သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဂျပန်ဝန်ကြီးချုပ်ဟောင်း လုပ်ကြံခံရမှုအပေါ် ဂျပန်ရောက်မြန်မာတွေအမြင်


[[ ZAWGYI / UNICODE ]]













တိုက်ရိုက် လင့်ခ်

===================

ZAWGYI

ဂျပန်ဝန်ကြီးချုပ်ဟောင်း လုပ်ကြံခံရမှုအပေါ် ဂျပန်ရောက်မြန်မာတွေအမြင်

မဲဆွယ်စည်းရုံး ဟောပြောနေတုန်း လုပ်ကြံ သတ်ဖြတ်ခံလိုက်ရတဲ့ ဂျပန်ဝန်ကြီးချုပ်ဟောင်း Shinzo Abe (ရှင်ဇို-အာဘဲ့)ဟာ ဂျပန်နိုင်ငံမှာ ထင်ရှားတဲ့ နိုင်ငံရေး ခေါင်းဆောင်တဦး ဖြစ်သလို၊ မြန်မာနိုင်ငံ အပါအဝင် ဒေသတွင်းမှာလည်း လေးစားမှု ရရှိထားသူ တဦးဖြစ်တယ်လို့ ဂျပန်ရောက် မြန်မာနိုင်ငံသားတွေက ပြောပါတယ်။ သူဝန်ကြီးချုပ်အဖြစ် တာဝန်ယူခဲ့စဉ် မြန်မာပြည် ဒီမိုကရေစီ အသွင်ကူးပြောင်းရေး အားပေးခဲ့သူ ဖြစ်တယ်လို့လည်း ပြောကြပါတယ်။ ကိုဉာဏ်ဝင်းအောင်က စုစည်းတင်ပြ ထားပါတယ်။


ဂျပန် နိုင်ငံရေးသမိုင်းမှာ ဝန်ကြီးချုပ်ရာထူးသက်တမ်းအရှည်ကြာဆုံး တာဝန်ယူခဲ့တဲ့ မစ္စတာ ရှင်ဇိုအာဘဲ့ဟာ နိုင်ငံရဲ့အနောက်တောင်ဖက် နာရာမြို့က ရထားဘူတာ တခုနား ၊ ဇူလိုင်(၈)ရက် နေ့လည်ပိုင်း မဲဆွယ်ဟောပြောနေတုန်း သေနတ်သမားတဦးရဲ့ ပစ်ခတ်မှုကြောင့် ဆေးရုံရောက်ပြီးနောက် ကွယ်လွန်သွားခဲ့တာပါ။ ကွယ်လွန်ချိန်မှာ အသက်(၆၇)နှစ် ရှိပါပြီ။

သူကွယ်လွန်သွားတာဟာ ဂျပန်ပြည်သူတွေအတွက်သာမက မြန်မာ့နိုင်ငံရေးအတွက်ပါ ဆုံးရှုံးမှုတခုဖြစ်တယ်လို့ မြန်မာနိုင်ငံသားများအသင်း(ဂျပန်)ရဲ့ ဥက္ကဌဖြစ်သူ ဦးသန်းဆွေက ပြောပါတယ်။

" ရှင်ဇိုအာဘေး လုပ်ကြံခံရတဲ့ ကိစ္စနဲ့ပတ်သက်ပြီးတော့ ဂျပန်ရောက် မြန်မာနိုင်ငံသားတွေကြားမှာ တော်တော်လေးကို ဝမ်းနည်း ကြေကွဲစရာ ဖြစ်ရပ်လို့ပဲ အားလုံးက ပြောကြတယ်။ ရှင်ဇိုအာဘဲ့ ဝန်ကြီးချုပ်ဖြစ်တဲ့ အချိန်မှာ မြန်မာနိုင်ငံမှာလည်း ဒီမိုကရေစီ အကူးအပြောင်းကာလပေါ့ ။ ဦးသိန်းစိန် လက်ထက်ကနေ ၂၀၁၅ ရွေးကောက်ပွဲ အနိုင်ရတဲ့ ဒေါ်အောင်ဆန်းစုကြည်တို့ အာဏာရလာတဲ့ သက်တမ်းမှာ ရှင်ဇိုအာဘဲ့ကလည်း ဝန်ကြီးချုပ်ဖြစ်နေတဲ့ အချိန်ဆိုတော့ မြန်မာ့ဒီမိုကရေစီ အပြောင်းအလဲမှာ ဂျပန်နိုင်ငံက အတော်လေး အကူအညီပေးခဲ့တယ်၊ နောက်တခါ ရှင်ဇိုအာဘေ့ မိန်းမဆိုရင်လည်း မြန်မာနိုင်ငံကို အကူအညီပေးတဲ့အထဲမှာ အတော်လေးကို စိတ်ပါဝင်စားစွာနဲ့ ကူညီခဲ့တာတွေ့ရတယ်။ "

ရှင်ဇို အာဘဲ့ ဂျပန်ဝန်ကြီးချုပ် ဖြစ်နေစဉ်ကာလမှာ မြန်မာနိုင်ငံကို အရှေ့တောင်အာရှ ဒေသထဲက နောက်ဆုံးလက်ကျန် အလားအလာ အကောင်းဆုံးနိုင်ငံအဖြစ် ရှုမြင်ပြီး ၊ ဖွံ့ဖြိုးရေး အစီအစဉ်တွေကို မူဝါဒချမှတ် ကူညီခဲ့တယ်လို့ ဂျပန်နိုင်ငံမှာ နှစ်ပေါင်းများစွာနေလာပြီး သတင်းစာဆရာတဦးလည်းဖြစ်တဲ့ ဦးကျော်ကျော်စိုးက ရှုမြင်ပါတယ်။

" အာဆီယံ ဒေသထဲက နိုင်ငံတခုမှာ ဒီမိုကရေစီ ထွန်းကားလာလို့ရှိရင် ဒေသတွင်းငြိမ်းချမ်းတည်ငြိမ်ရေး ဖွံ့ဖြိုးတိုးတက်ရေး ၊ ဂျပန်နိုင်ငံနဲ့ ဆက်ဆံရေးမှာလည်း အများကြီး အကျိုးဖြစ်ထွန်းလိမ့်မယ်လို့ ယူဆတဲ့ အတွက်ကြောင့် ဂျပန်ဟာ မြန်မာနိုင်ငံမှာ ဒီမိုကရေစီ ပြုပြင်ပြောင်းလဲရေး အောင်မြင်ဖို့အတွက် ဘက်ပေါင်းစုံကနေ အကူအညီပေးခဲ့တယ်။ အဲဒီအချိန်မှာ မစ္စတာ အာဘေ့က ဝန်ကြီးချုပ်ဖြစ်နေတာ။ အဲဒီလိုဆိုတော့ ဂျပန်အစိုးရ မူဝါဒအရော ၊ ဂျပန်နိုင်ငံဆိုင်ရာမူဝါဒ state policy အရပါ မြန်မာကို အကူအညီပေးခဲ့တဲ့ ပုဂ္ဂိုလ်တယောက် ဖြစ်ခဲ့တယ်။ ဒါကြောင့်မို့လို့ မြန်မာပြည်သူတွေ ကြားမှာ ဂျပန်ဝန်ကြီးချုပ်ဟောင်း (ရှင်ဇို-အာဘဲ့)ဟာ မြန်မာပြည်အတွက် တန်ဖိုးရှိတဲ့ ပုဂ္ဂိုလ်တယောက်အဖြစ် မှတ်ယူကြတယ်။ "

ရှင်ဇိုအာဘဲ့ လက်ထက်မှာ မြန်မာပြည် ဒီမိုကရေစီရေးကိုသာမက တိုင်းရင်းသားအရေးအတွက်လည်း လုပ်ဆောင်ခဲ့တာရှိတယ်လို့ ဂျပန်ရောက် တိုင်းရင်းသားများအဖွဲ့ AUN ရဲ့အကြီးအကဲ တဦးဖြစ်သူ မိုင်ကျော်ဦးက ပြောပါတယ်။

" ရှင်ဇိုးအာဘေ့ လက်ထက်မှာပေါ့နော် မှတ်မှတ်ရရကတော့ ဂျပန်ရောက် မြန်မာတွေရော ၊ အခြား နိုင်ငံခြားသားတွေ အားလုံးကိုပေါ့၊ ဒီ ကိုဗစ်ကာလ အရမ်းခက်ခဲနေချိန်မှာ လူတဦးကို ယမ်းငွေ(၁)သိန်းစီ ကူညီခဲ့တာကိုတော့ တကယ် ကျေးဇူးတင်မိပါတယ်။ နောက်တခုက သမ္မတ ဦးသိန်းစိန်နဲ့ ဒေါ်အောင်ဆန်းစုကြည် အပြောင်းအလဲမှာ ODA ချေးငွေ အကြွေးတွေကို လျှော်ပေးလိုက်တာရှိတယ်။ နောက်ထပ် သီးခြား ODA အထောက်အပံ့များစွာလည်း ထပ်ရခဲ့တယ်။ အထူးသဖြင့် မြန်မာနိုင်ငံနဲ့ပတ်သက်ပြီး အထူးသံတမန် ဆာဆာကာဝါကို ခန့်ပြီးတော့မှ တိုင်းရင်းသားတွေနဲ့ အမျိုးသား ပြန်လည်သင့်မြတ်ရေးအတွက် လုပ်ဆောင်ပေးခဲ့တယ်၊ ဒါကြောင့် သူကွယ်သွားတဲ့ အပေါ်မှာ နှမြော တသမိပါတယ်။ "

ကွယ်လွန်သူ ဝန်ကြီးချုပ်ဟောင်းဟာ ဒုတိယကမ္ဘာစစ်နောက်ပိုင်း ဂျပန်နိုင်ငံမှာ အသက်အငယ်ဆုံး ဝန်ကြီးချုပ်အဖြစ် ၂၀၀၆ ခုနှစ်မှာ စတင်တာဝန်ယူခဲ့တာပါ။ ဒါပေမဲ့လည်း အစာအိမ်ရောဂါကြောင့် တနှစ်လောက်နဲ့ အနားယူခဲ့ပါတယ်။ ၅ နှစ်အကြာ တကျော့ပြန် အာဏာရလာချိန်မှာတော့ ပြုပြင်ပြောင်းလဲရေး အစီအစဉ်တွေနဲ့ ၈ နှစ်သက်တမ်း တာဝန်ယူခဲ့တာပါ။ ဂျပန်ဟာ ကမ္ဘာမှာ အရေးပါတဲ့ အခန်းကဏ္ဍက ရှိရမယ်ဆိုပြီး ကာကွယ်ရေး အသုံးစရိတ်တွေကိုလည်း တိုးမြှင့်ခဲ့ပါတယ်။

တရုတ်နိုင်ငံနဲ့ ခပ်တင်းတင်း ဆက်ဆံရေးကိုလည်း အားပေးခဲ့သူပါ။ အမေရိကန်သမ္မတဟောင်း ဒေါ်နယ်ထရန့် နဲ့ ဆက်ဆံရေးမှာလည်း ပါးပါးနပ်နပ် ကိုင်တွယ်နိုင်ခဲ့ပါတယ်။ ၂၀၂၀ ပြည့်နှစ်မှာ ရာထူးက ဆင်းပေးခဲ့ပေမဲ့ အဓိက နိုင်ငံရေးခေါင်းဆောင် တဦးအဖြစ် ဆက်လက် ရပ်တည်နေခဲ့တာ ဖြစ်ပါတယ်။

XS
SM
MD
LG