သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မြန်မာနိုင်ငံအတွက် တရုတ်နဲ့ ရုရှားထုတ် ကိုဗစ်ကာကွယ်ဆေးတွေအပေါ် ကျွမ်းကျင်သူတွေအမြင်


တရုတ်နိုင်ငံထုတ် Sinovac ကိုဗစ်ကာကွယ်ဆေး။ (ဇူလိုင် ၆၊ ၂၀၂၁)
တရုတ်နိုင်ငံထုတ် Sinovac ကိုဗစ်ကာကွယ်ဆေး။ (ဇူလိုင် ၆၊ ၂၀၂၁)

(Zawgyi / Unicode)

ကိုဗစ်ကပ်ရောဂါ ကူးစက်မှုတွေ တိုးလာနေချိန်မှာ မြန်မာနိုင်ငံအတွက် မှာယူထားတဲ့ တရုတ်နဲ့ ရုရှားထုတ် ကာကွယ်ဆေးတွေက ဘယ်လောက်အထိ အထောက်အပံ့ ဖြစ်နိုင်မလဲ ဆိုတဲ့အပေါ် ကျွမ်းကျင်သူတွေကြား အမြင်အမျိုးမျိုး ရှိနေကြပါတယ်။ မြန်မာစစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ကတော့ တနိုင်ငံလုံးက မြို့နယ်ပေါင်း ၃၃၀ အနက် ၂၉၆ မြို့နယ်မှာ ကိုဗစ်ရောဂါပိုး ကူးစက်နေကြောင်း ပြောဆိုထားပြီး ရုရှားနဲ့ တရုတ်နိုင်ငံထုတ် ကာကွယ်ဆေးတွေလည်း မြန်မာနိုင်ငံကို မကြာခင် ရောက်လာတော့မယ်လို့ သောကြာနေ့က နေပြည်တော်မှာ ကျင်းပတဲ့ ကိုဗစ်ရောဂါဆိုင်ရာ ညှိနှိုင်းပွဲမှာ ပြောခဲ့တာပါ။ ကပ်ရောဂါ တတိယလှိုင်းနဲ့ ရင်ဆိုင်ရာမှာ ကာကွယ်ဆေးတွေရဲ့ အခန်းကဏ္ဍနဲ့ ပတ်သက်လို့ ကျန်းမာရေးနဲ့ အားကစားဝန်ကြီးဌာန သတင်းပြန်ကြားရေးအဖွဲ့ဝင် ဒေါက်တာခင်ခင်ကြီး၊ အမေရိကန်ပြည်ထောင်စု နယူးယောက်မြို့ Wyckoff Heights ဆေးရုံက ကူးစက်ရောဂါအထူးကု ဒေါက်တာဇေယျာသက်တို့ကို ကိုဝင်းမင်းက ဆက်သွယ်မေးမြန်း တင်ပြထားပါတယ်။

ဗဟိုကူးစက်ရောဂါတိုက်ဖျက်ရေး ဌာနခွဲ ညွှန်ကြားရေးမှူးဖြစ်တဲ့ ဒေါက်တာခင်ခင်ကြီးက အခုလိုစပြောပါတယ်။

“ဒီလထဲ ဒုတိယပတ်အကုန် တတိယပတ်လောက်မှာ တရုတ်နိုင်ငံက Sinovac ကာကွယ်ဆေး တသန်း ရောက်ဖို့ရှိတယ်။ ဒါ့အပြင် ဒီလထဲမှာပဲ နောက်ထပ် တသန်းလည်း တရုတ်နိုင်ငံက ကာကွယ်ဆေးပဲ ရောက်ရှိနိုင်ဖို့ ရှိပါတယ်။ ရုရှားကလည်း ကာကွယ်ဆေး နှစ်သန်း မှာယူထားပြီး ဖြစ်ပါတယ်။ လောလောဆယ် ရုရှားနိုင်ငံမှာလည်း ရောဂါဖြစ်ပွားမှု လက်ရှိမှာလည်း များနေဆဲ၊ ရုရှားနိုင်ငံမှာလည်း ကာကွယ်ဆေး ထုတ်လုပ်တဲ့အခါမှာလည်း အကန့်အသတ် ရှိပါတယ်။ အဲဒီအခါ နှစ်သန်းထဲက တချို့တော့၊ ပမာဏအနေနဲ့တော့ မများပါဘူး၊ မကြာမီ ရောက်လာဖို့ ရှိပါတယ်။ ရုရှားရဲ့ ကာကွယ်ဆေး ထိရောက်မှုကလည်း Vaccine Efficacy ကလည်း ၉၂ ရာခိုင်နှုန်းလောက် ရှိပါတယ်။ လောလောဆယ်တော့ သူက WHO ရဲ့ အရေးပေါ် အသုံးပြုရမယ့် ဆေးစာရင်းထဲမှာ မပါပေမယ့်လို့ မကြာမီအချိန်အတွင်းမှာ ပါလာနိုင်ဖွယ် ရှိပါတယ်။ လက်ရှိ EU ရဲ့ ကာကွယ်ဆေးထဲမှာ ပါဝင်တဲ့ တရုတ်နိုင်ငံက ကာကွယ်ဆေးတွေသည် အစွမ်းထက်ပါတယ်။”

ဒါပေမယ့် နယူးယောက်မြို့ Wyckoff Heights ဆေးရုံက ဒေါက်တာဇေယျာသက်က အခုလို ပြောဆိုပါတယ်။

“ရုရှား Vaccine က WHO ရဲ့ တရားဝင်သုံးနိုင်ခွင့်ရှိတဲ့ စာရင်းထဲမှာတော့ ထည့်မထားသေးပါဘူး။ ဒါပေမယ့်လည်း သုံးတဲ့နိုင်ငံတွေ ရှိပါတယ်။ အများကြီးတော့လည်း မဟုတ်ပါဘူး။ ကျနော်နားလည်သလောက်ကတော့ ဘရာဇီးလ်မှာ သုံးတယ်၊ အာဂျင်တီးနားမှာ သုံးတယ်။ European Country တခုမှာ သုံးနေတယ်လို့ ပြောတယ်။ လွန်ခဲ့တဲ့ တလအတွင်းမှာ အိန္ဒိယမှာ တော်တော်လေး သုံးခဲ့တယ်။ တခုပဲရှိတာက လက်ရှိ အိန္ဒိယမှာသုံးတဲ့ AstraZeneca နဲ့ Johnson & Johnson ပေါ့၊ သူတို့နဲ့ ပလက်ဖောင်း အတူတူပဲ။ Adenovirus ကို သုံးပြီးတော့ လုပ်ထားတာပေါ့။ Safety အရတော့ Safe ဖြစ်တယ်လို့ ယူဆလို့ရမယ်။ တခုပဲရှိတာက သူက တရားဝင် ကမ္ဘာကို ချပြထားတဲ့ ဒေတာ (အချက်အလက်) တော့ မရှိဘူး။”

ဒီနေရာမှာ လက်ရှိ တကမ္ဘာလုံးကိုရော မြန်မာနိုင်ငံကိုပါ ပျံ့နှံ့နေပြီး ကိုဗစ်လှိုင်းတွေ စထန်လာစေတဲ့ အိန္ဒိယက မျိုးကွဲသစ်အတွက်ရော ဒီကာကွယ်ဆေးတွေ ဘယ်လိုရှိနိုင်ပါလဲလို့ မေးရာမှာ ဒေါက်တာခင်ခင်ကြီးက အခုလိုပြောပါတယ်။

“လက်ရှိ EU ရဲ့ ကာကွယ်ဆေးတွေထဲမှာ ပါဝင်တဲ့ တရုတ်နိုင်ငံက ကာကွယ်ဆေးတွေသည် WHO ရဲ့ ပြောစကားအရ လက်ရှိ Delta ဗိုင်းရပ်စ်ကိုပါ ထိရောက်မှုရှိတယ်လို့ ပြောပါတယ်။ ပြင်းထန်စွာ နာမကျန်းဖြစ်မှု၊ ဆေးရုံတက်ရောက်ရမှုကနေပြီးတော့ ၉၀ ရာခိုင်နှုန်းကျော် ကာကွယ်နိုင်တယ်လို့ ပြောပါတယ်။ ဒီနေရာမှာ ရုရှားက ကာကွယ်ဆေးသည်လည်း အာနိသင်ရှိမှုက ၉၂ ရာခိုင်နှုန်းဆိုတော့ mRNA မှာ Pfizer ၉၅၊ Moderna ၉၄၊ စသဖြင့် ဒီလိုနဲ့ဆိုရင် မတိမ်းမယိမ်းလောက်ရှိနေတဲ့ အနေအထားမှာ ရှိပါတယ်။”

ဒီအပေါ် ဒေါက်တာဇေယျာသက်ကတော့ သံသယအများကြီးရှိတယ်လို့ ရှင်းပြပါတယ်။

“ဒီ Efficacy ကတော့ ဒီ Adenovirus ပလက်ဖောင်း ဖြစ်တဲ့အတွက်ကြောင့် AstraZeneca နဲ့ Johnson & Johnson ကတော့ မြန်မာနိုင်ငံကို မရောက်ဖြစ်လိုက်ပါဘူး။ ဆိုတော့ AstraZeneca အတိုင်းပဲ ရုရှားတွေကတော့၊ ကျနော်ကတော့ ပြောရ နည်းနည်းခက်တယ်ပေါ့ဗျာ၊ တကယ့်ဒေတာ မရှိတော့။ ဒါပေမယ့် သူတို့ပြောတဲ့အရကတော့ ၉၀ ရာခိုင်နှုန်းရှိတယ်လို့ ပြောတယ်။ ကျနော်တော့ သိပ်တော့ မယုံပါဘူး။ ဘာဖြစ်လို့လဲဆိုတော့ Adenovirus ပိုးကြောင့် AstraZeneca မှာက တကယ့်ဒေတာ ရှိပါတယ်။ ၆၀ ရာခိုင်နှုန်း ပတ်ဝန်းကျင်ပါပဲ။ ဒါပေမယ့်လည်း တရားဝင် သူတို့က တကမ္ဘာလုံးကို ချပြပြီးတော့ လက်ခံနိုင်သော ဂျာနယ်တွေ ဘာတွေထဲမှာ တခုမှ မလုပ်ခဲ့ဘူး။ တရုတ် Vaccine တောင်မှ လုပ်ခဲ့တယ်။ ဒါတောင်မှ တရုတ် Vaccine Efficacy က ဒီလောက်ကြီးထိ မဖြစ်လာဘူး။ တရုတ် Vaccine က Spike Protein ကို Targeted လုပ်တာ မဟုတ်တဲ့အတွက်ကြောင့် အခု လောလောလတ်လတ် အင်ဒိုနီးရှားမှာနဲ့တူတယ်၊ One of the Scientists (သိပ္ပံပညာရှင်တယောက်) က ကိုဗစ်ကူးခံသေဆုံးခဲ့ရတယ်ပေါ့နော်၊ ကျနော်တို့ ထင်ရတာတော့ အခုချိန်မှာ Delta လို့ပဲ ထင်ပါတယ်။ သေချာတဲ့တခုက ကျနော်တို့သိတာက AstraZeneca Vaccine က Delta ကို တော်တော်လေးကို Weak ဖြစ်ပါတယ်။ အခု အိန္ဒိယမှာ သူတို့ AstraZeneca ကို ထိုးနေရင်းတန်းလန်းနဲ့ ဒီ Delta ဆိုတဲ့ကောင်က ပေါ်လာပြီးတော့ ဒုက္ခ တော်တော်ကြီးကို ပေးချသွားတာ။ ဆိုတော့ ဒီ ရုရှား Vaccine သည် ဒီ Delta ကို တကယ်ရော Effective ဖြစ်လားဆိုတာ ဒီနေ့ဒီအချိန်ထိ ဘယ်သူမှ မရှိပါဘူး။”

အဲဒီတော့ ဒီတခေါက် ကာကွယ်ဆေးတွေ ရောက်လာရင် ဘယ်လိုဦးစားပေး အစီအစဉ်နဲ့ ထိုးဖို့ရှိတာကိုလည်း ဒေါက်တာခင်ခင်ကြီးက အခုလိုပြောပါတယ်။

“ကာကွယ်ဆေးကို ဘယ်သူတွေ ဦးစားပေး ထိုးနှံမလဲ ဆိုတာကတော့ ဒါကတော့ သေချာ Vaccine Deployment Plan တွေ လုပ်နေပါတယ်။ ဒီနေရာမှာ မနေ့က ကျန်းမာရေးနဲ့ အားကစားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးလည်း ပြောထားပါတယ်။ အသက်ကြီးတဲ့သူတွေ၊ နောက်ခံရောဂါ ရှိတဲ့သူတွေ၊ ဘဏ်လုပ်ငန်းလုပ်တဲ့သူတွေ၊ နောက်တခုက အများနဲ့ဆက်သွယ်ပြီး လုပ်ရတဲ့ ဝန်ဆောင်မှုလုပ်ငန်း လုပ်တဲ့သူတွေ၊ ပုဂ္ဂလိက ကျန်းမာရေးဝန်ထမ်း၊ ပုဂ္ဂလိက ကျန်းမာရေးဌာနမှာ လုပ်နေတဲ့ ကျမတို့ရဲ့ လုပ်ဖော်ကိုင်ဘက်တွေ၊ Volunteer တွေ စသဖြင့် ဒါတွေကို ထိုးပေးဖို့ ဖြစ်ပါတယ်။ ဒီနေရာမှာ ကာကွယ်ဆေး ရရှိပြီဆိုတာနဲ့ အမြန်ဆုံး ထိုးနှံဖို့အတွက် အစီအစဉ်တွေကို သေချာရေးဆွဲပြီး ဆောင်ရွက်လျက်ရှိပါတယ်။”

တကယ်တော့ အခုရောက်မယ့် ကာကွယ်ဆေးတွေက နည်းလွန်းသေးတာမို့ ရောဂါအဖြစ်များလာတဲ့ ပြည်သူတွေကြား ပိုကာကွယ်ဖို့ အရေးကြီးနေပြီး လူစုလူဝေးရှောင်ဖို့ အဓိကနဲ့ ကျန်းမာရေးလုပ်သားတွေ ကိုယ်တိုင်လည်း ကိုယ်စီ ဖုန်းနဲ့ ဖြေကြားပေးတာနဲ့ ဝိုင်းကူပေးတာတွေ လုပ်ဖို့ လိုနေပြီလို့ တိုက်တွန်းမှုတွေ ရှိနေပါတယ်။

တိုက်ရိုက် လင့်ခ်

------------------------

(Unicode)














XS
SM
MD
LG