[Zawgyi/Unicode]

ထိုင်းမြန်မာနယ်စပ် မယ်ဟောင်ပြည်နယ်အတွင်းက မဲ့စံလက်ကျေးရွာ အနီးက သံလွင်မြစ်ကမ်းနံဘေးမှာ ထားပြီး မြန်မာဘက်ပို့မယ့် ဆန်နဲ့ စားနပ်ရိက္ခာတွေကို ဒီနေ့မနက် ၁ နာရီလောက်မှာ ထိုင်းဘက်က ကားတွေနဲ့ ပြန်သယ်ဆောင်သွားခဲ့ပေမဲ့ ဒီဆန်တွေနဲ့ ပတ်သက်လို့ ထိုင်းနိုင်ငံတွင်းမှာ ဝေဖန်မှုတွေလည်း ထွက်ပေါ်နေတာကြောင့် ထိုင်းဝန်ကြီးချုပ်ကသတင်းစာရှင်းပွဲ ပြုလုပ်ခဲ့ပါတယ်။ ဒီသတင်းနဲ့ ပတ်သက်လို့ မအေးအေးမာက ပြောပြပေးမှာပါ။

ထိုင်းနိုင်ငံ၊ တာ့ခ်ပြည်နယ်၊ မဲဆောက်ကနေ သယ်ဆောင်သွားပြီး မယ်ဟောင်ဆောင်ပြည်နယ်အတွင်းကနေ မြန်မာဘက်ကို ပို့မယ့် ဆန်အိတ် ၇၀၀ နဲ့ စားနပ်ရိက္ခာ အရေးကိစ္စနဲ့ ပတ်သက်လို့ ထိုင်းနိုင်ငံအတွင်းမှာ အစိုးရက မြန်မာစစ်တပ်ကို ကူညီပေးတယ်ဆိုတဲ့ ဝေဖန်မှုတွေထွက်ပေါ်နေတာပါ။ ဒီအတွက် ထိုင်းစစ်တပ်ဘက်က ပြီးခဲ့တဲ့ရက်က တရားဝင်ငြင်းဆိုထားပြီး ဖြစ်ပါတယ်။

ဒီနောက်မှာတော့ စနေနေ့ကတည်းက ထိုင်းဘက်ခြမ်း သံလွင်မြစ်ကမ်းနားမှာ ရောက်ရှိနေတဲ့ ဆန်တွေကို ဘယ်သူမှ လာပြီး သယ်ဆောင်တာမရှိသလို့ မြန်မာစစ်တပ်နဲ့ တိုက်ပွဲတွေဖြစ်နေတဲ့ ကေအန်ယူဘက်ကလည်း မြန်မာဘက်ကို ဆန်တွေသယ်လာတာနဲ့ ပစ်ခတ်မယ်လို့ သတိပေးထားတာပါ။

မနေ့တုန်းကတော့ ထိုင်းဘက်ခြမ်းက ဒေသခံတွေက သံလွင်မြစ်ကမ်းအနီးသွားတဲ့အချိန်မှာ မြန်မာဘက်က ထိုင်းဘက်ကို ပစ်ခတ်မှုတွေလုပ်တဲ့အတွက် ဒေသခံတွေအကြား စိုးရိမ်မူတွေဖြစ်ပြီး သူတို့အတွက် အန္တရာယ်ရှိတာကြောင့် ဒီဆန်တွေကို မဲ့စံလက်နေရာကနေ ရွှေ့ပေးဖို့ အာဏာပိုင်တွေကို တောင်းဆိုခဲ့ပါတယ်။ ဒီဆန်တွေဆက်ရှိနေရင်ဆန္ဒဖော်ထုတ်မှုတွေလုပ်မယ်လို့လည်း ဒေသခံတွေကပြောဆိုနေကြတာပါ။

ဒီနေ့မနက် တနာရီကျော်အချိန်လောက်မှာပဲ ဒီဆန်တွေကို ထိုင်းဘက်က ကားတွေနဲ့ သယ်ဆောင်သွားပြီး ဘယ်နေရာမှာ ထားသလဲဆိုတာတော့ မသိရသေးပါဘူး။

ထိုင်းသတင်းထောက်တွေက အဲဒီနေရာမှာ သတင်းရယူစောင့်ဆိုင်းနေတာမို့ ထိုင်းဘက်က ကားတွေနဲ့ ပြန်ပြီးသယ်ဆောင်သွားတဲ့ သတင်းဓါတ်ပုံတွေကတော့ ထွက်ပေါ်ခဲ့ပါတယ်။ ဒီကိစ္စနဲ့ ပတ်သက်လို့ ထိုင်းဝန်ကြီးချုပ်က သာမန်ကုန်ရောင်းကုန်ဝယ်ကိစ္စကို သတင်းထောက်တွေက အကျယ်ချဲ့နေတယ်ဆိုပြီး ဒီကနေ့ သတင်းစာရှင်းလင်းပွဲမှာ တုံ့ပြန်ပြောဆိုလိုက်ပါတယ်။

"ထိုင်းမြန်မာနယ်စပ်မှာ လုပ်ကိုင်နေတဲ့ ပုံမှန် နယ်စပ်စီးပွားရေး ရာင်းဝယ် ပို့ဆောင်မှုတွေသာဖြစ်ပြီး နယ်စပ်မှာ ရှိနေတဲ့ မြန်မာစစ်တပ်ဖွဲ့ဝင်တွေဟာလည်း နေ့စဉ်စားသောက်မှု လိုအပ်ချက်တွေ ရှိနေလို့ နယ်စပ် ကုန်သွယ်မှုအရ ထိုင်းနိုင်ငံက ကုန်သည်တွေက ပို့ဆောင်ပေးတာဖြစ်တယ်။ ဒါကို ပြဿနာမဟုတ်ဘဲ အကျယ်ချဲ့နေတာဖြစ်တယ်။" လို့ ထိုင်းဝန်ကြီးချုပ်က ပြောသွားတာပါ။

ထိုင်းဝန်ကြီးချုပ်က အခုလိုပြောဆိုပေမဲ့ ဒါဟာ ကာကွယ်ပြောဆိုတာ ဖြစ်နိုင်ကြောင်း ထိုင်း-မြန်မာနယ်စပ်အရေး လေ့လာနေသူ ဦးအောင်စိုးက သုံးသပ်ပါတယ်။

"ဒါကတာတော့ သေချာပါတယ်။ ထိုင်းသတင်းထောက်တွေလည်း သိနေတယ်။ ထိုင်းပြည်သူလူထုကလည်း သိနေပြီဆိုတော့ ဒါကြောင့် သူတို့ ရှေ့ဆက်မတိုးရဲတော့ဘူး။ ပစ္စည်းတွေကို ကြည့်ရင် ဂုံနီအိပ်နဲ့ ဆန်က ထိုင်းက မသုံးဘူး။ အမဲဘူးတွေလည်း ထိုင်းမှာ မသုံးဘူး။ မြန်မာဘက်ကပဲ အမဲဘူးလာတယ်။ ရွှေဖီဦး လဘက်ခြောက်တွေဆိုတာလည်း ဦးပိုင်ကလား MEC တို့က ထုတ်တဲ့ဟာတွေလေ။ ဒါတွေက မြဝတီဘက်ကနေ စစ်တပ်ကနေ ပို့တဲ့ဟာတွေကို သူတို့ကကြားက လုပ်ပေးတဲ့သဘောပဲ။ အခုဟာက သူတို့ ယူလို့ မရတော့ဘူးလေ။ သတင်းတွေက ပွင့်ကျကုန်တဲ့အတွက်လေ။"

အခုထိုင်းဘက်ကနေ မြန်မာဘက်ကို ပို့မယ့် ဆန်ဟာ ထိုင်းဆန်လား၊ မြန်မာဆန်လားဆိုတဲ့ ထိုင်းသတင်းထောက်တွေရဲ့ မေးခွန်းကိုတော့ ထိုင်းဝန်ကြီးချုပ်က ဖြေကြားသွားခြင်းမရှိပါဘူး။

မဲဆောက်က ကုန်သည်တွေကတော့ ထိုင်းနိုင်ငံအနေနနဲ့ မြန်မာဆန်တွေ တင်သွင်းခွင့် ပိတ်ထားတာ ကြာပြီဖြစ်လို့ ကုန်သည်တွေအနေနဲ့ ကန့်သတ်ထားတဲ့ ဆန်ကို သွင်းရင် အဖမ်းအဆီးတွေ ရှိတယ်လို့ ပြောပါတယ်။

"ဆန်နဲ့ ကြက်သွန်နီက သယ်ခွင့်မရှိဘူး ... ပိတ်ထားတဲ့ ကုန်ပဲ။ သူတို့က ဖမ်းတယ်။ ဆန်က ကန့်သတ်ကုန်ပဲ။"

ပုံမှန်အရ မြန်မာနိင်ငံဘက်က ထွက်ကုန်တွေကို ထိုင်းဘက်ကို တင်သွင်းမယ်ဆိုရင် ကန့်သတ်ကုန်တွေ ပါရင် နယ်စပ်အကောက်အခွန် ဥပဒေအရ စစ်ဆေးဖမ်းဆီးနေတာပါ။

အခုရက်ပိုင်းအတွင်း ထိုင်း-မြန်မာနယ်စပ် မဲဆောက်မြို့ကနေ ဖြတ်ပြီး မဲဟောင်ဆောင် ကိုပို့လာတဲ့ ဆန်တွေဟာ မြန်မာ စစ်တပ်အတွက် ထောက်ပံ့ရေးပစ္စည်းတွေဖြစ်တယ်ဆိုပြီး ကရင်အမျိုးသား အစည်းအရုံးကလည်း တနင်္ဂနွေနေ့က တရားဝင် ကန့်ကွက် စာထုတ်ခဲ့ပါတယ်။

ဒီကနေ့မနက် အစောပိုင်းမှာတော့ ကားလေးစီးနဲ့ ဆန်အိတ် ၇၀၀ နဲ့ ရိက္ခာတွေကို မဲစံလက်နေရာသံလွင်မြစ်နားကနေ ပြန်ပြီး သယ်ဆောင်သွားပေမယ့် စစ်ဆေးရေးဂိတ်တွေကနေ ဖြတ်သန်းတာ မတွေ့ရတာကြောင့် ဘယ်နေရာကို သယ်ဆောင်သွားလဲဆိုတာကိုတော့မသိရသေးကြောင်း ထိုင်းနိုင်ငံရဲ့ ဒေသဆိုင်ရာသတင်းတွေမှာ ဖော်ပြနေပါတယ်။

တိုက်ရိုက် လင့်ခ်

[Unicode Version]

















XS
SM
MD
LG