သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မင်းတပ်မှာ နှစ်ဘက်ဆွေးနွေးမှု အဖြေမရသေး


ချင်းပြည်နယ်ကာကွယ်ရေးတပ်ဖွဲ့၏ အမှတ်တံဆိပ်။ (ဓာတ်ပုံ - Facebook)
ချင်းပြည်နယ်ကာကွယ်ရေးတပ်ဖွဲ့၏ အမှတ်တံဆိပ်။ (ဓာတ်ပုံ - Facebook)

[Zawgyi/Unicode]

ချင်းပြည်နယ် မင်းတပ်မြို့မှာ စစ်တပ် ဝင်ရောက် တပ်စွဲမထားရေးပါဝင်တဲ့ ဒေသခံတွေရဲ့ တောင်းဆိုချက်နဲ့ ပတ်သက်လို့ စစ်တပ်နဲ့ ဒေသခံ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေ ဒီနေ့ ထပ်ဆွေးနွေးခဲ့ကြပေမဲ့ တစုံတရာ ရလဒ်မရခဲ့ပါဘူး။ အပြန်အလှန်ပစ်ခတ်မှုတွေ ရပ်သွားတဲ့ မင်းတပ်အခြေအနေနဲ့ ပတ်သက်လို့ စစ်ကောင်စီရဲ့ဒီနေ့ သတင်းစာရှင်းပွဲလည်းမှာ ထည့်သွင်းပြောကြားခဲ့ပါတယ်။ မင်းတပ်ဘက်က သိရတဲ့ နောက်ဆုံးအခြေအနေကို ဗွီအိုအေသတင်းထောက် နိုင်ကွန်းအိန်က သတင်းပေးပို့ထားပါတယ်။

ပစ်ခတ်တိုက်ခတ်မှု ဖြစ်ပွါးခဲ့တဲ့ ချင်းပြည်နယ်၊ မင်းတပ်မြို့မှာ စစ်ကောင်စီတပ်ဖွဲ့တွေနဲ့ မင်းတပ်ပြည်သူ့ ကာကွယ်ရေးအဖွဲ့အကြား ဒီကနေ့မှာလည်း နှစ်ဘက်တာဝန်ရှိသူတွေ တွေ့ဆုံညှိနှိုင်းနေကြတာမှာ ရလဒ်အဖြေမပေါ်ဘူးလို့ မင်းတပ်ပြည်သူ့ ကာကွယ်ရေးတပ်ခေါင်းဆောင်တဦးက ဗွီအိုအေကို ပြောပါတယ်။

"ပြီးသွားပြီ။ ဒါပေမဲ့လို့ ကျနော်တို့ တောင်းဆိုထားတဲ့ဟာကို သူတို့ အထက်အဆင့်ကိုလည်း တင်ပြရဦးမယ်။ ပြီးရင်မနက်ဖြန်မှ ကျနော်တို့ လူငယ်တွေနဲ့ တိုက်ရိုက်ပြန်တွေ့ချင်တယ်တဲ့။ ကျနော်တို့ တောင်းဆိုတဲ့ဟာတွေကို လိုက်လျောတယ်၊ မလိုက်လျောဘူးဆိုတာကို မနက်ဖြန်မှ သိမယ်တဲ့။"

စစ်ကောင်စီတပ်ဖွဲ့တွေနဲ့ တွေ့ဆုံဆွေးနွေးမှုမှာ မင်းတပ်ပြည်သူ့ ကာကွယ်ရေးတပ်ဖွဲ့ဘက်က တောင်းဆိုချက်ကိုတော့ အဖွဲ့တာဝန်ရှိသူက အခုလို ဆက်ပြောပါတယ်။

"မြို့ဝင်၊ မြို့ထွက်ဂိတ်မှာ သူတို့ စစ်သည်မထားဖို့။ အစိုးရ အဆောက်အဦးတွေကနေ သူတို့ ပြန်ဖယ်ပေးဖို့။ ညဧည့်စာရင်း မစစ်ဖို့၊ ပြည်သူတွေ အိမ်ကိုဝင်ပြီး နေ့ခင်းရော၊ ညရောမဝင်ဖို့။ လက်နက်ကိုင်ပြီး ဝင်ခြင်း၊ သွားလာတာ မလုပ်ဖို့၊ ပြီးတော့ စစ်တပ်ကို ကျနော်တို့ အဝင်မခံဘူး။ မြို့ရှောင်လမ်းကနေသူတို့ သွားဖို့၊ ပြီးတော့ ဖမ်းဆီးထားတဲ့ အဖွဲ့တွေကို ချို့ယွင်းချက်မရှိ ပြန်လွှတ်ပေးဖို့၊ သူတို့ တောင်းဆိုတာလည်း မရှိဘူး။ ကျနော်တို့ တင်ပြတာကိုပဲ သူတို့နားထောင်တယ်။

ဒီနေ့ ဆွေးနွေးမှုမှာ မင်းတပ်ပြည်သူ့ ကာကွယ်ရေး အဖွဲ့ခေါင်းဆောင်တွေ မြို့မိ၊ မြို့ဖတွေ ဘာသာရေးခေါင်းဆောင်တွေ၊ စစ်ကောင်စီတပ်ဖွဲ့တွေနဲ့ မြို့နယ်အုပ်ချုပ်ရေးအဖွဲ့တွေပါဝင်ပါတယ်။

ဧပြီလ ၂၆ ရက်နေ့က စစ်တပ်ဘက်က ဖမ်းဆီးသွားတဲ့ ဒေသခံ ကာကွယ်ရေးတပ်ဖွဲ့က လူငယ် ၆ ဦးကို ပြန်လွှတ်ပေးနိုင်ရေးအတွက်လဲ ဒီနေ့ မြို့ခံတွေက တောင်းဆိုခဲ့ကြပါတယ်။ ၂ ဘက်ကြား ဧပြီလ ၂၇ ရက်နေ့က ပထမဆုံး ညှိနှိုင်းဆွေးနွေးခဲ့ကြတာဖြစ်ပြီး ညှိနှိုင်းမှုအရ ဧပြီ ၂၄ ရက်နေ့က စစ်တပ်က ဖမ်းဆီးသွားတဲ့ ဆန္ဒပြ သပိတ်မှောက်လူငယ် ၇ ဦးကို ပြန်လွှတ်ပေးခဲ့ပါတယ်။ မင်းတပ်ပြည်သူ့ ကာကွယ်ရေး အဖွဲ့ဘက်လည်း စစ်တပ်ဖဲ့ွဝင်တချို့ကို ဝိုင်းပတ်ပိတ်ဆို့ထားတာကို ဖယ်ရှားခဲ့ပါတယ်။ ဒါ့အပြင် စစ်ကူလာတဲ့ စစ်တပ်ဘက်က နောက်ဆုတ်သွားဖို့ကိုလည်း သဘောတူညီခဲ့ကြတယ်လို့ မင်းတပ်ပြည်သူ့ ကာကွယ်ရေးအဖွဲ့ တာဝန်ရှိသူတွေကပြောပါတယ်။ ဒီနေ့ တပ်မတော်က လုပ်တဲ့ သတင်းစာရှင်းပွဲမှာ မင်းတပ်မြို့မှာ ဖြစ်ခဲ့တာနဲ့ ပတ်သက်လို့ ခုလိုပြောကြားခဲ့ပါတယ်။

"ဖြစ်စဉ်က ဧပြီ ၂၄ ရက် မနက်ပိုင်းမှာ မင်းတပ်မှာ ဆူပူ အကြမ်းဖက်မှု ဆောင်ရွက်ရာမှာ ဦးဆောင်တဲ့ ပါဝင်သူ ၇ ဦးကို ထိန်းသိမ်းခဲ့တာရှိပါတယ်။ ည ၉ နာရီကျော်လောက်မှာလည်း ကန်ပင်လယ်လမ်းကြောင်းနားကနေ လူ ၃ ဦး ကို တွေ့တဲ့အတွက် လုံခြုံရေးအတွက် စစ်ဆေးရာမှာ လက်လုပ်မိုင်း ၈ လုံးနဲ့ အတူ ဖမ်းဆီးထိန်းသိမ်းခဲ့ပါတယ်။ လုံခြုံရေးအဖွဲ့က အဲဒီ ၃ ဦးကို စခန်းကို အပ်တယ်။ အပ်ပြီး အပြန်မှာ ဘောလုံးကွင်းရှေ့မှာ လုံခြုံရေးအဖွဲ့ကို အကြမ်းဖက်အုပ်စု တစုကနေပြီးတော့ တူမီး သေနတ်တွေနဲ့ ပစ်ခတ်တဲ့အတွက် လုံခြုံရေးအဖွဲ့တွေက ရာဘာကျည် အတောင့် ၂၀ နဲ့ ပြန်လည်ပြီးတော့ ခြိမ်းခြောက် ပစ်ခတ်ခဲ့ရတာတွေ ရှိပါတယ်။ ဧပြီ ၂၆ ရက်နေ့မှာလည်း စစ်ဆင်ရေး တာဝန်လဲလည်ပြီးတော့ မတူပီကနေ ပြန်လာတဲ့ တပ်မတော်စစ်ကြောင်းကို မတူပီနဲ့ မင်းတပ်ကြားမှာ အကြမ်းဖက် အင်အား ၄၀ ဦးက တူမီးသေနတ်တွေ၊ လက်လုပ်မိုင်းတွေနဲ့ လမ်းဘေးဝဲယာကနေ ပစ်ခတ် တိုက်ခိုက်တာတွေရှိပါတယ်။ အဲဒါကြောင့် တပ်မတော်စစ်သားတွေက လက်နက်ငယ်တွေနဲ့ ပြန်လည် ခြိမ်းခြောက်ပြီးတော့ ပစ်ခတ်ခဲ့ရတာတွေလည်းရှိပါတယ်။ အကြမ်းဖက်အဖွဲ့တွေရဲ့ ပစ်ခတ်မှုတွေကြောင့် တပ်မတော်သား ၂ ဦး သေဆုံးခဲ့ပါတယ်။"

ဒေသခံတွေဘက်ကတော့ စစ်သား ၂၀ လောက်အထိ သေဆုံးခဲ့တယ်လို့ ပြောကြပါတယ်။ မင်းတပ်မြို့ကို အင်အားသုံးတိုက်ဖို့ တပ်တွေ စေလွှတ်တယ်ဆိုတာလည်း မဟုတ်ဘူးလို့ ဒီနေ့ သတင်းစာရှင်းပွဲမှာ န.စ.က စစ်ကောင်စီရဲ့ သတင်းထုတ်ပြန်ရေးအဖွဲ့ဝင် ဗိုလ်ကြီးအေးသဇင်မြင့်က ပြောပါတယ်။

ဒီနေ့မှာတော့ မင်းတပ်မြို့အတွင်း ပစ်ခတ်မှုငြိမ်သက်နေပေမဲ့ မြန်မာစစ်တပ်တချို့ မင်းတပ်မြို့နဲ့ ၂ မိုင်အကွာမှာ တပ်ဖွဲ့တခု တပ်စွဲထားသလို ပခုက္ကူမြို့နယ်၊ ကျောက်ထုဘက်မှာလဲ တပ်အင်အားစုနေတာကြောင့် အချိန်မရွေး ပစ်ခတ်မှုဖြစ်လာမှာကို မြို့ခံတွေ စိုးရိမ်နေကြပါတယ်။

"မင်းတပ်က ၂၇၄ တပ်ကတော့ လုံးဝငြိမ်နေတယ်။ ဟိုနေ့က သူတို့ ပြန်ဆုတ်သွားတဲ့ အင်အားတွေကလည်း တချို့ပဲ ပြန်ဆုတ်သွားတာ။ ကျောက်ထု အဲဒီအမြောက်တပ်ထဲမှာ အင်အားအများကြီးထားခဲ့တုန်းပဲ။ ဆွေးနွေးတာက တပိုင်းပေါ့လေ။ သူတို့တက်လာမှာလား၊ ကျနော်တို့ ကိုယ့်ကိုယ်ကို ကာကွယ်ရမှာပဲ။ အဝင်တော့ ခံလို့မရဘူး။"

စစ်တပ်နဲ့ ပစ်ခတ်မှုတွေ ရှိခဲ့တာကြောင့် လက်ရှိ မင်းတပ်မြို့မှာ အမျိုးသမီး ကလေးသူငယ်တွေနဲ့ သက်ကြီးပိုင်းတွေ တဝက်နီးပါး လုံခြုံတဲ့နေရာကို တိမ်းရှောင်နေကြပါတယ်။

တိုက်ရိုက် လင့်ခ်

[Unicode Version]














XS
SM
MD
LG