သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဂျပန်ဝန်ကြီးချုပ်ဟောင်း လုပ်ကြံခံရမှု နိုင်ငံတကာခေါင်းဆောင်များတုံ့ပြန်ချက် 


မဲဆွယ်စည်းရုံးရေးခရီးတခုအတွင်း လုပ်ကြံခံရသူ ဂျပန်ဝန်ကြီးချုပ်ဟောင်း Shinzo Abe 
မဲဆွယ်စည်းရုံးရေးခရီးတခုအတွင်း လုပ်ကြံခံရသူ ဂျပန်ဝန်ကြီးချုပ်ဟောင်း Shinzo Abe 

[[Zawgyi/Unicode]]

ဂျပန်ဝန်ကြီးချုပ်ဟောင်း Shinzo Abe စည်းရုံးမဲဆွယ်ပွဲတခုမှာ သေနတ်နဲ့ပစ်ခတ်ခံရပြီး သေဆုံးသွားခဲ့ပြီးနောက် နိုင်ငံတကာခေါင်းဆောင်တွေ ဝမ်းနည်းစကား ပြောကြားနေကြပါတယ်။ ဝန်ကြီးချုပ်ဟောင်းအသက်ရှင်ဖို့ သူ့ဆုတောင်း မပြည့်ခဲ့ဘူးလို့ လက်ရှိဂျပန်ဝန်ကြီးချုပ် Fumio Kishida ကပြောကြားခဲ့ပြီး ဘယ်လိုမှ ခွင့်မလွှတ်နိုင်တဲ့လုပ်ရပ်ဖြစ်တယ်လို့ ပစ်ခတ်မှုကို အပြစ်တင်ရှုတ်ချပြောခဲ့ပါတယ်။

ဂျပန်ဝန်ကြီးချုပ်ဟောင်း အကြမ်းဖက်ပစ်ခတ်ခံရတဲ့အတွက် တုန်လှုပ် စိတ်မကောင်းဖြစ်ရတယ်လို့ အိမ်ဖြူတော်ကလည်း ထုတ်ပြန်ပါတယ်။ ဂျပန်ကသတင်းတွေကို သမတ္တ Joe Biden ကမပြတ်စောင့်ကြည့်နေပါတယ်လို့ ထုတ်ပြန်ချက်မှာ ပြောထားပါတယ်။ ဒီသတင်းကြောင့် တုန်လှုပ်ရတယ်လို့ အင်ဒိုနီးရှားနိုင်ငံ ဘာလီကျွန်းမှာ G-20 စည်းဝေးပွဲတက်ရောက်နေတဲ့ အမေရိကန်နိုင်ငံခြားရေးဝန်ကြီး Anthony Blinken ကလည်း ပြောကြားခဲ့ပါတယ်။

လုပ်ကြံသတ်ဖြတ်ခံရတဲ့သတင်းဟာ ထိတ်လန့်တုန်လှုပ်စရာကောင်းပြီး အင်မတန်ကို စိတ် ညစ်နွမ်းစရာဖြစ်တယ်လို့ အမေရိကန်နိုင်ငံခြားရေးဝန်ကြီး Anthony Blinken က ပြောကြားခဲ့တာပါ။

ဂျပန်နိုင်ငံခြားရေးဝန်ကြီး Yoshimasa Hayashi၊ တောင်ကိုရီးယားနိုင်ငံခြားရေးဝန်ကြီး Park Jin တို့နဲ့ ၃ ပွင့်ဆိုင် အစည်းအဝေးမှာ ဝန်ကြီး Blinken ကပြောကြားခဲ့တာဖြစ်ပါတယ်။ Mr. Abe ဟာ ခေါင်းဆောင်ကောင်းတဦးဖြစ်သလို သူဝန်ကြီးချုပ်တာဝန် ထမ်းဆောင်နေစဉ် အမေရိကန်နဲ့ ဂျပန်ဆက်ဆံရေး သိပ်ကိုအဆင်ပြေခဲ့တယ်လို့လည်း အမေရိကန်နိုင်ငံခြားရေးဝန်ကြီးက ပြောကြားခဲ့ပါတယ်။

ဂျပန်နိုင်ငံတောင်ပိုင်း Nara မြို့က မီးရထားဘူတာရုံတခုအပြင်မှာ အထက်လွှတ်တော်အမတ်နေရာ ဝင်ပြိုင်မယ့်သူတယောက်အတွက် မဲဆွယ်စည်းရုံးနေစဉ် သေနတ်နဲ့ပစ်ခတ်ခံရပြီး ဆေးရုံမှာ သေဆုံးသွားခဲ့တာဖြစ်ပါတယ်။ သေနတ်နဲ့ပစ်ခတ်ခဲ့သူဟာ အသက် ၄၁ နှစ်အရွယ် ရေတပ်တပ်ဖွဲ့ဝင်ဟောင်းဖြစ်တယ်လို့ ဂျပန်ကလာတဲ့သတင်းတွေမှာ ဖော်ပြကြပါတယ်။

ဂျပန်ဝန်ကြီးချုပ်ဟောင်း Shinzo Abe ကို ပစ်ခတ်လုပ်ကြံသူအဖြစ် သံသယရှိသူတဦးကို ရဲတပ်ဖွဲ့ဝင်တွေက နာရာမြို့ဘူတာရုံတခုမှာ “လက်ရ” ဖမ်းဆီးနေစဉ်။ (ဇူလိုင် ၈၊ ၂၀၂၂)
ဂျပန်ဝန်ကြီးချုပ်ဟောင်း Shinzo Abe ကို ပစ်ခတ်လုပ်ကြံသူအဖြစ် သံသယရှိသူတဦးကို ရဲတပ်ဖွဲ့ဝင်တွေက နာရာမြို့ဘူတာရုံတခုမှာ “လက်ရ” ဖမ်းဆီးနေစဉ်။ (ဇူလိုင် ၈၊ ၂၀၂၂)

အသက် ၆၇ နှစ်အရွယ်မှာ ကွယ်လွန်သွားတဲ့ ဝန်ကြီးချုပ် Abe ဟာ ဂျပန်နိုင်ငံမှာ ဝန်ကြီးချုပ် တာဝန်ကို သက်တမ်းအရှည်ဆုံး ထမ်းဆောင်ခဲ့တဲ့ ခေါင်းဆောင်တယောက်ဖြစ်ပါတယ်။ ၂၀၀၆ ခုနှစ်ကနေ ၂၀၀၇ ခုနှစ်အထိ တကြိမ်၊ ၂၀၁၂ ခုနှစ်ကနေ ၂၀၂၀ ခုနှစ်အထိတကြိမ် ဝန်ကြီးချုပ်တာဝန်ယူခဲ့ပြီး ကျန်းမာရေးကြောင့် ၂၀၂၀ ခုနှစ်မှာ တာဝန်ကနေ အနားယူခဲ့တာဖြစ်ပါတယ်။ ဒါပေမဲ့ သူဟာ နိုင်ငံရေးလောကမှာ တက်ကြွနေဆဲဖြစ်သလို အာဏာရ Liberal Democratic Party ပါတီမှာလည်း သြဇာလွှမ်းညောင်းနေဆဲဖြစ်ပါတယ်။

ဂျပန်မှာ ခေါင်းဆောင်ကောင်းတယောက် ဆုံးရှုံးသွားခဲ့တယ်လို့ ပြင်သစ်သမ္မတ Emmanuel Macron ကပြောကြားခဲ့ပါတယ်။ ဂျပန်ဝန်ကြီးချုပ်ဟောင်း Shinzo Abe လုပ်ကြံသတ်ဖြတ်ခံရမှုနဲ့ပတ်သက်လို့ မြန်မာနိုင်ငံအနေနဲ့ များစွာအံ့သြတုန်လှုပ်ရတယ်လို့ စစ်ကောင်စီပြောခွင့်ရ ဗိုလ်ချုပ်ဇော်မင်းထွန်းက ပြောကြားခဲ့ပါတယ်။

ဝန်ကြီးချုပ်ဟောင်းရဲ့ မိသားစုနဲ့ ဂျပန်ပြည်သူ တွေအတွက် စိတ်ထိခိုက် ဝမ်းနည်းကြေကွဲရကြောင်း NUG နိုင်ငံခြားရေးဝန်ကြီး ဒေါ်ဇင်မာအောင်ကလည်း ထုတ်ပြန်ခဲ့ပါတယ်။ မြန်မာပြည်သူတွေအတွက် Mr. Abe ကူညီထောက်ပံ့ပေးခဲ့တာတွေအတွက် ဘယ်တော့မှာ မေ့မှာ မဟုတ်ကြောင်းနဲ့ ခုလိုကြေကွဲစရာအချိန်မှာ ဂျပန်ပြည်သူတွေနဲ့အတူ မြန်မာပြည်သူတွေ ရပ်တည်နေပါတယ်လို့ ဒေါ်ဇင်မာအောင်ရဲ့ ထုတ်ပြန်ချက်မှာ ပြောကြားထားပါတယ်။

Mr. Abe ဟာ ၃၆ နှစ်အတွင်း မြန်မာနိုင်ငံကို ပထမဆုံး ဂျပန်ဝန်ကြီးချုပ်တယောက်အနေနဲ့ ၂၀၁၃ ခုနှစ်က တကြိမ်လာရောက်ပြီး သမ္မတဦးသိန်းစိန်နဲ့ တွေ့ဆုံခဲ့သလို ၂၀၁၄ ခုနှစ်က အာဆီယံ ဂျပန်ထိပ်သီးအစည်းအဝေးအတွက် ဒုတိယအကြိမ်လာရောက်ခဲ့ဖူးပါတယ်။ NLD အစိုးရသမ္မတဟောင်း ဦးထင်ကျော်၊ နိုင်ငံတော်အတိုင်ပင်ခံ ဒေါ်အောင်ဆန်းစုကြည်တို့ရဲ့ သီးခြားဂျပန်ခရီးစဉ်တွေမှာလည်း ဝန်ကြီးချုပ်ဟောင်း Shinzo Abe နဲ့တွေ့ဆုံဆွေးနွေးခဲ့ကြပါတယ်။

Mr. Abe ရဲ့ ဇနီးဟာလည်း ပရဟိတလုပ်ငန်းတွေအတွက် မြန်မာနိုင်ငံကို တကြိမ်မက လာရောက်ခဲ့ဖူးပါတယ်။

ဝန်ကြီးချုပ်ဟောင်း Shinzo Abe လုပ်ကြံခံခဲ့ရတဲ့နေရာမှာ ဝမ်းနည်းခြင်းအထိမ်းအမှတ် ပန်းပွင့်များနဲ့အတူ လာရောက်ဂါရဝပြုသူ ပြည်သူများ။ (ဇူလိုင် ၈၊ ၂၀၂၂)
ဝန်ကြီးချုပ်ဟောင်း Shinzo Abe လုပ်ကြံခံခဲ့ရတဲ့နေရာမှာ ဝမ်းနည်းခြင်းအထိမ်းအမှတ် ပန်းပွင့်များနဲ့အတူ လာရောက်ဂါရဝပြုသူ ပြည်သူများ။ (ဇူလိုင် ၈၊ ၂၀၂၂)
တိုက်ရိုက် လင့်ခ်

===================

[[Unicode]]













ဂျပန်ဝန်ကြီးချုပ်ဟောင်းလုပ်ကြံခံခဲ့ချိန် မြင်ကွင်း
please wait

No media source currently available

0:00 0:01:21 0:00

XS
SM
MD
LG