Zawgyi/Unicode
တရားမဝင်အုပ်ချုပ်ရေး လို့ပြင်သစ် သုံးနှုန်းတဲ့အပေါ် စစ်ကောင်စီ ပြင်းပြင်းထန်ထန်တုံ့ပြန်
မြန်မာစစ်ကောင်စီကို တရားမဝင်အစိုးရအဖြစ် ရန်ကုန်ပြင်သစ်သံရုံးက ဖေါ်ပြချက်နဲ့ ပတ်သက်ပြီး စိတ်ဆိုးဒေါသထွက်ရကြောင်း နဲ့ ဒါဟာ ၂ နိုင်ငံဆက်ဆံရေးကို ထိခိုက်စေနိုင်ကြောင်း စစ်ကောင်စီက တနင်္လာနေ့မှာ ကြေညာချက် ထုတ်ပြန်သတိပေးလိုက်ပါတယ်။
ဒေါ်အောင်ဆန်းကြည်ရဲ့ NLD ပါတီ လွှတ်တော်အမတ်ဟောင်း ကိုဖြိုးဇေယျာသော်နဲ့ ထင်ရှားတဲ့ ၈၈ ကျောင်းသားခေါင်းဆောင် ကိုဂျင်မီတို့ကို ကွပ်မျက်ဖို့ တရားရုံးအဆင့်ဆင့်အပါအဝင် စစ်ကောင်စီက အတည်ပြုကြောင်း ပြီးခဲ့တဲ့ သီတင်းပတ်ထဲမှာပဲ သတင်းထုတ်ပြန်ခဲ့တာနဲ့ပတ်သက်ပြီး ဒီလို ဆုံးဖြတ်တာဟာ ရက်စက်တဲ့ ဆုံးဖြတ်ချက်ဖြစ်ပြီး လွတ်လပ်ခွင့်အတွက် လှုပ်ရှားကာကွယ်သူတွေ အပေါ် နောက်ထပ် ပစ်မှတ်ထားတဲ့ လုပ်ရပ် ဖြစ်တယ်လို့ ပြင်သစ်သံရုံး ဖေ့စ်ဘုတ်စာမျက်နှာမှာ ဖေါ်ပြခဲ့တာပါ။
ဒီလိုဖေါ်ပြရာမှာ စစ်ကောင်စီကို တရားမဝင်အစိုးရတရပ်အဖြစ် ရည်ညွှန်းဖေါ်ပြထားတာကြောင့် စိတ်ဆိုးဒေါသထွက်ရကြောင်းနဲ့ ပြင်းပြင်းထန်ထန် ကန့်ကွက်ကြောင်း၊ ဒီလိုပြောဆိုချက်ဟာ လက်ရှိ ၂ နိုင်ငံဆက်ဆံရေး အတွက် အနှုတ်လက္ခဏာဆောင်တဲ့ ရိုက်ခတ်မှုတွေ ရှိလာနိုင်ကြောင်း စစ်ကောင်စီ နိုင်ငံခြားရေးရုံးက တနင်္လာနေ့မှာ ကြေညာချက် ထုတ်ပြန်ခဲ့တာ ဖြစ်ပါတယ်။ ဒါ့အပြင် ဒီကိစ္စနဲ့ပတ်သက်ပြီး အမေရိကန်နိုင်ငံခြားရေးဌာနနဲ့ ကုလသမဂ္ဂအတွင်းရေးမှုးချုပ်ရုံး ပြောခွင့်ရတို့ ထုတ်ပြန်တဲ့ ကြေညာချက်တွေဟာလည်း တာဝန်မဲ့ရာကျတဲ့ မဆင်မခြင် ထုတ်ပြန်တဲ့ ကြေညာချက်တွေ ဖြစ်ကြောင်းလည်း တုန့်ပြန်ထားပါတယ်။
သူတို့ကို ကွပ်မျက်ဖို့ စီစဉ်နေတယ်ဆိုတဲ့သတင်းတွေဟာ စစ်ကောင်စီရဲ့ လူ့အခွင့်အရေးနဲ့ တရားဥပဒေစိုးမိုးရေးအပေါ် ဂရုမစိုက်ဘူးဆိုတာ ထပ်မံပြသလိုက်တာဖြစ်တယ်လို့ အမေရိကန်နိုင်ငံခြားရေးဌာနပြောခွင့်ရ Ned Price က Twitter လူမှုကွန်ယက်မှာ တနင်္ဂနွေနေ့က ရေးသားခဲ့သလို ကုလအတွင်းရေးမှုးချုပ်ရုံး ပြောခွင့်ရ Stephane Dujarric ကလည်း ဒါဟာ နိုင်ငံတကာ လူ့အခွင့်အရေး ကြေညာစာတမ်းရဲ့ အပိုဒ် ၃ မှာ ဖော်ပြထားတဲ့ ဘဝရှင်သန်မှု၊ လွတ်လပ်မှုနဲ့ လုံခြုံရေးဆိုင်ရာ အခွင့်အရေးတွေကို ပြောင်ပြောင်တင်းတင်း ချိုးဖောက်တာ ဖြစ်ကြောင်း သောကြာနေ့ သတင်းစာရှင်းလင်းပွဲမှာ ပြောကြားခဲ့တာပါ။ မတရားဖမ်းဆီးထားသူအားလုံးကို ပြန်လွှတ်ပေးဖို့လည်း တောင်းဆိုထားကြတာဖြစ်ပါတယ်။
သေဒဏ်ကွပ်မျက်မယ့် နေ့ကို စစ်ကောင်စီက မကြေညာသေးပါဘူး။ ဒါပေမယ့် မြန်မာနိုင်ငံမှာ သေဒဏ်ပေးကွပ်မျက်မှု မလုပ်တာ ဆယ်စုနှစ်နဲ့ချီ ရှိနေပြီ ဖြစ်ပါတယ်။
#
Unicode