[[ ZAWGYI ]]
ယူကရိန်းက ခွဲထွက်ဒေသတွေကို အသိအမှတ်ပြုတဲ့အတွက် ရုရှားကို ကန် အရေးယူတော့မည်
ယူကရိန်းအရှေ့ပိုင်းက ရုရှားဘာသာစကားသုံးတဲ့ Donetsk နဲ့ Luhansk ဒေသတွေကို သီးခြားလွတ်လပ်တဲ့ နိုင်ငံတွေ အဖြစ် ရုရှားသမ္မတ Vladimir Putin က ကြေညာလိုက်ပြီး နာရီပိုင်းအတွင်းမှာပဲ အမေရိကန်သမ္မတအိမ်ဖြူက အဲဒီဒေသ ၂ ခု အပေါ် အရေးယူ ဒဏ်ခတ်မှုတွေ ချမှာ ဖြစ်ကြောင်း တနင်္လာနေ့မှာ ပြောကြားလိုက်ပါတယ်။
အခုလို သမ္မတ Putin ကြေညာလိုက်တာကြောင့် ရုရှားသမ္မတဟာ ယူကရိန်းကို ဝင်တိုက်ခိုက်ဖို့ လုပ်နေပြီလို့ အနောက်နိုင်ငံတွေရဲ့ စိုးရိမ်မှုတွေ တိုးလာနေတာပါ။ ရုရှားဘက်က အခုလို လုပ်လာနိုင်တာကို ကြိုမျှော်လင့်ထားပြီး ဖြစ်တာကြောင့် ချက်ချင်းတုန့်ပြန်ဖို့လည်း အသင့်ဖြစ်နေကြောင်း သမ္မတအိမ်ဖြူပြောခွင့်ရ Jan Psaki က ပြောပါတယ်။
သမ္မတဘိုင်ဒန်ဟာ မကြာခင်မှာပဲ သမ္မတအမိန့်တရပ် ထုတ်ပြန်တော့မှာ ဖြစ်ပြီး ဒီအထဲမှာ ယူကရိန်းထဲမှာရှိတဲ့ DNR လို့ခေါ်တဲ့ Donetsk ပြည်သူ့သမ္မတနိုင်ငံနဲ့ LNR လို့ခေါ်တဲ့ Luhansk ပြည်သူ့သမ္မတနိုင်ငံတွေ နဲ့ ကုန်သွယ်ရေးနဲ့ ငွေရေးကြေးရေးအရရော ရင်းနှီးမြှုပ်နှံမှု အသစ်တွေပါ မလုပ်ဖို့ အမေရိကန်နိုင်ငံသားတွေ ကို တားမြစ်မှာ ဖြစ်ပါတယ်။ ဒါ့အပြင် ယူကရိန်းထဲက အဲဒီဒေသတွေမှာ တာဝန်ယူ လုပ်ကိုင်နေသူတိုင်းကိုပါ ဒဏ်ခတ်မှုတွေ ချမှတ်ဖို့ ညွှန်ကြားမှာ ဖြစ်ပါတယ်။
တနင်္လာနေ့မှာ ရုရှားသမ္မတက ဒီနယ်မြေ ၂ ခုဟာ ယူကရိန်းထဲက နယ်မြေတွေမဟုတ်တော့ဘူးလို့ ကြေညာမယ့် အကြောင်း ပြင်သစ်နဲ့ ဂျာမနီခေါင်းဆောင်တွေကို ပြောကြားခဲ့ပါတယ်။ တနင်္လာနေ့ ရုရှားပြည်သူတွေကို မိန့်ခွန်းပြောကြားရာမှာလည်း ရုရှားသမ္မတ က ယူကရိန်းဟာ သမိုင်းကြောင်းအရ ရုရှားရဲ့ အစိတ်အပိုင်း တခုသာ ဖြစ်ကြောင်း ပြောကြားခဲ့တာပါ။
"ယူကရိန်း မှာ ဖြစ်နေတာတွေနဲ့ ဒါတွေဟာ ရုရှားအတွက် ဘာကြောင့် အရေးပါတယ်ဆိုတာပြောပါရစေ။ Donbass ဒေသက အခြေနေဟာ သိပ်ဆိုးလာနေတာ ဖြစ်ပြီး ယူကရိန်းဟာ ရုရှားရဲ့ အိမ်နီးချင်းဖြစ်ရုံသာမက သမိုင်းကြောင်း ယဉ်ကျေးမှုနဲ့ ဘာသာရေးဆိုင်ရာ တသားထည်း ဖြစ်နေတဲ့ ဒေသဖြစ်ကြောင်း ပြောသွားတာပါ။
ယူကရိန်းကနေ ခွဲထွက်ဖို့ ကြိုးစားနေတဲ့ ဒီဒေသ ၂ ခု ကို ရုရှားသမ္မတက အသိမှတ်ပြုလိုက်တာဟာ နိုင်ငံတကာ ဥပဒေကို ဗြောင်ကျကျ ချိုးဖေါက်လိုက်တာ ဖြစ်ကြောင်း အီးယူရဲ့ ဥရောပကော်မရှင်အကြီးအကဲ Ursula von der Leyen နဲ့ ဥရောပကောင်စီ အကြီးအကဲ Charles Michel တို့က ပြောကြားလိုက်ပြီး မကြာခင်မှာပဲ အမေရိကန်ကပါ ပူးပေါင်းပြောဆိုလိုက်ပါတယ်။
တကယ်လို့ ရုရှားက ယူကရိန်းကို ဝင်တိုက်မယ် ဆိုရင် ခုထက် ပိုတုန့်ပြန်ဖို့လည်း အမေရိကန်က ပြင်ထားတယ်လို့ အိမ်ဖြူပြောခွင့်ရ Jan Psaki က ပြောပါတယ်။ နိုင်ငံတကာ လိုက်နာဖို့ ကတိပေးထားတဲ့ ဥပဒေကို အခု ရုရှားက ဗြောင်ကျကျ ချိုးဖေါက်ခဲ့တာနဲ့ ပတ်သက်ပြီး နောက်ဆက်တွဲ အရေးယူမှာတွေကိ မကြာခင်မှာပဲ ကြေညာမှာ ဖြစ်ကြောင်း၊ အမေရိကန်နဲ့ မဟာမိတ်တွေ ပြောထားသလိုပဲ ရုရှားက ယူကရိန်းကို ဝင်တိုက်တာနဲ့ ပြင်းထန်လျှင်မြန်တဲ့ စီးပွါးရေး ဒဏ်ခတ်မှုတွေ ဆက်ပြီး ချမှတ်မှာ ဖြစ်ကြောင်းလည်း ပြောပါတယ်။
= = = = = = = = =
{{ UNICODE }}