သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မင်းတပ်မှာ စစ်တပ်နဲ့ ဒေသခံကာကွယ်ရေးအဖွဲ့ကြား တိုက်ပွဲပြန်ဖြစ်


ချင်းပြည်နယ်ကာကွယ်ရေးတပ်ဖွဲ့၏ အမှတ်တံဆိပ်။ (ဓာတ်ပုံ - Chinland Defense Force)
ချင်းပြည်နယ်ကာကွယ်ရေးတပ်ဖွဲ့၏ အမှတ်တံဆိပ်။ (ဓာတ်ပုံ - Chinland Defense Force)

[Zawgyi/Unicode]

ချင်းပြည်နယ် မင်းတပ်မြို့မှာ စစ်ကောင်စီတပ်တွေနဲ့ ဒေသခံကာကွယ်ရေးအဖွဲ့တွေကြား ပစ်ခတ်မှုတွေ ပြန်ဖြစ်နေပါတယ်။ ဖမ်းဆီးခံထားရတဲ့ ဆန္ဒပြသူတွေ ပြန်လွှတ်ပေးရေး ညှိနှိုင်းမှု ပျက်သွားခဲ့ပြီးနောက် ခုလို နှစ်ဘက် ပြန်တိုက်ခိုက်နေကြတာပါ။ စစ်တပ်ဘက်က လက်နက်ကြီးတွေနဲ့ ပစ်ခတ်တဲ့အတွက် ကာကွယ်ရေးတပ်တွေဘက်မှာ သေဆုံးဒဏ်ရာရသူတွေ ရှိခဲ့ပါတယ်။ ဒီအကြောင်း ဗွီအိုအေသတင်းထောက် ကိုနိုင်ကွန်းအိန်က သတင်းပေးပို့ထားပါတယ်။

ချင်းပြည်နယ် မင်းတပ်မြို့မှာ စစ်တပ်က ဆက်လက်ဖမ်းဆီးထားတဲ့ ဆန္ဒပြသူ ၅ ဦးပြန်လွှတ်ပေးနေရေး ညှိနှိုင်းဆွေးနွေးနေတာ သဘောတူမှုမရဘဲ ပျက်သွားခဲ့ပြီးနောက် မေလ ၁၂ ရက်ညပိုင်းကနေ ဒီနေ့အထိ စစ်တပ်နဲ့ မင်းတပ်ဒေသခံ ကာကွယ်ရေးတပ်တွေကြား အပြန်အလှန် ပစ်ခတ်နေကြပါတယ်။ မင်းတပ်မြို့နား ကျောက်ထုမြို့ကနေ စစ်တပ်ဘက်က လက်နက်ကြီးတွေနဲ့ ပစ်ခတ်တိုက်ခိုက်နေတယ်လို့ ဒေသခံကာကွယ်ရေးတပ် ခေါင်းဆောင်တဦးက ပြောပါတယ်။

"ကျနော်တို့ မနေ့ညကစပြီး တိုက်ပွဲအပြင်းအထန်ဖြစ်ပြီး အခုကျနော်တို့ မင်းတပ်မြို့နဲ့ ၁၈ မိုင်လောက်အကွာမှာ ကျောက်ထုဆိုတဲ့မြို့ အဲဒီမှာ သူကလေတပ်ရှိတယ်။ အမြောက်တပ်ရှိတယ်။ သူတို့ အခုကျနော်တို့ မင်းတပ်ကို မနက် အစောပိုင်းကနေအခုချိန်ထိ အမြောက်တွေတောက်လျှောက်ပစ်နေပြီး သူတို့အစီအစဉ်နဲ့ တက်ဖို့ ကြိုးစားနေတယ်။ ကျနော်တို့ မြို့နဲ့ ၆ မိုင်အကျော်လောက်မှာ သူတို့ မတက်နိုင်အောင် ကျနော်တို့ တိုက်ခိုက်နေတယ်။ ကာကွယ်နေတယ်ပေါ့။ တိုက်ပွဲတော့ပြင်းထန်နေတယ်အခုချိန်မှာ။"

ဒီကနေ့ညနေ ၃ နာရီအချိန်က သူပြောခဲ့တာဖြစ်ပါတယ်။ စစ်တပ်က ကျောက်ထုမြို့မှာ အင်အားဖြည့်ပြီး မင်းတပ်ကို ထိုးစစ်ဆင်ဖို့ ကြိုးစားနေတာကို ကာကွယ်ရေးအဖွဲ့တွေက ခုခံတိုက်ခိုက်နေတယ်လို့ ဆိုပါတယ်။ ညတုန်းကလည်း မင်းတပ်မြို့တွင်းမှာ ပစ်ခတ်တိုက်ခိုက်မှုတွေ ရှိခဲ့တယ်လို့ မင်းတပ်မြို့ခံက ပြောပါတယ်။

"မြို့ထဲမှာကျတော့ ညက ဘဏ်ရုံးမှာ ဘဏ်ရုံးမှာ တနေရာရယ်။ ရဲစခန်းမှာ တနေရာရယ်၊ အဲဒီမှာ ပစ်ခတ်ကြတယ်။"

မနေ့ကနဲ့ ဒီနေ့ အပြန်အလှန်တိုက်ပွဲတွေအတွင်း မင်းတပ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဘက်က သေဆုံး ဒဏ်ရာရတဲ့အခြေအနေကိုလည်း ဆက်ပြောပြပါတယ်။

"ကျနော်တို့ဘက်က လူငယ်တွေ ၆ ယောက်လောက်တော့ ဗုံးဆံမှန်ပြီးတော့ဒဏ်ရာရသွားတယ်။ တယောက်ကတော့ ကျနော်တို့ PDF ဘက်က ကျဆုံးသွားတယ်ပေါ့နော်။ ကျနော်တို့ဘက်က ကားမိုင်းကြောင့် သူတို့ကျဆုံးတဲ့ စစ်သားတွေရှိတယ်။ ကျနော်တို့ ပစ်တာတွေနဲ့ ထိခိုက်တာတွေ ရှိတယ်။ ဒါပေမဲ့ ကျနော်တို့က အတည်ပြု မပြောနိုင်ဘူးပေါ့နော်။"

မင်းတပ်မြို့ထဲမှာ တပ်စွဲထားတဲ့ အမှတ်၂၇၄ တပ်ရင်းအပြင် ကျောက်ထုဘက်က လာတဲ့ စစ်ကူ၊ မတူပီဘက်ကလာတဲ့ စစ်ကူတွေနဲ့ တိုက်ခိုက်မယ့်ပုံရတဲ့အတွက် ခုခံတိုက်သွားရမယ်လို့ ကာကွယ်ရေးတပ်ခေါင်းဆောင်တဦးက ပြောပါတယ်။

"လောလောဆယ် ကျနော်တို့ ဒီဟာတက်မလာနိုင်အောင်ထိန်းချုပ်ထားတယ်။ အနောက်ဘက်စစ်မျက်နှာမှာလည်း ကျနော်တို့နဲ့ မိုင် ၁၀၀ ဝေးတဲ့ မတူပီကနေ ကား ၆ စီးနဲ့ အခုလာနေတယ်။ ဆိုတော့ ကျနော်တို့က နှစ်ဘက်ညှပ်ပြီးမှ အတိုက်ခံရမယ့် အနေအထားရှိတယ်။"

မင်းတပ်မြို့ အနီးဝန်းကျင်ရှိ ရွာတွေက ပြည်သူ့ကာကွယ်ရေးအဖွဲ့တွေကလည်း မင်းတပ်မြို့ ပြည်သူ့ကာကွယ်ရေးအဖွဲ့တွေနဲ့ ပူးပေါင်းအားဖြည့်ထားတယ်လို့ သူက ဆိုပါတယ်။ မင်းတပ်မြို့မှာတော့ သက်ကြီးပိုင်းတွေ၊ အမျိုးသမီး၊ ကလေးသူငယ်တွေ အားလုံးနီးပါး မနေ့ထဲက နေရပ်ကနေ တိမ်းရှောင်သွားခဲ့ကြပါတယ်။

မင်းတပ်မြို့ဘက် ပစ်ခတ်တိုက်ခိုက်မှု အခြေအနေကို သိရှိဖို့ တပ်မတော်ပြောခွင့်ရကို ဆက်သွယ်ခဲ့ပေမဲ့ မရခဲ့ပါဘူး။

မင်းတပ်မှာ ဧပြီလ ၂၄ ရက်နေ့က ဆန္ဒပြသူတချို့ကို စစ်တပ်က ဖမ်းဆီးခဲ့တာကြောင့် စစ်တပ်နဲ့ ဒေသခံကာကွယ်ရေးတပ်တွေ အပြန်အလှန် ပစ်ခတ်မှု စတင်ခဲ့တာပါ။ ဧပြီ ၂၇ ရက်မှာတော့ နှစ်ဘက်ကြား ညှိနှိုင်းမှုတွေ စလုပ်ခဲ့တဲ့အတွက် ပစ်ခတ်တိုက်ခိုက်မှုတွေ ရပ်ခဲ့ပါတယ်။

ဒါပေမဲ့ မင်းတပ်ကာကွယ်ရေးအဖွဲ့တွေဘက်က တောင်းဆိုနေတဲ့သူ ၅ ယောက်ကို စစ်တပ်က ပြန်လွှတ်မပေးတဲ့အတွက် မေလ ၁၂ ရက်နေ့မွန်းလွဲပိုင်းက စပြီး နှစ်ဘက်သဘောတူထားတဲ့ အပစ်ခတ်ရပ်စဲမှု ပျက်ပြယ်သွားခဲ့ပြီး ညပိုင်းမှာ တိုက်ခိုက်မှုတွေ ပြန်လည် ဖြစ်ပွားနေတာဖြစ်ပါတယ်။

မင်းတပ်မှာ ညဦးပိုင်းအထိ ပစ်ခတ်မှုတွေရှိနေခဲ့တယ်လို့ ဗွီအိုအေက သတင်းရပြီး ည ၈ နာရီ မြဝတီသတင်းမှာတော့ မင်းတပ်မှာ စစ်အုပ်ချုပ်ရေး ထုတ်ပြန်တဲ့အကြောင်း ကြေညာသွားပါတယ်။ မင်းတပ်မြို့ဟာ အနောက်မြောက်တိုင်း စစ်ဌာနချုပ် နယ်မြေထဲမှာ ပါတဲ့အတွက် တိုင်းမှူးကို အုပ်ချုပ်ရေးနဲ့ တရားစီရင်ရေးဆိုင်ရာ စစ်အုပ်ချုပ်ရေး (Martial Law) ကို ကျင့်သုံးဖို့ အပ်နှင်းလိုက်တဲ့အကြောင်း မြဝတီကကြေညာသွားတဲ့ စစ်ကောင်စီအမိန့်ထဲမှာ ဖော်ပြထားပါတယ်။

တိုက်ရိုက် လင့်ခ်

[Unicode Version]
















XS
SM
MD
LG