(Zawgyi / Unicode)
တကမ္ဘာလုံးမှာ COVID-19 ကူးစက်သူပေါင်း ၁၅၇ သန်းကျော်နဲ့ သေဆုံးရသူ ၃.၃ သန်း ရှိသွားပြီလို့ Johns Hopkins ကိုဗစ်သုတေသနစင်တာရဲ့ တနင်္ဂနွေညအထိ စာရင်းမှာ ဖော်ပြပါတယ်။
ကူးစက်မှု ဆိုးရွားနေဆဲ အိန္ဒိယနိုင်ငံမှာတော့ ပြီးခဲ့တဲ့ ၂၄ နာရီအတွင်း ကိုဗစ်ကြောင့် သေဆုံးသူ ၄,၀၀၀ ကျော်နဲ့ ကူးစက်အတည်ပြုလူနာ ၄၀၃,၀၀၀ ကျော် ရှိပါတယ်။ ဒါပေမယ့် တကယ့်လက်တွေ့မှာ ကူးစက်၊ သေဆုံး အရေအတွက်က ဒီထက်များနိုင်တယ်လို့ ကျွမ်းကျင်သူတွေက သုံးသပ်ပါတယ်။
အိန္ဒိယ ကျန်းမာရေးပညာရှင်တွေနဲ့ အတိုက်အခံ နိုင်ငံရေးသမားတွေ တိုက်တွန်းနေပေမယ့် ရောဂါထိန်းချုပ်ရေး တနိုင်ငံလုံး အသွားအလာ ကန့်သတ်မှုကိုတော့ ဝန်ကြီးချုပ် Narendra Modi က မချမှတ်သေးပါဘူး။
ပြည်နယ်တချို့မှာတော့ ပြည်နယ်အစိုးရတွေရဲ့ ကိုယ်ပိုင်အစီအစဉ်နဲ့ ကန့်သတ်မှုတွေ ချမှတ်ထားပါတယ်။ အိန္ဒိယမှာ ခုချိန်ထိ ကိုဗစ်ကူးစက်ခဲ့သူပေါင်း ၂၂ သန်းကျော်နဲ့ သေဆုံးသူ ၂၄၂,၀၀၀ ရှိနေပြီလို့ Johns Hopkins သုတေသနဌာနက ပြောပါတယ်။
အမေရိကန်ပြည်ထောင်စုမှာတော့ ကိုဗစ်ကပ်ရောဂါ တိုက်ဖျက်ရေးမှာ ခက်ခဲတဲ့ အချိန်တွေကို ကျော်လွှားနိုင်ခဲ့ပြီး ပန်းတိုင်ရောက်လုနီးပါး ဖြစ်နေပြီလို့ သမ္မတ အိမ်ဖြူတော်က တနင်္ဂနွေနေ့မှာ ပြောကြားလိုက်ပါတယ်။ အမေရိကန်ပြည်သူတွေကို ကိုဗစ်ကာကွယ်ဆေး အလုံအလောက် ဖြန့်ဝေပေးထားတယ်လို့ အိမ်ဖြူတော်ရဲ့ ကိုဗစ်ထိန်းချုပ်ရေးဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးမှူး Jeffrey Zients က ပြောပါတယ်။
အမေရိကန်ပြည်ထောင်စုမှာ လူဦးရေရဲ့ ၅၈ ရာခိုင်နှုန်းဖြစ်တဲ့ အသက် ၁၈ နှစ်နဲ့အထက် လူ ၁၄၉ သန်း နီးပါးမှာ ကိုဗစ်ကာကွယ်ဆေး ၁ ကြိမ် ထိုးထားပြီးပြီလို့ ဆိုပါတယ်။ ဆေး ၂ ကြိမ်စလုံး ထိုးပြီးသူ ၁၂၃ သန်းနီးပါးရှိတယ်လို့ ကပ်ရောဂါထိန်းချုပ်ရေးဆိုင်ရာ အကြံပေးပညာရှင် Dr. Fauci က ပြောပါတယ်။
လာမယ့် အမေရိကန် လွတ်လပ်ရေးနေ့ ဇူလိုင် ၄ ရက်နေ့ရောက်ရင် လူဦးရေရဲ့ ၇၀ ရာခိုင်နှုန်း ကာကွယ်ဆေးထိုးပြီးသား ဖြစ်လိမ့်မယ်လို့ သမ္မတ ဂျိုးဘိုင်ဒန်က မှန်းထားပါတယ်။ အမေရိကန်မှာတော့ ခုချိန်ထိ ကိုဗစ်ကူးစက်ခဲ့သူပေါင်း ၃၂.၆ သန်းရှိပြီး ကိုဗစ်ကြောင့် သေဆုံးသူ ၅၈၁,၀၀၀ ရှိပါတယ်။
-----------------------
(Unicode)
အိန်ဒိယ ကိုဗဈ အရှိနျမွင့ျဆဲ