သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဂန့်ဂေါမြို့နယ် စစ်ရှောင်ဒုက္ခသည်တွေ အရေးပေါ်အကူအညီလို


စစ်ပြေးဒုက္ခသည် မိသားစုများ
စစ်ပြေးဒုက္ခသည် မိသားစုများ

ဂန့်ဂေါမြို့နယ် နှမ်းခါးကျေးရွာက ဒေသခံ ၂ ထောင်လောက်ဟာ စစ်ဘေးရှောင်နေရတာအချိန်ကြာမြင့်ပြီး မိုးတွင်းကာလ ဖြစ်တဲ့အတွက် နာမကျန်းတဲ့သူတွေ များလာတယ်လို့ ကူညီပေးနေသူတွေက ပြောပါတယ်။ ဒီပဲယင်းဘက်မှာလည်း စစ်ကောင်စီက နယ်မြေရှင်းလင်းရေးလုပ်နေလို့ ထောင်နဲ့ချီတဲ့ ဒေသခံတွေ တိမ်းရှောင်နေရပါတယ်။

Zawgyi/ Unicode

ဂန့်ဂေါမြို့နယ် စစ်ရှောင်ဒုက္ခသည်တွေ အရေးပေါ်အကူအညီလို

မကွေးတိုင်းဒေသကြီး ဂန့်ဂေါမြို့နယ် နှမ်းခါးကျေးရွာက ဒေသခံ ၂ ထောင်လောက်ဟာ တောတောင်တွေထဲ စစ်ဘေးရှောင်နေရတာ အချိန်ကြာမြင့်လာပြီး မိုးတွင်းကာလ ရောက်လာပြီဖြစ်တဲ့အတွက် နာမကျန်းတဲ့သူတွေ များလာတယ်လို့ စစ်ဘေးရှောင်တွေကို ကူညီပေးနေသူတွေက ပြောပါတယ်။ စစ်ကိုင်းတိုင်း ဒီပဲယင်းဘက်မှာလည်း စစ်ကောင်စီက နယ်မြေရှင်းလင်းတာတွေလုပ်နေလို့ ထောင်နဲ့ချီတဲ့ ဒေသခံတွေဟာ ဘေးလွတ်ရာ တိမ်းရှောင်နေရပါတယ်။ ရန်ကုန်က ပေးပို့လာတဲ့သတင်းကို -နန်းလောင် ကပြောပြပါမယ်။

မကွေးတိုင်းဒေသကြီး ဂန့်ဂေါမြို့နယ်ထဲက လူဦးရေ ၄ ထောင်နီးပါးရှိတဲ့ နှမ်းခါးရွာဟာ စစ်ကောင်စီရဲ့နယ်မြေရှင်းလင်းမှုတွေမကြာခဏ ခံရတဲ့ ကျေးရွာကြီးဖြစ်ပါတယ်။ စစ်ကောင်စီရဲ့ နယ်မြေရှင်းလင်းတာတွေကြောင့် ဒေသခံ ၂ ထောင်လောက်ဟာ နေထိုင်ရာအိမ်တွေကနေစွန့်ခွါပြီး အနီးနားက တောတောင်တွေထဲမှာပဲ ပုန်းရှောင်ရင်း နေထိုင်လာတာ ၇ လ နီးပါး ကြာမြင့်လာပြီဖြစ်ပါတယ်။ တောတောင်တွေထဲ နေထိုင်လာတာ ကြာမြင့်လာပြီဖြစ်တဲ့အတွက် ဖျားနာသူတွေရှိတာပါ။

ရာသီဥတုအကူးအပြောင်းနဲ့ မသန့်ရှင်းတဲ့ရေတွေသောက်သုံးမိတဲ့အတွက်ကြောင့် ဖျားနာတာတွေဖြစ်လာတာလို့ စစ်ဘေးရှောင်တွေကို ကူညီပေးနေသူတဦးက အခုလိုပြောပါတယ်။

“စစ်ဘေးရှောင်တွေက တအားတွေအဖျားအနာတွေအရမ်းပေါနေတာ။ တုပ်ကွေးတွေလိုပုံစံ။ ဖျားတာတွေအရမ်းပေါတာ တုပ်ကွေးပုံစံလို ညောင်းတာကိုက်တာ။ ရာသီဥတု အကူးအပြောင်းဆိုတော့ တောထဲမှာနေတော့ ရေမသန့်တာတွေခင်ဗျ။ လူဦးရေက ရာဂဏန်းလောက်ရှိမယ်။ ဆေးကတော့ လုံလောက်မှုမရှိဘူး။ ဆေးဝါးက ဒီဘက်က သယ်ရတာလည်း ခက်ခဲတယ်။ ရှိတဲ့ဆေးဝါးပဲ ဒီဘက်က လုပ်ရတာခင်ဗျ။ အဖျားက တအားကြီးတော့ အဖျားမပြတ်တော့ဘူး။ ၂ ရက် ၃ ရက်လောက် သက်သာလာလိုက် ပြန်ဖျားလိုက်နဲ့ အဲ့လိုတွေဖြစ်တာ သေဆုံးတာတွေတော့ မရှိသေးဘူး။ တအားဆိုးရွားတာတွေတော့ရှိတယ်။ ဆေးရုံဆေးခန်းတွေပို့ထားတယ်။ ဒါပေမယ့် ပေါ်ပေါ်ထင်ထင်ကြီး ပို့လို့မရဘူး။ တိုးတိုးတိတ်တိတ်ပဲ ပို့လို့ရတယ်။ ဒီနေ့လို အခါကြီးရက်ကြီးမျိုးတွေ ဘုန်းကြီးကျောင်း ခဏလေးလာပြီး တောတောင်တွေထဲပဲ နေကြတော့တာ။ လာလည်းပြေးလွှားရတာဆိုတော့ သက်ကြီးပိုင်းတွေက မလွယ်ဘူးလေ။ တောတောင်ထဲမှာပဲ နေကြတော့တယ်ခင်ဗျ။”

နှမ်းခါးကျေးရွာဟာ အိမ်ခြေ ၁ ထောင်နီးပါးရှိတဲ့ ကျေးရွာကြီးဖြစ်ပြီး စစ်ကောင်စီက လေကြောင်းကနေပါ ပစ်ခတ်ပြီး နယ်မြေရှင်းလင်းတာတွေ အထိလုပ်ခံခဲ့ရတဲ့ ကျေးရွာတရွာဖြစ်ပါတယ်။ အရင်ကလည်း တောတောင်တွေထဲ တိမ်းရှောင်ရင်း ဆေးဝါးပြတ်လပ်တာကြောင့် အသက်ကြီးပိုင်းတွေ သေဆုံးတာတွေလည်းရှိခဲ့ပါတယ်။ ဒါက မကွေးတိုင်းက အခြေအနေပါ။

စစ်ကိုင်းတိုင်း ဒီပဲယင်းမြို့နယ်ထဲမှာဆိုရင်လည်း စစ်ကောင်စီက ဇူလိုင် ၇ ရက်က စလို့ လေကြောင်းကနေ ရဟတ်ယာဉ်တွေနဲ့ အင်အားဖြည့်တင်းပြီး နယ်မြေရှင်းလင်းတာတွေ လုပ်နေတာကြောင့် ထောင်နဲ့ချီတဲ့ ဒေသခံတွေ ထွက်ပြေးတိမ်းရှောင်နေရတယ်လို့ စစ်ဘေးရှောင်တွေကို ကူညီနေသူတဦးက ပြောပါတယ်။

“၇ ရက်နေ့လည် ၁၀ နာရီ ၁၁ လောက် လေယာဉ်နဲ့လာချတယ်။ လေယာဉ် ၃ စီးနဲ့ ၂ ခေါက်လာချပြီးတော့ အဲ့ကနေ ဆပ်ပြာကျင်း ဘုတ်ရွာ ကျွန်းတောလေး ကျွန်းတောကြီးပေါ့ အဲ့ကနေ ဆပ်ပြာကျင်း အဲ့ကနေ အင်ဘုတ်ကိုဝင်အဲ့ကနေ ဘုတ်ရွာကိုဝင်ပြီး အုန်းတင်ကနေ မကျဉ်းဆောက် ကျေးရွာ ၇ ရွာနီးပါးလောက် ရှိမယ်။ လူဦးရေက ၂ ထောင်မကဘူးဗျ။ လူဦးရေက ၃ ထောင်ကျော်လောက်ရှိမယ် အခုပြေးနေရတာ။ တွက်မယ်ဆို ၇ ရက်နေ့ကတည်းက တွက်မယ်ဆို လူဦးရေက သောင်းကျော်တယ်။ တချို့ကလည်း သူတို့ရွာနား မရှိကြတော့ဘူးဆိုတော့ ပြန်ဝင်ကြတဲ့ အခါကျတော့ နဘဲလှ ကြက်ခတ် မကျဉ်းဆောက်တို့က သူတို့က ရွာပြန်ရောက်သွားကြပြီ သူတို့ရွာသူတို့ စစ်ကြောင်းကလည်း အဲ့ဘက်မရှိတော့ဘူးဆိုတော့ ဒီဘက်က ပြည်သူတွေရှောင်ရတာပေါ့။ ဒီဘက်ဆိုတာ ဒီပဲယင်းအရှေ့ခြမ်းခေါ်မှာပေါ့။ အရင်က ဒီပဲယင်းအနောက်ခြမ်းကို လေယာဉ်တွေနဲ့ချတယ်။ အခုအရှေ့ခြမ်းရောက်သွားပြီ။”

ဇူလိုင် ၇ ရက်ကစပြီး စစ်ကောင်စီက နယ်မြေရှင်းလင်းနေတာ ဇူလိုင် ၁၂ ရက်ဆိုရင် ၅ ရက်ရှိပြီဖြစ်ပါတယ်။ အဲ့ဒီ ၅ ရက်အတွင်း နေအိမ် အလုံး ၃၀ နီးပါး မီးရှို့ခံရတယ်လို့ ဒေသခံတွေကပြောပါတယ်။ လက်ရှိအချိန်ထိ စစ်ကိုင်းတိုင်းကို အင်တာနက်ဖြတ်တောက်ထားတဲ့အတွက် အခက်အခဲတွေရှိနေပြီး စစ်ဘေးရှောင်တွေမှာ တကိုယ်ရည်အသုံးအဆောင်တွေလည်း လိုအပ်နေပါတယ်။

ဒေသခံ ကာကွယ်ရေးအဖွဲ့ PDF တွေဟာ ကျေးရွာတွေကို အကာအကွယ်ယူပြီး အကြမ်းဖက်လုပ်ရပ်တွေလုပ်နေတာကြောင့် နယ်မြေရှင်းလင်းနေတာလို့ စစ်ကောင်စီက တုန့်ပြန်ပြောဆိုထားပါတယ်။

##

တိုက်ရိုက် လင့်ခ်

Unicode











XS
SM
MD
LG