သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

AA နဲ့ဆက်စပ်ဖမ်းဆီးခံရတချို့ အကျဉ်းထောင်တွင်းရှိနေဆဲ


အင်းစိန်အကျဉ်းထောင်
အင်းစိန်အကျဉ်းထောင်

(Zawgyi/Unicode)

ရခိုင်ပြည်နယ်က အကျဉ်းထောင်တွေမှာ ရခိုင်လက်နက်ကိုင် AAအဖွဲ့နဲ့ ဆက်စပ်တယ်ဆိုပြီး အကြမ်းဖက်တိုက်ဖျက်ရေး ဥပဒေနဲ့ ဖမ်းဆီးခံထားရ သူ ၂၀၀ကျော်အထိရှိနေတာပါ။ အဲဒီထဲကတစ်ချို့ကို ဒီလအတွင်းမှာပဲ ပြန်လွတ်ပေးခဲ့တာ ဖြစ်ပါတယ်။ ဒါပေမယ့်လည်း အများစုကတော့ နှစ်နဲ့ချီပြီး အမှုရင်ဆိုင်နေကြ ရသလို တချို့ဆိုရင် အမှုရင်ဆိုင်နေတာ ၂နှစ် ကျော်ကြာ ပြီဖြစ်ပေမယ့် အခုအချိန်ထိ အမိန့်မချရသေးပါဘူး။ ဒီအကြောင်း ရန်ကုန်ကလာတဲ့သတင်း ကိုသားညွန့်ဦး ပြောပြပါမယ်။

ရခိုင်ပြည်နယ်မှာ ရခိုင်လက်နက်ကိုင် AA အဖွဲ့နဲ့ ဆက်စပ်တယ်ဆိုပြီး အကြမ်းဖက်တိုက် ဖျက်ရေး ဥပဒေနဲ့ ဖမ်းဆီးတရားစွဲဆိုခံထားရ သူ ၂၀၀ကျော်အထိရှိနေပြီး ရခိုင်တောင်ပိုင်း ကျောက်ဖြူမြို့နယ်က အကျဉ်းထောင်မှာ အများဆုံး ဖမ်းဆီးထိန်းသိမ်းခံရတာဖြစ်တယ်လို့ အကြမ်းဖက်တိုက်ဖျက်ရေး ဥပဒေနဲ့ ဖမ်းဆီးခံထားရသူတွေကို စာရင်းကောက်ယူနေတဲ့ စာရေးဆရာ ဝေဟင်အောင်က ပြောပါတယ်။

“ လက်ရှိ ကျနော်တို့ ကောက်ယူထားတဲ့ စာရင်းတွေအရ ၂၀၁ ယောက်ရှိတယ်ဗျာ။ အဲဒီထဲက ဒီလ ၉ ရက်နေ့က ၁၆ ယောက်ပြန်လွတ်တယ်။ မနေ့က ၁၆ယောက်ပြန်လွတ်တယ်။ စုစုပေါင်း ဒီကြားထဲမှာ လွတ်တာကတော့ ၃၂ ယောက်ပဲရှိတယ်။ ကျန်တာက လူပေါင်း တရာကျော် လောက် ကျန်နေသေးတယ်ခင်မျာ။ လက်ရှိကတော့ ကျနော်တို့ ကောက်ယူထားတဲ့ စာရင်းအရ ကျောက်ဖြူမြို့နယ်က အများဆုံးဖြစ်နေတယ်။ အဲဒီမှာ ကျတေနာ်တို့ စာရင်းကောက်တဲ့အချိန် ကုန်ခဲ့တဲ့ လ ၂၆ လောက်က ကျောက်ဖြူထောင်မှာပဲ လူက ၇၆ယောက်ဖြစ် နေတယ်။ ပြီးခဲ့တဲ့ ရက်ပိုင်းက ၁၆ ယောက်ပြန်လွတ်တယ်ဆိုတော့ ၆၀ လောက်ကျန်နေသေးတယ်။ ”

အခုလိုအကြမ်းဖက်တိုက်ဖျက်ရေးဥပဒေနဲ့ ဖမ်းဆီးခံထားရတဲ့ထဲမှာ လက်ကာကျေးရွာက ကိုခင်မောင်စိုးတစ်ယောက်လည်း ပါဝင်ပြီး အမှုရင်ဆိုင်နေရတာ သုံးနှစ်နီးပါးရှိနေပေမယ့် အခုအချိန်ထိ အမိန့်ချမှတ်တာလည်း မရှိသလို ပြန်လွတ်ပေးတာလည်း မရှိသေးဘူးလို့ ဇနီးဖြစ်သူ မသိန်းယဉ်က ပြောပါတယ်။

“ ကျမယောကျာ်းကို ဖမ်းထားတာကပေါ့နော် ၂၀၁၉ ခုနှစ်ကတည်း ကဖမ်းထားတာပေါ့နော်။ အခုဆိုရင် သုံးနှစ် ပြည့်ခါနီးနေပါပြီ။ အမှုအခြေအနေကတော့ သူတို့က အမှုစစ်ဆေးလို့ပြီး နေပါပြီ။ ဒါပေမယ့် သူတို့က ပြန်လု့ိလည်း မလွတ်ဘူး အမိန့်လည်း မချဘူးပေါ့နော်။ မိသားစုဝင်တွေကလည်း ဘာမှ မတတ်နိုင်တော့ဘူး။ သူတို့ဆီကိုလည်းမသွားနိုင်တော့ဘူး သူတို့ နေကောင်းလား ၊ဘာလားဆိုတာကိုလည်း ကျမတို့မသိဘူး။ လမ်းစရိတ်လည်း မရှိဘူး။ ကျမတို့က ဒီမှာ စားစရာလည်း မရှိ၊ အခက်အခဲတွေ တအားများနေတယ်။ ကျမ ယောကျာ်းက ဘာမှ AA နဲ့ ပတ်သတ်တာမရှိပါဘူး။ ကျမတို့က ရွာသားတွေပါ။ သူတို့အတွက် ကျမ အာမခံပြီး ပြောရဲပါတယ်။ သူတို့က အဲလိုမျိုးမတရား ဖမ်းဆီးခံထားရတာပါ။”

ကိုခင်မောင်စိုးကို ပြီးခဲ့တဲ့ ၂၀၁၉ခုနှစ်က လက်ကာကျေးရွာမှာ ဖမ်းဆီးခံခဲ့ရတာဖြစ်ပြီး စစ်တွေမြို့နယ်မှာ တရားရင်ဆိုင်နေရတာလည်း ဖြစ်ပါတယ်။

လက်ရှိရခိုင်ပြည်နယ်မှာ အကြမ်းဖက်တိုက်ဖျက်ရေးဥပဒေတွေနဲ့ ဖမ်းဆီးခံထားရသူတွေနဲ့ ပတ်သတ်ပြီး အမှုကြန့်ကြာနေတဲ့ဟာ မိသားစုဝင်တွေအတွက် ငွေကုန်ကြေးကျများသလို ဖမ်းဆီးခံရသူအတွက်လည်း နစ်နာမှုတွေ ရှိနေတယ်လို့ ရခိုင်အရေးတက်ကြွလှုပ်ရှားသူတွေ ကကြား ဝေဖန်မှုတွေလည်း ရှိနေတာပါ။

ရခိုင်ပြည်နယ်က အကြမ်းဖက်တိုက်ဖျက်ရေး ဥပဒေတွေနဲ့ တရားစွဲဆိုခံထားရတဲ့ အမှု တစ်ချို့ကို လိုက်ပါဆောင်ရွက်နေတဲ့ တရားလွတ်တော်ရှေ့နေ ဦးကျော်ညွန့် မောင်ကတော့ အမှုတွေကြန့်ကြာနေတာနဲ့ ပတ်သတ်ပြီး အခုလိုရှင်းပြပါတယ်။

“ ဘာကြောင့်ကြာနေရတာလည်းဆိုတော့ ကိုဗစ်ပထမလှိုင်းမှာ တရားခံတွေကို ရုံးမထုတ်တော့ဘူး။ အဲလို ကိုဗစ်တစ်ချက်ကြာတယ်။ အဲဒီ ကိုဗစ်နောက်ပိုင်းမှာ အမှုတွေ ရုံးကိုတက်ပြီးတော့ စစ်တဲ့အခါမှာ တရားရုံးက အပေါ်က ညွန်ကြားတယ်ဆိုပြီးတော့ ကျနော်တို့ အမှုတွေကို နေပြီးတော့ ဆိုင်းငံ့ထားတယ်ဗျာ။ အမိန့်ချမယ့်ဟာတွေကို အမိန့်မချနဲ့ ဆိုင်းငံ့ထားးပါဆိုလို့ ကျနော်တို့ အမှုတွေကို ဆိုင်းငံ့ထားရတယ်။ အဲတာက တစ်ချက်။ အခုကိုဗစ်ဒုတိယလှိုင်း လာပြန်တော့လည်း တရားခံတွေကို ရုံးမထုတ်ပဲနဲ့ ကျနော်တို့ တရားရုံးတွေကို ပိတ်ထားရတဲ့ အတွက်ကြောင့် ကြန့်ကြာတယ်ပေါ့နော်။ အဲတာဆိုတော့ ပထမ ကိုဗစ်ရယ် ဒုတိယကိုဗစ်ရယ် နောက်တစ်ခုက အပေါ်က အမှုတွေကို အမိန့်မချနဲ့ ဆိုင်းငံ့ထားပါဆိုလို့ အဲဒီအချက် သုံးချက်ကြောင့် ကျနော်တို့ အမှုတွေ ကြန့်ကြာနေတာပါ။ ”

ရခိုင်ပြည်နယ်မှာ ရခိုင်လက်နက်ကိုင် AA အဖွဲ့နဲ့ တပ်မတော်တို့ကြား နှစ်နဲ့ချီပြီး တိုက်ပွဲတွေ အပြင်းအထန်ဖြစ်ပွားခဲ့တာပါ။ တိုက်ပွဲအတွင်း အရပ်သားတွေကို စစ်တပ်ဖက်က ဖမ်းဆီးတာတွေ ရှိသလို AAအဖွဲ့ဖက်ကလည်း စစ်တပ်နဲ့ စပ်ဆက်သူတွေ ဌာနဆိုင်ရာဝန်ထမ်းတွေကို ဖမ်းဆီးစစ်ထားတွေ ရှိခဲ့ပါတယ်။

လက်ရှိမှာတော့ ရခိုင်လက်နက်ကိုင် AA အဖွဲ့နဲ့ စစ်တပ်တို့ကြား တိုက်ပွဲတွေရပ် တန့်ထားတာ တနှစ်နီးပါးရှိလာပြီးဖြစ်သလို တပ်မတော်က အာဏာသိမ်းပြီးနောက်ပိုင်း ရခိုင်ပြည်နယ်က အကြမ်းဖက်တိုက်ဖျက်ရေး ဥပဒေပုဒ်မတွေနဲ့ တရားစွဲဆိုထားသူတွေကို ပြန်လည်လွတ်ပေးတာတွေ ရှိခဲ့ပြီး AAအဖွဲ့ဖက်ကလည်း သူတို့ဖမ်းဆီးထားတဲ့ စစ်ဖက်ဆိုင်ရာ တာဝန်ရှိသူတွေ၊ စစ်သုံ့ပန်းတွေကို ပြန်လည်လွတ်ပေးတာတွေ ရှိနေပါတယ်။

........................................................................................

တိုက်ရိုက် လင့်ခ်



(Unicode)












XS
SM
MD
LG