ကျောက်ဖြူ စနဲ ဒေသခံ (၈) ဦး စစ်ကောင်စီ ဖမ်းဆီး
{{Zawgyi/Unicode}}
ရခိုင်ပြည်နယ် တောင်ပိုင်း ကျောက်ဖြူခရိုင် စနဲမြို့ ရဲစခန်းမှူးကို ရခိုင်လက်နက်ကိုင်AAအဖွဲ့ဖက်က ဖမ်းဆီးသွားပြီးနောက် စနဲမြို့ ဒေသခံ ၈ ဦးကိုလည်း စစ်ကောင်စီက ဖမ်းဆီးသွားတယ်လို့ ဒေသခံ တွေ ကပြောပါတယ်။ လက်ရှိမှာတော့ စနဲမြို့တခုလုံး မှာ လမ်းသွားလမ်းလာ တွေလည်း မရှိသလို ဈေးဆိုင်တွေအကုန်လုံးကို ပိတ်ထားကြတယ်လို့လည်း ဒေသခံတွေက ပြော ဆိုကြပါတယ်။ ဒီအကြာင်းအပြည့်အစုံကိုတော့ ရန်ကုန်ကလာတဲ့ သတင်းကို ကိုခင်မောင်စိုးမင်း က တင်ပြ ပေးပါမယ်။
ရခိုင်ပြည်နယ် ကျောက်ဖြူခရိုင် စနဲမြို့မှာ တနင်္ဂနွေနေ့ မနက်ပိုင်းက အရပ်ဝတ်နဲ့ ဈေးလာဝယ်တဲ့ စခန်းမှူးကို ရခိုင်လက်နက်ကိုင်AAအဖွဲ့က ဖမ်းဆီးသွားတယ်လို့ ဒေသခံတွေက ပြောဆိုကြပါတယ်။ အဲဒီနောက် စနဲ့မြို့ပေါ်နဲ့ အနီးရှိ ကျေးရွာတချို့ကို စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ ရောက်လာပြီး ဒေသခံတချို့ကို ဖမ်းဆီးစစ်းဆေးခဲ့ကြပါတယ်။
ဖမ်းဆီးစစ်ဆေးခံရသူတွေထဲက တချို့ကို ပြန်လွတ်ပေးခဲ့ပေမယ့် အမျိုးသမီး၄ ဦးအပါအဝင် ဒေသခံ ၈ ဦးကို စစ်ကောင်စီက လွှတ်မပေးပဲ ကျောက်ဖြူမြို့ကို ခေါ်ဆောင်သွားတယ်လို့ စနဲ မြို့ ခံတဦးကပြောပါတယ်။
“ လက်ရှိတော့ ၈ယောက် အဖမ်းခံရပြီး ကျောက်ဖြူကို ခေါ်သွားတယ်လို့ ကြားတယ်၊ ကျန် တဲ့သူတွေကိုတော့ စစ်ဆေးပြီးတော့ ပြန်လွှတ်လိုက်တယ်လို့ကြားတယ်။ အခုအဖမ်းခံထားရတဲ့ ၈ယောက်ထဲမှာ ကန်ပြင်ရပ်ကွက်က အမျိုးသမီးလေးယောက်နဲ့ တခြားရပ်ကွက်တွေက အမျိုးသား ၄ယောက် ပါတယ်။အဲဒီထဲ စာရေးတယောက်ပါ သွားလို့ကြားတယ် ရယက စာရေးပေါ့။ အမျိုသမီးထဲမှာလည်း အဝေးသင်တက်နေတဲ့ ကျောင်းသူလေး တဦးပါ သွားတယ်လို့ ကြားပါတယ်။”
အခုလို အပြန်အလှန် ဖမ်းဆီးမှုတွေရှိနေတဲ့ စနဲမြို့ပေါ်မှာ ဈေးဆိုင်တွေကိုလည်း ပိတ်ထားသလို မြို့ပေါ်ရပ်ကွက်တွေမှာလည်း လမ်းသွားလမ်းလာတွေ မရှိသလောက် နည်းပါးနေ တယ်လို့ စနဲဒေသခံ အမျိုးသမီးတဦးကပြောပါတယ်။
“ အခြေအနေကတော့ အကုန် တိတ်ဆိတ်နေတယ်။ ကိုဗစ်ကာလတုန်းက Lockdown ချထားသလိုဖြစ်နေတယ်၊ ဒေသခံတွေလည်း တောတွေတောင်တွေ မသွားရဲကြတော့ ဘူးပေါ့နော်၊ တချို့ကျတော့လည်း ကိုယ့်အိမ်မှာပဲ ကိုနေကြတယ်၊ကျောင်းကတော့ ပုံမှန်ဖွင့်တယ်၊ ကျောင်းမိဘတွေက စိုးရိမ်တော့ ကျောင်းသားတွေကို သိပ်မလွတ်ကြဘူး။”
ရခိုင်ပြည်နယ်မှာ ပြီးခဲ့ ဇွန်လကစပြီးတော့ ရခိုင်လက်နက်ကိုင်AAအဖွဲ့နဲ့ စစ်ကောင်စီတပ်ကြား အပြန်အလှန် ဖမ်းဆီးမှုတွေရှိနေတာလည်းဖြစ်ပါတယ်။ လက်ရှိအချိန်ထိ စစ်ကောင်စီတပ်ဖွဲ့ဝင် တချို့နဲ့ ရဲတပ်ဖွဲ့ဝင်တွေ အပါအဝင် စစ်ကောင်စီနဲ့ ဆက်စပ်သူ ၃၀ကျော်ကို ရခိုင်လက်နက်ကိုင် AAအဖွဲ့က ဖမ်းဆီးထားပါတယ်။ အပြန်အလှန်အားဖြင့် စစ်ကောင်စီ ဖက်ကလည်း ရခိုင်လက်နက်ကိုင်AAအဖွဲ့နဲ့ ဆက်စပ်တယ်ဆိုပြီး သံသယနဲ့ ဖမ်းဆီးခံထားရတဲ့ ရခိုင်ဒေသခံ ၄၀ထက်မနည်း ရှိပါတယ်။
ဒါပေမယ့်လည်း ရခိုင်လက်နက်ကိုင်AAအဖွဲ့နဲ့ စစ်ကောင်စီဖက်ကပါ သူတို့ ဖမ်းဆီးထားတဲ့ လူစာရင်းအတိအကျထုတ်ပြန်တော့ မရှိသေးပါဘူး။
ရခိုင်ပြည်နယ်မှာ စစ်ကောင်စီနဲ့ ရခိုင်လက်နက်ကိုင်AAအဖွဲ့ကြား စစ်ရေးတင်းမာနေတာ ကြောင့် ရခိုင်ဒေသခံတွေအနေနဲ့ အရေးကြီးကိစ္စမဟုတ်ရင် ခရီးသွားလာတာတွေ မလုပ်ဖို့ AA အဖွဲ့က သတင်းထုတ်ပြန်ထားပါတယ်။ ဒါအပြင် ရခိုင်လက်နက်ကိုင်AAဖွဲ့နဲ့ ဆက်စပ်တဲ့ သတင်းအချက်အလက်တွေ ဓာတ်ပုံတွေကိုလည်း မိမိတို့ရဲ့ မိုဘိုင်းဖုန်းတွေကနေ ဖျက်ထားဖို့လည်း ပြီးခဲ့တဲ့ ရက်ပိုင်းက AAအဖွဲ့ဖက်က ထုတ်ပြန်သတိပေးခဲ့ပါတယ်။
.......................................
{{Zawgyi/Unicode}}